သတင်း

ငလျင်ဘေးတစ်လပြည့်ပြီးချိန် အပျက်စီးများကြား ရုန်းမထနိုင်သေးသည့်ဘဝများ 

အင်အားပြင်းငလျင်ဘေးကြီး တစ်လပြည့်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးမဆိုထားနှင့် အပျက်အစီးပုံများကြား ရုန်းထရန်ခက်ခဲနေဆဲဖြစ်သည်ဟု ငလျင်ဘေးသင့်သူတို့ကဆိုသည်

မတ် ၂၈ ရက်က မန္တလေးနှင့် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဘေးကြီး တစ်လတင်းတင်းပြည့်ခဲ့ပြီဖြစ်သော်လည်း ပြန်လည်ထူထောင်ရေးမဆိုထားနှင့် အပျက်အစီးများကြား ရုန်းထရန်ခက်ခဲနေကြောင်း ငလျင်ဒဏ်ခံရသူများနှင့် ကူညီကယ်ဆယ်ရေးသမားများက ပြောသည်။

နိုင်ငံအလယ်ပိုင်းဒေသကို စိစိညက်ညက်ကျေသည့်အထိ လှုပ်ခတ်ခဲ့သည့် ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် ဧပြီလ ၂၈ ရက်ထိစာရင်းအရ သေဆုံးသူ ၃၇၇၀ ဦး၊ ဒဏ်ရာရသူ ၅၁၀၆ ဦးနှင့် ပျောက်ဆုံးနေသူ  ၁၀၆ ဦးရှိပြီး တိုက်တာအိုးအိမ်နှင့် အဆောက်အဦးပေါင်းမြောက်များစွာ ထိခိုက်ပျက်စီးခဲ့ကြောင့် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ငလျင်ဒဏ်အဓိကခံရသည့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်မြိုကြီးများအပါဝင် မြို့ငယ်လေးများတွင် ပျက်စီးဆုံးရှုံးမှုပမာဏအလွန်ကြီးမားလှသော်လည်း ပြည်သူအချင်းချင်းနှင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ငလျင်ဘေးကို အဓိကတုန့်ပြန်နေကြရသည်ဟု သိရသည်။  

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မန္တလေး၊ တံတားဦးမှ ရွှေသာလျောင်း ( ပေါင်းလဲကြီး ဘုရား ) (ဓာတ်ပုံ – ကံကောင်း)

တစ်တော၊ တစ်တောင်နှင့် တစ်မြို့လုံးနီးပါးပျက်စီးခဲ့သည့် စစ်ကိုင်းတောင်ရိုးနှင့် စစ်ကိုင်းမြို့ပေါ်တွင် ပြိုကျအဆောက်အဦးများကို ကိုယ်ထူကိုယ်ထရှင်းလင်းနေရပြီး နိုင်ငံတော်အဆင့်ထောက်ပံ့ကူညီမှုများ အားနည်းနေကြောင့် စစ်ကိုင်းတောင်အနီး ငလျင်ဒဏ်ခံရသူများကို ကူညီပေးနေသည့် စေတီလှချောင်မှ ဆရာတော် အဓိပတိအရှင်ဣန္ဒာစရိယက မိန့်ကြားသည်။

စစ်ကိုင်းတောင်ရိုးပေါ် နီးစပ်ရာအသိုင်းအဝိုင်းက အပြန်လှန်ကူညီပေးနေပြီး ကူညီရေးအဖွဲ့များလည်း အားနည်းကြောင်း ဆရာတော်က မိန့်ကြားသည်။

“ဒါကြီးက အကြီးကြီးကို။ ကိုယ့်ဘာသာကိုယ်လုပ်နေလို့လည်းမပြီးဘူး။ မနိုင်ဘူး။ ဖြစ်နေတာလည်း ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ တစ်တောလုံး၊ တစ်တောင်လုံး၊ တစ်မြို့လုံး၊ တစ်ရပ်လုံးဖြစ်နေတာ။ အဲ့တော့ နိုင်ငံတော်ပရောဂျက်နဲ့ကိုသွားရမှာ။ နိုင်ငံတကာကဟာနဲ့(အကူညီနဲ့) သွားရမှာ။ ပြန်လည် ထူထောင်ဖို့က မလွယ်ဘူး” ဟု ဆရာတော်က ဆိုသည်။

