သစ်သားအိမ်တည်ဆောက်သည့်ခေတ်တွင် ငလျင်ဖြစ်လာနိုင်ခြေကို ထည့်တွက်ရန် မလိုသော်လည်း အထပ်မြင့်တိုက် ဆောက်လာကြသည့် ယနေ့ခေတ်တွင် ငလျင်ခံနိုင်ရည်ရှိရန် ဥပဒေအတိုင်း ကြိုတင်ပြင်ဆင်ရမည်ဟု ဗိသုကာပညာရှင်တစ်ဦးက ပြောသည်။
မတ်လ ၂၈ ရက်နေ့အင်အားပြင်းငလျင်ကြောင့် လူပေါင်း ထောင်နှင့်ချီ အသေအပျောက် ရှိနေပြီး အဆောက်အဦး အများအပြား ပျက်စီးမှုနှင့် ဆက်စပ်ပြီး သူက ထိုသို့ မှတ်ချက်ပေးခြင်း ဖြစ်သည်။
၁၉၇၁ ခုနှစ်ကတည်းက ဗိသုကာအလုပ်ကို လုပ်ကိုင်နေသည့် ထိုပညာရှင်အမျိုးသမီးကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် သူက ငလျင်ကြောပေါ်တွင် တည်ဆောက်ထားသည့် စီမံကိန်းများ၊ ငလျင်ဒဏ် ခံနိုင်မည့် တည်ဆောက်ရေးဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ချက်၊ ဆောက်လုပ်ရေးလုပ်ငန်းတွင် ချွေတာရေး ဦးစားပေးမှု၏ရလဒ်၊ နေပြည်တော် တည်ဆောက်ရေး၊ ရန်ကုန်ရှိ ရုရှားသံရုံး တည်ဆောက်ရေးတို့အကြောင်း ပြောပြထားသည်။

မေး ။ ။ မတ်လ ၂၈ ရက်က လှုပ်သွားတဲ့ အင်အားပြင်းငလျင်အပေါ်ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ဒီငလျင်လုပ်တာမှာ လူထုဘက်က လစ်လျူရှုမှု များတယ်လို့ထင်တယ်။ တို့ဗမာရိုးရာအိမ်တွေက သစ်သားအိမ်တွေဆိုတော့ သူတို့ လစ်လျူရှုမှုများတာက အပြစ်ပြောလို့မရဘူး။ ဒီဘက်ခေတ်ကျမှ ကွန်ကရစ်အဆောက်အဦးတွေ ဆောက်လာကြတယ်။ ကွန်ကရစ်အဆောက်အဦးတွေ မဆောက်ခင် ကိုလိုနီခေတ်မှာ အုတ်တိုက်တွေဆောက်လာတယ်။ ဗမာရိုးရာ သစ်သားနဲ့ကို အုတ်နဲ့ဆောက်တာပေါင်းလိုက်တော့ တိုက်ခံအိမ်အဆောက်အဦးတွေဖြစ်လာတယ်။ အဲဒီတုန်းက ၂ ထပ် အဆောက်အဦးတွေဖြစ်တော့ သိပ်တော့ ပြဿနာမရှိဘူး။ အဲဒီတုန်းက နံရံတွေသာ အုတ်ညှပ်ထားပြီး တိုင်တွေကသစ်သားနဲ့၊ အခင်းကလည်း သစ်သားယက်မအခင်းတွေဆိုတော့ ပြုတ်ကျဖို့ သိပ်မလွယ်ဘူး။ ဒါက အစဉ်အလာအားဖြင့် နှစ်ပေါင်း ၁၀၀၀ ကျော်၊ ၂၀၀၀ နီးပါးကို ဒီတိုင်းပဲ သွားခဲ့တာဆိုတော့ ဗမာလူမျိုးတွေရဲ့ စိတ်က အဲဒီအပေါ်မှာ စွဲနေတယ်။
