သတင်း

ကချင်ဒေသ တစ်ပတ်အတွင်း အကြိမ် ၂၀၀ ကျော်ဗုံးကြဲခံရဟု KIA ဆို

ငလျင်ကြောင့် အပစ်ရပ်ထားသည့် ကာလတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနှင့် လက်နက်ကြီး အသုံးပြုမှု အများအပြား ရှိသည်ဟု ကချင်တပ် KIA က သတင်းထုတ်ပြန်သည်။

ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများအပါအဝင် ဒေသအချို့ကို စစ်ကောင်စီတပ်က  တစ်ပါတ်အတွင်း  အကြိမ် ၂၀၀ ကျော် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ် (KIA) က ဧပြီ ၁၃ ရက်နေ့တွင်   ထုတ်ပြန်သည်။

တိုက်ခိုက်ရေးလေယာဉ်ဖြင့် ၁၁ ကြိမ်၊  Y 12 အမျိုးအစားထောက်ပို့လေယာဉ်ဖြင့် ၁၃၄ ကြိမ်၊ ဒရုန်းဖြင့် ၆၇ ကြိမ်  တိုက်ခိုက်မှုကြောင့် ဒေသခံများနှင့် KIA တပ်ဖွဲ့ဝင်တချို့ ထိခိုက်‌ သေဆုံးသည်ဟု သိရသော်လည်း ထိခိုက်မှု အရေအတွက်ကို  ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။

ထို့အပြင် လက်နက်ကြီးဖြင့်လည်း တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့ ၂၇၄ ကြိမ် ပစ်ခတ်တိုက်ခိုက် ခဲ့သည်ဟု KIA ထုတ်ပြန်ချက်က ဆိုသည်။

KIA ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်တပ်က တုံ့ပြန်ခြင်း မရှိသေးပေ။

ဧပြီ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဖားကန့်မြို့နယ်   လဝါးကျေးရွာအနီးတွင်ရှိသော ခွန်ဆိုင်ယန်ကျေးရွာဝန်းကျင်သို့  စစ်ကောင်စီတပ်နှင့် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA နှင့် နီးစပ်သူ မြေပြင် သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

“လဝါးက သူတို့ စခန်းထိုင်တာကို ဒီဘက်က တွယ်လိုက်တာ (တိုက်ခိုက်လိုက်တာ)၊ ပြီးသွားပြီ၊ အခုက သူတို့က နောက်တစ်ကြိမ် စစ်ကြောင်းပြန်ထိုးလာတာ၊ လဝါး အပေါ်ရော အောက်မှာရော စစ်ကြောင်းရှိတယ်” ဟု အဆိုပါ  အမျိုးသားက ယနေ့ (ဧပြီ ၁၄) တွင် Myanmar Now ကို ပြောသည်။

ယမန်နေ့အထိ လဝါးရွာအနီး   တိုက်ပွဲဆက်ဖြစ်နေကြောင်း၊ ယနေ့နံနက် အခြေအနေကို မသိရသေးကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

ထို့ပြင် ဧပြီ ၁၁ ရက်နေ့လည်း KIA တပ်ရင်း(၂၆) နယ်မြေဖြစ်သည့် အင်းတော်ကြီးဒေသတွင်လည်း စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တို့က ပူးပေါင်းတိုက်ခိုက်လာသည့်အတွက် တိုက်ပွဲဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ဗန်းမော်မြို့တွင်လည်း စစ်ကောင်စီတပ်၏ စခန်းအများစုကို သိမ်းပိုက်ပြီး နောက် အမှဝ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို သိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ခိုက် နေပြီး စစ်တပ်က လေကြောင်းမှ နေ့စဉ်ရက်ဆက် ဗုံးကြဲနေသည်ဟု အထက်ပါမြေပြင် သတင်းရင်းမြစ် အမျိုးသားက ပြောသည်။

“ဗန်းမော်က ဗုံးလာကြဲတယ်၊ ဗုံးကတော့ နေ့တိုင်းကြဲတယ်။ တခြား တအားကြီး ထူးခြားတာတော့မရှိဘူး” ဟု သူက ပြောသည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ဗုံးကြဲတိုက်ခိုက်မှုများအတွက် KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

မတ် ၂၈ ရက်နေ့က စစ်ကိုင်းမြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိသော ငလျင် ကြောင့်‌ သေဆုံးသူ ဦးရေ ၃၀၀၀ ကျော် ရှိလာချိန်တွင် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ KIA နှင့် တော်လှန်ရေးအဖွဲ့များက ထိုးစစ်ရပ်နားကြောင်း ကြေညာခဲ့သလို စစ်ကောင်စီတပ်ကလည်း အလားတူ ကြေညာထားသည်။

စစ်ကောင်စီ၏ထိုးစစ်ရှိလာလျှင်  ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ဧပြီ ၃ ရက်နေ့က ပြောထားသည်။

ယခုနှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေး လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။

ငလျင်ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း များစွာ လုပ်ဆောင်ရန် ကျန်ရှိနေချိန်တွင် စစ်ကောင်စီလေတပ်က အရှိန်မြှင့်ထိုးစစ်ဆင်နေသောကြောင့် စစ်ကိုင်း တိုင်းအတွင်း ထိခိုက်သေဆုံးမှုများ ရှိနေသည်။

မတ် ၂၈ ရက်မှ ယနေ့ ဧပြီ ၁၄ ရက်နံနက်အထိ ၇ ဒသမ ၇ ငလျင်ကြီးအပါအဝင် ငလျင်အကြိမ်ရေ ၁၃၀ ကျော် လှုပ်ခတ်ခဲ့သည်။ 

ထို့ကြောင့်  လူဦးရေ ၆ ဒသမ ၃ သန်းခန့် အရေးပေါ် အကူအညီများနှင့်  ကာကွယ် စောင့်ရှောက်မှုများ လိုအပ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က ယနေ့ ထုတ်ပြန်ထားသည်။

သန့်ရှင်းသော သောက်သုံးရေ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အမိုးအကာ မရှိဘဲ နေထိုင်နေကြရသူ  အများအပြားရှိကာ ပျက်စီးသွားခဲ့သည့် လမ်းများ၊ အခြေခံ အဆောက်အဦများနှင့်  ဆက်သွယ်ရေး စနစ် ချို့ယွင်းမှုများကြောင့်  ငလျင်ဘေးသင့် ပြည်သူများဆီ  အကူအညီများ ရောက်ဖို့ရာလည်း ပိုမို ခက်ခဲလျက်ရှိကြောင်း UNOCHA က ဆိုသည်။ 

ဧပြီ ၈ ရက်နေ့က တွေ့ရသော ငလျင်ဒဏ်သင့်မန္တလေးမြို့တွင်းတစ်နေရာ။ (ဓာတ်ပုံ- Myanmar Now)

Show More

Related Articles

Back to top button