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စေတီပုထိုးနှင့် ကျောင်းတိုက်ပေါင်းများစွာ ထိခိုက်ပျက်စီးခဲ့ရာ အရှင်ဣန္ဒာစရိယ၏ ကျောင်းတိုက်လည်း ပျက်စီးခဲ့သည်။ ငလျင်ဖြစ်ပွားချိန်မှစ၍ ကူညီကယ်ဆယ်ရေး ဆက်တိုက်ဆောင်ရွက်နေသဖြင့် ပြိုကျခဲ့သည့် ကျောင်းတိုက်ကို ပြန်မကြည့်နိုင်သေးဟု ဆိုသည်။

“ဒီတစ်တောလုံး၊ တစ်တောင်လုံးဘယ်ကူနိုင်မလဲ။ နိုင်ငံတော်အဆင့်မှ မဟုတ်တာ။ နိုင်ငံတကာအဆင့်မှ မဟုတ်တာ။ အဲ့ဒီလိုဆိုတော့ ဆင့်ပါးစပ် နှမ်းပတ်တဲ့ အနေအထားပဲရှိပါတယ်။ ရပ်တည်ရခက်ခဲပါတယ်။ ပြန်လည်ထူထောင်ဖို့ထားဦး လောလောဆယ်စားရေးသောက်ရေးကို ရပ်တည်ရခက်ခဲတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

စစ်ကိုင်းမြို့ပေါ်တွင် ပုဂ္ဂလိကအသင်းအချို့က အဆောက်အဦးများကို ဖြိုချပေးနေပြီး ကိုယ့်အစီစဉ်ဖြင့် ကိုယ်ရှင်းလင်းကြရသည်။ စစ်ကောင်စီအစီစဉ်ဖြင့် ဖြိုဖျက်လိုပါက စာအဆင့်ဆင့်တင်ရပြီး အလှည့်ကျ စောင့်ဆိုင်းရမည်ဖြစ်၍ အချိန်ကြာမြင့်နိုင်ကြောင်း စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ကြောင့် ငလျင်ဒဏ်ခံရသူအများစုသည် နီးစပ်ရာဆွေမျိုးနေအိမ်များ၊ ယာယီတဲများ၊ မပြိုပျက်သည့် နေအိမ်များ၊ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ကြရသည်ဟု ၎င်းက ဆက်ပြောသည်။ စစ်ကိုင်းမြို့ရှိ အထက(၁) တွင် ကယ်ဆယ်ရေးစခန်းတစ်ခုဖွင့်လှစ်ထားဆဲဖြစ်သည်။

“ရှိသမျှစည်းစိမ်တွေက အကုန်ပြိုလဲပုံကျသွားတဲ့ပုံစံဖြစ်သွားပြီ။ တချို့က ပိုက်ဆံတွေ အပြင်မှာ ယူကောင်းယူလာနိုင်တာမျိုးရှိတယ်။ တချို့ဆိုမယူလာနိုင်ဘူး။ တစ်ချို့ဆို လက်ဝတ်လက်စားတွေက ဒီအဆောက်အဦးတွေထဲ ရောပါသွားတာမျိုးဖြစ်နိုင်တယ်။ ဘာနဲ့သွားပြီးတော့ တည်ဆောက်မလဲ” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းမြို့သည် ခုခံတော်လှန်သူများအားကောင်းရာဒေသဖြစ်ပြီး မန္တလေးနှင့် မြစ်တစ်ခုသာခြားကာ မြို့ပေါ်ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။ စစ်မီးဝိုင်းနေသော စစ်ကိုင်းတွင် ယခင်ကတည်းက စားဝတ်နေရေးကျပ်တည်းပြီး ငလျင်ဘေးဒဏ် ထပ်ခံရခြင်းကြောင့် တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်သွားကြောင်း ၎င်းက ဆိုသည်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မန္တလေး၊ တံတားဦးမှ ရွှေသာလျောင်း ( ပေါင်းလဲကြီး ဘုရား ) (ဓာတ်ပုံ – ကံကောင်း)