ဒီဘက်မှာတော့ အထပ်မြင့်အဆောက်အဦးတွေ ဆောက်လာတယ်။ အထပ်မြင့်ကို ၃ ထပ်က စပြီးဆောက်လာတာပေါ့။ ၁၉၇၄ မှာ ရုရှားသံရုံးဆောက်တယ်။ အဲဒီတုန်းက သုံးတဲ့ သံချောင်းတွေက လုပ်နေကျသံချောင်းတွေထက် ၄ ဆလောက်ပိုများတယ်။ သူတို့ကို ဘာလို့သုံးသလဲလို့မေးတော့ ဒါက ငလျင်ဒဏ်ခံအောင်လုပ်ထားတာ၊ ရန်ကုန်မြို့ရဲ့ ငလျင်ဒဏ်ကို သူတို့က ၈ မဂ္ဂနီကျုအထိ ရှိတယ်လို့ တွက်ကြတယ်၊ အဲဒါကို ခံနိုင်အောင်တွက်တော့ အများကြီးလုပ်ရတာပေါ့။ ငါတို့ဆီမှာ ဒီလောက်အထိ မလှုပ်ဖူးပါဘူးလို့ သူတို့ကိုပြောတော့ မလှုပ်ရင်လည်း နေပါစေ၊ လှုပ်ရင်လည်း ငလျင်ဒဏ်ခံနိုင်ရမယ်၊ ဘယ်သူသေသေ ငါတို့ဆီကအဆောက်အဦးမှာတော့ တစ်ယောက်မှ မသေရဘူးဆိုပြီး အဲဒီလိုနည်းနဲ့လုပ်ခဲ့တယ်။
တို့ဗမာတွေလည်း အခုနောက်ပိုင်း ငလျင်ကော်မတီတွေဖွဲ့ပြီး ဆောင်ရွက်ကြတာပါပဲ။ ငလျင်ဒဏ်က ၈ အထိ ကြုံနိုင်တယ်လို့ တွက်ကြပေမယ့် တို့တွေလုပ်ကြတာက ၄.၅ အထိပဲ လုပ်ကြပါတယ်။ ဗမာပြည်မှာကလည်း စီးပွားရေးအခြေအနေက မကောင်းဘူး၊ ဘယ်လောက်ချမ်းသာတဲ့သူပဲ ပြောပြော သူများနိုင်ငံ ၁ ဒေါ်လာကို ငါတို့ဆီမှာ ကျပ် ၄၀၀၀ လောက်ပေးပြီး သုံးနေရတယ်၊ ဒါကြောင့် ချွေတာချင်ကြတာပေါ့။ သံချောင်းတွေမှာ ၂ မျိုးရှိတယ်။ သံကျွတ်ဆိုတာရှိတယ်၊ အပေါ်ကဖိရင် ခံနိုင်တယ်၊ ဘေးကို တွန်းရင် ပြတ်ထွက်သွားတယ်။ Mild Steel ဆိုတာရှိတယ်၊ အဲဒါက ပျော့ညွှတ်တဲ့ သံချောင်းပေါ့၊ အပေါ်က ဖိလည်း ခံနိုင်တယ်။ ဘေးကနေဆိုလည်း ကွေးသွားတယ်။ ၂၀၀၀ ခုနှစ်လောက်အထိ တို့တွေ လုပ်ကြတဲ့ သံချောင်းတွေက ဗမာပြည်ကထွက်တဲ့ သံချောင်းတွေများတယ်။ အဲဒီနောက်ပိုင်းတော့ တရုတ်ပြည်က သံချောင်းတွေ ဝင်လာတယ်၊ အဲဒီသံချောင်းတွေက ဈေးသက်သာတယ်၊ ဈေးက ၂ ဆကွာတယ်။ အင်ဂျင်နီယာတွေက သုံးမယ်ဆိုရင် သံကျွတ်ကို မသုံးဘူး။ ကန်ထရိုက်တာတွေကတော့ သိပ်မသိဘူး။ ဖိဒဏ်အတူတူပဲခံနိုင်တယ်ဆိုရင် ဒါပဲသုံးမယ်။ ဈေးကတစ်ဝက်လောက်သက်သာတာကိုး။ ပုဂ္ဂလိက ဆောက်တဲ့ သူဌေးတွေကတော့ ဒါတွေကို ထည့်မစဉ်းစားကြဘူး။