အစားအသောက်အတွက် ကယ်ဆယ်ရေးအဖွဲ့များက ထောက်ပံ့မှုရှိသော်လည်း အချိန်ကြာလာသည်နှင့် ကူညီထောက်ပံ့ပေးရေးအဖွဲ့များတစ်ဖြည်းလျော့နည်းလာကာ စစ်ကောင်စီ၏ အကူညီလည်းမရသဖြင့် ငလျင်းဘေးမှ ပြန်လည်နာလန်ထူနိုင်ရန် အလှမ်းဝေးနေကြောင်း သူက ဆိုသည်။ 

အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးနေရာများထဲတွင် စစ်ကိုင်းမြို့တစ်ဖက်ကမ်းရှိ မန္တလေးမြို့လည်းပါဝင်ပြီး ပြိုပျက်အဆောက်အဦးများကို နိုင်နိုင်နင်းနင်းဖြိုချရှင်းလင်းနိုင်းခြင်းမရှိပေ။

တစ်လကြာပြီးနောက် ပြိုပျက်အဆောက်အဦးများကြားတွင် ပိတ်မိသေဆုံးနေသော အလောင်းများကို အပြီးသတ်မရှင်းလင်းနိုင်သည့် တိုက်များရှိနေသေးသည်ဟု ကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါနေသည့် မန္တလေးမြို့ခံ အသက်၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ငလျင်ဘေးကြောင့် နေအိမ်လုံးဝပြိုပျက်သွားခြင်းမရှိသော်လည်း အပျက်အစီးများမရှင်းလင်းရခြင်း၊ နောက်ဆက်တွဲငလျင်လှုပ်ခတ်နိုင်ခြင်းတို့ကြောင့် အဆောက်အဦးကြံ့ခိုင်မှုကို စိုးရိမ်ကာ ဘေးလွတ်ရာ နေရာများ၊ လမ်းမများ၊ ကယ်ဆယ်ရေးစခန်းနှင့် ဘုန်းကြီးကျောင်းများ၌ နေထိုင်ကြရဆဲဖြစ်သည်ဟု ထိုအမျိုးသမီးက ပြောသည်။ 

“ကိုယ့်အိမ်ကိုယ့်ယာ မဟုတ်တဲ့အတွက်ကြောင့်မို့ အဆင်မပြေမှုတွေကတော့အများကြီးရှိတယ်။ ဒါ့ကြောင့်မို့ ဘာဆက်လုပ်ရမလဲဆိုတဲ့ဟာမျိုးတွေ တွေးရတယ်ပေါ့နော်။ အိမ်ပြိုသွားတဲ့သူတွေဆို ငါတို့ဘယ်မှာသွားနေကြမလဲ ဆိုတာမျိုး ပြင်ဆင်ကြတယ်။ အိမ်အက်သွားတယ်။ ပြင်လို့ရတဲ့သူတွေ ကျလည်း အိမ်ကိုဘယ်လိုပြင်ရမလဲ စသဖြင့်အိမ်ပြင်ဖို့အတွက်ကို ပြင်ဆင်နေကြရတာပေါ့နော်” ဟု သူက ဆိုသည်။ 

သို့သော် တစ်ဟုန်ထိုးမြင့်တက်လာသည့် အိမ်ဆောက်ပစ္စည်းဈေးနှုန်း၊ အလုပ်သမားအခက်အခဲကြောင့် အခက်တွေ့နေကြသည်ဟု သူက ဆိုသည်။

ရပ်ကွက်တစ်ခုလုံး မီးလောင်ခဲ့သည့် မဟာအောင်မြေမြို့နယ် စိန်ပန်း၊ သံနောက်ရပ်ကွက် မီးလောင်ပြင် တွင်လည်း မီးဘေးဒုက္ခသည်များက ယာယီမိုးကာတဲများအောက်တွင် ဆက်ရှိနေပြီး ဒေသအသီးသီးမှ အဖွဲ့အစည်းတချို့ စားနပ်ရိက္ခာနှင့်ငွေကြေးများ၊ ရေတွင်းရေကန်များ၊ ရွေ့လျားအိမ်သာများ လာရောက် လှူဒါန်းမှုရှိနေကြောင်းလည်း သိရသည်။ 