မေး ။ ။ မန္တလေးက Sky Villa အဆောက်အဦးဆိုရင် ပြိုကျသွားပြီး လူသေပျောက်မှုလည်း များတယ်။ ဒီကိစ္စအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ အခု Sky Villa မှာဆိုရင် စက္ကူတွေအချပ်လိုက် ဖြန့်ခင်းလိုက်သလိုဖြစ်သွားတယ်။ ဘန်ကောက်မှာလည်း အဲဒီလို အပုံလိုက်ဖြစ်သွားတယ်။ တို့ဗမာပြည်မှာ အင်ဂျင်နီယာတွေက ဂရုစိုက်ကြပါတယ်။ ဥပဒေတွေလည်းရှိပါတယ်။ ဥပဒေတွေရှိပေမယ့် ဥပဒေအရ စစ်တဲ့သူကလည်း ပါးစပ်ပါတယ်၊ အလုပ်လုပ်တဲ့သူတွေလည်း ပါးစပ်ပါတယ်၊ ပါးစပ်ကတော့ စကားပြောလို့လည်း ရတယ်၊ စားလို့လည်းရတယ်။ ပါးစပ်အလိုလိုက်ကြတဲ့အခါ ဥပဒေက ငလျင်ဒဏ် ၅ မဂ္ဂနီကျုအထိ ခံနိုင်အောင်လုပ်ရမယ်လို့ ဆိုတယ်။ တို့ဆီက လုပ်တဲ့ သူတွေက ၄ အထိပဲလုပ်တယ်။ တချို့အဆောက်အအုံတွေက ၅ မဂ္ဂနီကျုအထိ ခံနိုင်အောင်လုပ်တဲ့အတွက် အခုငလျင်မှာ ပြိုတော့မပြိုဘူး။ သို့သော်ရှေ့ဆက်နေဖို့အတွက် သိပ်ပြီး လုံခြုံမှုမရှိဘူး။ Sky Villa နဲ့ တစ်လမ်းထဲမှာ ၇ ထပ်အဆောက်အဦးတစ်ခုရှိတယ်။ အဲဒီအဆောက်အဦးက ဘာမှအထွေအထူးပြိုတာမဖြစ်ဘူး။ သူဆိုရင် ၅ မဂ္ဂနီကျုလောက်ပဲ တွက်ထားမှာ။ ဒါပေမယ့် သုံးတဲ့ စတီးလ်ကကောင်းတယ်။ သေချာအလုပ်လုပ်ထားတဲ့အတွက် ခံနိုင်တယ်။ သို့သော်နောက်တစ်ခါ ဒီလိုမျိုးငလျင်ထပ်လှုပ်ရင်တော့ ကံသေ၊ ကံမ ခံနိုင်ရည်ရှိမယ်လို့ ပြောလို့မရတော့ဘူး။
မေး။ ။ ငလျင်ကြောင့် ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဗလီတွေ၊ ဘုရားကျောင်းတွေအပါအဝင် အထပ်မြင့်အဆောက်အအုံတွေ ပြိုကျသွားတာတွေ့ရပါတယ်။
ဖြေ ။ ။ ဘုရားစေတီတွေက အများစုက အုတ်နဲ့ပဲလုပ်တာ။ ပလပ်စတာလုပ်ပြီး ကိုင်တယ်။ ရှေးခေတ်က စေတီတွေဆိုရင် သရိုးကိုင်တယ်ဆိုတာရှိတယ်။ ပုဂံခေတ်က စေတီတွေဆိုရင် ကျွဲကော်နဲ့ကပ်တာ။ အခုခေတ်အကောင်းစား ကော်တွေလိုပဲ။ ကျွဲကော်ကတော့ ရေထိလို့လည်း မပျော်ဘူး။ သူတို့ရဲ့ အုတ်ကြီးတွေက သိပ်မထူဘူး။ ပါးပါးပဲ။ တို့တွေအခုသုံးတဲ့အုတ်က ၃ လက်မထူတယ်။ သူ့အုတ်က ၂ လက်မကျော်ကျော်ပဲရှိတယ်။ ပုဂံခေတ်မှာ အုတ်စီတာက ဘေးနှစ်ဘက်နဲ့ အောက်ကို ကျွဲကော်နဲ့အသေအချာကိုကပ်ထားတာ။ ပုဂံက ငလျင်ကျောပေါ်မှာရှိတာပဲ။ သို့သော် နှစ်ပေါင်း ၁၀၀၀ ကျော်အထိ သူ့မှာ ခံနိုင်ရည်ရှိတယ်။