ငလျင်ဖြစ်ပွားချိန်မှစ၍ အသက်ရှင်ကျန်သူများကို ကယ်ထုတ်ခြင်း၊ ရုပ်အလောင်းများထုတ်ယူခြင်း၊ အစားအသောက်များထောက်ပံ့ခြင်း၊ အဆောက်အဦးများရှင်းလင်းခြင်း စသည့် ကူညီရေးလုပ်ငန်းကို ပရဟိတအဖွဲ့များက စတင်ခဲ့ပြီး ယနေ့ထိတိုင် ကူညီဆဲဖြစ်ကြောင်း မန္တလေးအခြေစိုက် လူမှုကူညီရေး အသင်းအဖွဲ့တစ်ခုမှ အမျိုးသားတစ်ဦးက ပြောသည်။

ကယ်ဆယ်ရေးစခန်းများရုပ်သိမ်းရန် ပြင်ဆင်မှုများရှိသော်လည်း နောက်ဆက်တွဲငလျင်များကြောင့် စိုးရိမ်မှုများရှိနေသဖြင့် ဆက်လက်ဖွင့်ထားရမည့်အခြေအနေရှိကြောင်း ၎င်းက ပြောသည်။

“ဒီရက်ပိုင်းမှာ ငလျင်တွေက ပြန်လှုပ်နေတယ်ဗျာ။ ကိုယ့်အိမ်ကို ပြန်နေမယ့်သူတွေ၊ နောက်ထပ်လည်း ပြန်နေမယ့်သူတွေ၊ ရပ်ကွက်ထဲပြန်နေမယ့်သူတွေ ငလျင်တွေက ပြန်လှုပ်တဲ့အခါကြတော့ ပြန်မဝင်ရဲဘူး။ အဲ့ဒီတော့ ကယ်ဆယ်ရေးစခန်းတွေက သက်တမ်းထပ်ရှည်မယ်လို့ယူဆရတယ်” ဟု သူက ပြောသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင် ကျောင်းများပြန်ဖွင့်ရန်နီးလာ၍ စာသင်ကျောင်းများတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းများရုပ်သိမ်းမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ပိတ်သိမ်းခြင်းမရှိကြောင်း သိရသည်။

ငလျင်ဘေးတစ်လပြည့်ချိန်ထိ ပြည်သူအချင်းချင်းကူညီမှုသာရှိပြီး စစ်ကောင်စီထံမှ ထိရောက်သည့် အကူအညီမရသေးကြောင်း မန္တလေးမြို့ခံ စီးပွားရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ဝေဖန်သည်။ 

“ကူညီထောက်ပံ့မှုက ပြည်သူကနေ ပြည်သူဆီသွားနေတာပဲရှိသေးတယ်။ စာရင်းတွေကတော့ ခဏခဏ လာကောက်တယ်။ ဒါပေမယ့် ဘာမှကူညီထောက်ပံ့မှု ထိထိရောက်ရောက် … ငွေရေးကြေးရေးပဲဖြစ်ဖြစ်၊ အစားအသောက်ရိက္ခာပဲဖြစ်ဖြစ် ထိထိရောက်ရောက်မရောက်သေးဘူး” ဟု ၎င်းက ပြောသည်။ 

ထို့အပြင် ငလျင်ကြောင့် ပြိုပျက်သည့် အဆောက်အဦးများကို အန္တရာယ်ရှိအဆောက်အုံဖြစ်သတ်မှတ်၍ လူနေထိုင်ခွင့်မပြုကြောင်း၊ ထိုနေအိမ်များကို ပြန်လည်ရှင်းလင်းပေးနေသော်လည်း တည်ဆောက်ရေးနှင့် မိသားစုဝင်များနေရာချထားရေးအတွက် ရှင်းလင်းသည့် အစီစဉ်များမတွေ့ရကြောင်း ၎င်းက ဆိုသည်။ 