သို့သော် ဒုတိယအင်းဝခေတ်ရောက်တဲ့အခါကျတော့ ပုဂံခေတ်နည်းစနစ်ကို မသုံးတော့ဘူး။ အင်းဝက လေးထပ်ကျောင်းကြီးဆိုရင် တိုင်တွေက ၁၄ ပေရှိတယ်။ အဲဒီထဲမှာ အုတ်ကို အပြည့်ထည့်ထားတယ်။ ငလျင်လည်းလှုပ်ရော အဲဒီအုတ်တိုင်ကလဲတာပဲ။ ဘာကြောင့်လဲဆိုရင် သရိုးကိုင်တာလည်း ပုဂံခေတ်လောက်မကောင်းဘူး။ Solid (အပြည့်) ဆောက်ထားတယ်။ Hollow (အခေါင်းပေါက်) ဆိုရင်တော့ တစ်ခုပြတ်သွားရင် နောက်တစ်ခုက ခံနိုင်တယ်။ ဗမာတွေ နောက်ဆောက်တဲ့ အဆောက်အဦးတွေက အဲဒီလို Hollow တွေ မသုံးတဲ့အတွက်ကြောင့် ပြိုလွယ်တယ်။ ပျက်လွယ်တယ်။ ပုဂံခေတ်လက်ရာတွေမှာ ဘုရားမရောက်ခင် ရင်ပြင်ဆိုတာရှိတယ်၊ ရင်ပြင်အစကနေ ဘုရားရဲ့ ကွမ်းတောင်အထိကို မျဉ်းဆွဲမယ်ဆိုရင် ၄၅ ဒီဂရီရှိတယ်၊ ၄၅ ဒီဂရီဆိုရင် ပစ္စည်းတစ်ခုအတွက် Foundation က ခံနိုင်ရည်ကောင်းကောင်းရှိနေတယ်။ ပုဂံမှာ အမြင့်ဆုံးက သဗ္ဗညုဘုရားပဲ။ သူရဲ့ရင်ပြင်က ပေ ၂၀၀ လောက်ရှိတယ်။ ဒါတွေက သိထားရမယ့်အချက်တွေပဲ။
နောက်ပိုင်း ပန်းရံတွေ နဲ့ တည်ဆောက်သူတွေက ဒီနည်းစနစ်တွေကို မသုံးကြဘူး။ ဘာကြောင့် ဘုရားတွေပြိုသလဲဆိုရင် ဒါကြောင့် ပြိုတာပဲ။ ဗလီတွေက ထုံးသုံးပြီးဆောက်ကြတယ်။ သူတို့က နှစ် ၈၀၊ ၁၀၀ သက်တမ်းရှိလာတယ်။ ထုံးသုံးတော့ ရေထိတာ ကြာလာတဲ့အခါ ကြံ့ခိုင်မှုမကောင်းတော့ဘူးပေါ့။ ခရစ်ယာန်ကျတော့ ပါးပါးလေးနဲ့ ခပ်မြင့်မြင့်ဆောက်ကြတယ်။ သူတို့သုံးတဲ့ နည်းပညာကတော့ မြင့်တယ်။ ဗမာပြည်မှာလုပ်တဲ့ ရန်ကုန်က Saint Mary Cathedral ဆိုရင် အထဲထဲမှာ အကောင်းစား သံကူကွန်ကရစ်တွေ အများကြီးထည့်ထားတော့ သူက ခံနိုင်ရည်ရှိတယ်။ အထဲမှာ အမိုးချင်းချိတ်ထားတဲ့ Cross တွေ အများကြီးရှိတယ်။ အဲဒါကြောင့် ဘုရားကျောင်းတွေက ခံနိုင်ရည်ရှိတယ်လို့မြင်တယ်။ နောက်ပိုင်း ဆောက်တဲ့ အဆောက်အဦးတွေကတော့ ခံနိုင်ချင်မှခံနိုင်မယ်။
မေး ။ ။ မြန်မာနိုင်ငံမှာ အဆောက်အဦတွေနဲ့ ပတ်သက်ပြီး ငလျင် စံချိန်စံညွှန်းသတ်မှတ်ချက်တွေက ဘယ်လိုရှိပါသလဲ။ ဒါမှမဟုတ် အဲဒီလိုသတ်မှတ်ထားတာက မရှိတာလား။