စစ်ကောင်စီကမူ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ပြီးနောက် ကနဦးပြန်လည်ထူးထောင်ရေးကို အရှိန်အဟုန်မပြတ်ဆောင်ရွက်နေကြောင်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းက ဧပြီလ ၂၅ နေပြည်တော်တွင် ပြုလုပ်သည့်အစည်းဝေးတွင် ပြောဆိုသည်ဟု နိုင်ငံပိုင်သတင်းစာတွေ ဖော်ပြခဲ့သည်။

ဧပြီ ၂၄ ထိ ငလျင်းဘေးအတွင် ပြည်တွင်းပြည်ပမှ လှူဒါန်းငွေ ကျပ် ၁၁၅ ဒသမ ၈၇၆ ဘီလျံကျော်၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်းကျော်၊ ကိုးရီယားဝမ် ၅ သန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ် ၂ သန်းနှင့် စင်ကာပူပေါ်လာ ၃၁၅၀ ရရှိခဲ့ပြီး ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းတန်ချိန်ပေါင်းများစွာ လက်ခံရရှိခဲ့သည်ဟု ဆိုသည်။ 

ငလျင်ဘေးပြန်လည်ထူထောင်ရာတွင် ထိခိုက်ပျက်စီးမှုများဖယ်ရှားရှင်းလင်းရန် သဘာဝဘေးရန်ပုံငွေမှ စစ်ကောင်စီက စစ်ကိုင်းအတွက် ကျပ် ၅၀ ဘီလျံ၊ မန္တလေးအတွက် ၆၀ ဘီလျံ၊ နေပြည်တော်အတွက် ၁၀ ဘီလျံ၊ ရှမ်းပြည်နယ်အတွင် ၅ ပေးအပ်ပြီးဖြစ်ကြောင်းလည်း ထိုသတင်းတွင် တွေ့ရသည်။

မန္တလေးတိုင်းတွင် ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူ ၂,၁၅၂ ဦးအတွက် တစ်ဦးလျှင် ငွေ ၁၈ သိန်းနှင့် ငလျင်ဘေးသင့်သူ ၁၃၀,၀၀၀ ကျော်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ တစ်လစာထောက်ပံ့ပေးခဲ့ကြောင်း နေအိမ်ပျက်စီးသူများအတွက် စိစစ်ထောက်ပံ့ပေးရန်စီစဉ်နေကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဌာနက ယနေ့ (ဧပြီ ၂၉) ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ၏ အကူညီများသည် နိုင်ငံအသုံးအရအသုံးချရန် ပြသခြင်းသာဖြစ်ပြီး နိုင်ငံတကာနှင့် အခြားသော လူသားခြင်းစာနာမှုအကူအညီများကို ၎င်းတို့အကျိုးစီးပွားအတွက် အသုံးချနေသည်ကို တွေ့ရကြောင်း NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ဧပြီလလယ်တွင် Myanmar Now ကို ပြောထားသည်။ 

“သူတို့ကတော့ ဆိုင်ကလုန်းနာဂစ်တုန်းကလည်းဆိုရင်လည်း စစ်တပ်က ပြည်သူကို မကူဘဲနဲ့ သူတို့ ကိုယ်ကျိုးအတွက် အသုံးချခဲ့တယ်။ အခုလည်း အဲ့လိုလုပ်နေတဲ့အနေအထားကို တွေ့ရှိရတယ်” ဟု ၎င်းက ဆိုသည်။ 

၂၀၀၈ နာဂစ်မုန်တိုင်းဖြစ်ပွားစဉ်က နိုင်ငံတကာမှ ထောက်ပံ့ကူညီရေးပစ္စည်းများကို ထိုစဉ်က အာဏာရှင်စစ်တပ်၏ အရာရှိကြီးငယ်များက ပြည်ပမှောင်ခိုဈေးကွက်တွင် ရောင်းစားသည့် သာဓကများရှိခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်တွင်ပင် ကူညီထောက်ပံ့မှုများမပေးနိုင်သလို ၎င်းတို့လက်အောက်ခံ ဝန်ထမ်းများကိုပင် ဖြစ်သလိုနေရာချပေးနေရဆဲဖြစ်သည်။ ထို့အတူ ငလျင်ဒဏ်ခံရသည့် မန္တလေးတိုင်းမှ ဝမ်းတွင်း၊ သဲတော၊ ပျော်ဘွယ်၊ ရမည်းသင်းနှင့် ရှမ်းပြည်နယ် အင်းလေးဒေသတွင်လည်း စစ်ကောင်စီ၏ အကူအညီများနည်းပါးနေကြောင်း ဒေသခံများက ဆိုသည်။ 

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများပြားခဲ့သည့် အင်းလေးဒေသတွင် စစ်ကောင်စီ စားနပ်ရိက္ခာ ကူညီမှုရှိသော်လည်း အိမ်လုံးဝပြိုပျက်မှသာ ကူညီကြောင်း၊ အခြားလူမှုကူညီရေးအဖွဲ့များရှိသော်လည်း လုံလောက်သည့် ကူညီထောက်ပံ့လိုအပ်နေကြောင်း အင်းလေး သလဲဉီးအင်းရွာမှ အမျိုးသားတစ်ဦးက ဆိုသည်။ 

“ပြန်လည်ထူထောင်ရေးအတွက် လုံလောက်တဲ့ ကူညီပံ့ပိုးမှုတွေ လိုအပ်တယ်။ အမှန်တကယ်လိုအပ် တာတော့ ပိုက်ဆံ၊  အိမ်ဆောက်ပစ္စည်းတွေနဲ့ လက်သမားတွေ‌‌ပေါ့။ အဲ့လိုမျိုးကူညီမယ်ဆိုရင်တော့ အမြန်ဆုံးပြီးမြောက်သွားမယ်ထင်တယ်” ဟု သူက ပြောသည်။ 

သတင်းစာများ၌ ငလျင်ပြန်လည်ထူထောင်ရေးအတွက် အသုံးပြုမည့်ငွေကြေးများ၊ နိုင်ငံတကာမှ လှူဒါန်းသည့် ငွေကြေးနှင့် ထောက်ပံ့ရေးပစ္စည်းများကို တစ်ခမ်းတစ်နား ဖော်ပြလေ့ရှိကြသော်လည်း ဘီစကွတ်တစ်ခု၊ ရေသန့်တစ်ကတ် မရသူများစွာရှိနေသည်ဟု စေတီလှချောင်မှ ဆရာတော် အဓိပတိအရှင်ဣန္ဒာစရိယက မိန့်သည်။ 

ထို့ကြောင့် မြေပြင်အထိ အကူညီများထိထိရောက်ရောက်ပေးစေလိုကြောင်း ဆရာတော်က ဆိုသည်။ 

“တာဝန်ရှိတဲ့သူတွေ တာဝန်ယူကြပါ။ အလုပ်လုပ်ကြပါ။ စာရွက်ထဲမှာပဲလုပ်မနေကြပါနဲ့။ လေထဲမှာပဲ လုပ်မနေကြပါနဲ့ မြေပြင်ပေါ်ကို တကယ်ရောက်အောက်လုပ်ကြပါ”

ငလျင်ဘေးအန္တရာယ်ကြောင့်  မြို့နယ် ၃၃၀  အနက် မြို့နယ် ၆၀ နီးပါး၊  လူဦးရေ ၁၇ သန်းခန့် ထိခိုက်မည်ဟု ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(OCHA)က ဧပြီ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ငလျင်ကြောင့် ထိခိုက်မှု အပြင်းထန်ဆုံး နေရာဒေသများမှ  လူသန်းပေါင်းများစွာသည် လျှပ်စစ်မီး၊ သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှုမရခြင်း သို့မဟုတ် လုံလောက်မှုမရှိခြင်းတို့ ကြုံတွေ့ရနိုင်ကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်အားပြင်းငလျင်မဖြစ်ပွားမီကတည်းက စစ်တပ်အာဏာသိမ်းမှုကြောင့် ပဋိပက္ခဖြစ်ပွားရာဒေသတွင်  ရိက္ခာမလုံလောက်မှုကြုံတွေ့နေရပြီး ၂၀၂၅ ခုနှစ်အတွင်း မြန်မာပြည်သူ ၁၅ သန်း ငတ်မွတ်ခေါင်း ပါးမှုဒဏ် ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်(WFP) က ယခုနှစ် ဇန်နဝါရီ ၂၉ တွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button