ဖြေ ။ ။ စံချိန်စံညွှန်းသတ်မှတ်ချက်တွေကရှိတယ်။ ဒါပေမယ့် ပါးစပ်က ၂ ဘက်လုံးပါနေတော့ ဒီဟာတွေကို မလိုက်နာကြဘူး။
မေး ။ ။ ဒီငလျင်ကနေ နေအိမ်အဆောက်အဦးတွေ ဆောက်လုပ်မှုနဲ့ပတ်သက်ပြီး ဘယ်လိုသင်ခန်းစာရပါသလဲ။
ဖြေ ။ ။ တို့တွေက မီးလောင်မှာကြောက်ရင် သစ်သားနဲ့မဆောက်ဘူး၊ ကွန်ကရစ်နဲ့ဆောက်တယ်။ သစ်သားနဲ့ဆောက်ရင် ခံနိုင်ရည်ရှိဖို့ ရေနံသုတ်ရတာတွေရှိတယ်။ ကွန်ကရစ်က အဲဒါတွေလုပ်စရာမလိုဘူး။ အဲဒါကြောင့် ဝန်ကျဉ်းတဲ့ ကွန်ကရစ်ကိုသုံးတယ်။ ကွန်ကရစ်က ၂ ထပ်လောက်က ပြဿနာမရှိဘူး။ ၃ ထပ်ဆိုရင် အန္တရာယ်ရှိလာပြီ။ အဲဒီအခါ ကိုယ့်စီးပွားရေးအခြေအနေကို တွက်ပြီးတော့ မလုပ်သင့်ဘူး။
မေး။ ။ ဘာများအကြံပေးချင်ပါသလဲ။ လိုအပ်တာရှိရင် ဖြည့်စွက်ပြောပါဦး။
ဖြေ ။ ။ လူတစ်ဦးချင်းသတိထားဖို့ထက် Town Planning ပေါ့၊ အစိုးရက အဲဒါကို ကြပ်ကြပ်မတ်မတ် လုပ်သင့်တယ်လို့ထင်တယ်။ ဆိုလိုတာက အဆောက်အဦးတစ်ခုချင်းစီကို ဂရုတစိုက် လုပ်တာထက် ငလျင်ကြောပေါ်မှာ မြို့ရွာတည်တာတွေမလုပ်ဖို့၊ ငလျင်ကြောပေါ်မှာ ဆည်တွေမဆောက်ဖို့ သတိပေးချင်တယ်။ ငလျင်ကြောပေါ်မှာ မြို့ရွာတည်မယ်၊ ဆည်တွေဆောက်မယ်ဆိုရင် အင်မတန်အန္တရာယ်ကြီးတယ်။ အဲဒီအပေါ်မှာ လမ်းတွေဖောက်ရင် ပျက်စီးဖို့များတယ်။ ငလျင်ကြောပေါ်မှာတည်ထားတာတွေက ဖျက်ပစ်ဖို့လိုတယ်။ ငလျင်ကြောမှာ ရွေ့သွားတာက ၁၉ ပေလောက်ကို ရွေ့သွားတာ။ အဝတ်စတစ်စကို တစ်ဖက်စီက ဘူဒိုဇာ ၂ ခုနဲ့ ဆွဲရင် မခံနိုင်သလိုပေါ့။ သူ့ကို မတွန်းလှန်နိုင်လောက်ဘူး။ ဗိုလ်ချုပ်သန်းရွှေက နေပြည်တော်က ဝန်ကြီးဌာနရုံးတွေကို အပြင်ကတစ်ခုခုက ဝန်းရံလို့ရှိရင် သူ့နေရာနဲ့သူ ရပ်တည်နိုင်အောင် သူ့နေရာနဲ့သူ ဆည်တွေဆောက်ထားတယ်။ နေပြည်တော်မှာ တောင်တွေ ပတ်လည်ရှိတယ်။ ရေတွေရှိတဲ့အတွက် မြေပြင်အနေအထားက ပျော့တယ်။ အဲဒီနေရာမှာအဆောက်အဦးတွေဆောက်တော့ မြေကြီးက ကျွံဝင်ဖို့များတယ်။ အခုလည်းကြည့်လေ အစိုးရအဆောက်အဦးတွေက မြေမြိုသွားတာချည်းပဲ။ အဲဒီနေရာမှာ ထပ်ဆောက်ရင် နောင်လည်း ဒီအတိုင်းဖြစ်မှာပဲ။




