အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်က TNLA ထံမှ ကျောက်မဲကို ပြန်သိမ်းပြီးနောက် မြို့တွင်းလူဖမ်းပွဲစတင်

စစ်တပ်သည် ၂၀၁၅ ရွေးကောက်ပွဲဝင် NLD လွှတ်တော်အမတ်လောင်း ဦးလှမိုးအပါအဝင် အရပ်သား သုံးဦး ထက်မနည်းကို ဖမ်းဆီးထားပြီး အနည်းဆုံးလူနေအိမ် ငါးလုံးကိုလည်း ချိပ်ပိတ်လိုက်သည်ဟု ဒေသခံများက ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို တအာင်းတပ် TNLA ထံမှ ပြီးခဲ့သည့်အောက်တိုဘာ ၁ ရက်နေ့က ပြန်လည်သိမ်းပိုက်ခဲ့သည့် စစ်ကော်မရှင်တပ်သည် မြို့တွင်းလူဖမ်းပွဲ အကြီးအကျယ် ပြုလုပ်နေသည်ဟု မြို့ခံများထံက သိရသည်။

စစ်တပ်သည် ၂၀၁၅ ရွေးကောက်ပွဲဝင် NLD လွှတ်တော်အမတ်လောင်း ဦးလှမိုးအပါအဝင် အရပ်သား သုံးဦး ထက်မနည်းကို ဖမ်းဆီးထားပြီး အနည်းဆုံးလူနေအိမ် ငါးလုံးကိုလည်း ချိပ်ပိတ်လိုက်သည်ဟု ဒေသခံများက ဆိုသည်။

ဖမ်းဆီးခံရသူများကို စစ်တပ်က တအာင်းတပ် (TNLA) အပေါ် သစ္စာခံသူများဟု ယူဆထားပြီး စစ်ဆေးနေကြောင်း၊ နောက်ထပ်သံသယရှိသူများကိုလည်း လိုက်လံရှာဖွေနေကြောင်း ဒေသခံတို့က ဆိုသည်။

“(NLD အမတ်လောင်း ဦးလှမိုးကို စစ်တပ်က ဖမ်းသွားတာ) နှစ်ရက်ရှိပြီ၊ သူ့ကို လာခေါ်သွားတာ။ မနေ့က သူအိမ်နဲ့ဆိုင်လည်း ချိတ်ပိတ်ခံရတယ်” ဟု ကျောက်မဲမြို့ခံတစ်ဦးက အောက်တိုဘာလ၂၈ ရက်နေ့က Myanmar Now ကို ပြောသည်။

ဦးလှမိုးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်၊ ကျောက်မဲမြို့ မဲဆန္ဒနယ် အမှတ် (၁) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ သို့သော် ရွေးကောက်ပွဲ အနိုင်မရခဲ့ဘဲ “ ကျားခေါင်းပါတီ” ဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကိုယ်စားလှယ်၏နောက် ဒုတိယမဲအများဆုံးရခဲ့သည်။

စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်တွင် ဦးလှမိုးကို ဖမ်းဆီးရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် စစ်တပ်က ဖမ်းဆီးမည့်စာရင်းမှ ပယ်ဖျက်ပေးခဲ့ကြောင်း ယင်းအခြေအနေကို သိရှိသူတစ်ဦးက ဆိုသည်။ 

ကျောက်မဲကို TNLA လက်ထဲမှ စစ်တပ်က ပြန်သိမ်းချိန်တွင် ဦးလှမိုးကို တကျော့ပြန် ဖမ်းဆီးခဲ့သည် ဟုလည်း အဆိုပါ သတင်းအရင်းအမြစ်က ဆက်ပြောသည်။

စစ်တပ်သည် ဦးလှမိုးကို TNLA ခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးလုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ဆေးနေသည်ဟု မြို့ခံများကဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါ။

အလားတူ စစ်တပ်သည် TNLA ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို လိုက်လံရှာဖွေနေသည်ဟုလည်း စုံစမ်းသိရှိရသည်။ 

အမှတ် (၆) ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦး ဖမ်းဆီးခံရပြီး ဆိုင်လည်း ချိပ်ပိတ်ခံလိုက်ရသည်ဟု မြို့ခံများထံက သိရသည်။ 

ခရိုင်မြို့ဖြစ်ပြီး လူဦးရေငါးသောင်းကျော်နေထိုင်သည့် ကျောက်မဲမြို့တွင် မြို့ပေါ်ရပ်ကွက် ကိုးခုရှိပြီး TNLA အာဏာစက် သက်ရောက်စဉ် အုပ်ချုပ်ရေးမှူး ခြောက်ဦးအထိ ခန့်ခဲ့သည်ဟုလည်း မြို့ခံများက ဆိုသည်။

“(TNLA အုပ်ချုပ်ရေးမှူးလုပ်ဖူးတဲ့) သူတို့ အိမ်တွေ ချိပ်ပိတ်ခံရတဲ့အထဲပါတယ်။ ပြီးတော့ One Love ဟိုတယ်လည်း ချိပ်ပိတ်ခံရတဲ့အထဲပါတယ်” ဟု အထက်ပါကျောက်မဲမြို့ခံက ပြောသည်။

One Love ဟိုတယ်သည် ကျောက်မဲမြို့လယ်တွင်တည်ရှိပြီး အဆိုပါဟိုတယ်ကို ပြီးခဲ့သည့်နှစ် ဇွန် ၃၀ ညပိုင်းတွင် စစ်တပ်က ဗုံးကြဲဖျက်ဆီးခဲ့သည်။ 

၂၀၂၄ ခု ဇွန်လကုန်က ဗုံးထိထားသော ကျောက်မဲမြို့၊ One Love ဟိုတယ်။

ကျောက်မဲမြို့ကို TNLA ကစတင်ထိုးစစ်ဆင်သည့် ၂၀၂၄ ဇူလိုင်မှစတင်ပြီး TNLA ပြန်ဆုတ်ခွာသည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလဆန်းအထိ စစ်တပ်က ကျောက်မဲမြို့ဆေးရုံ၊ ရဲစခန်း၊ စာသင်ကျောင်းများ နှင့် လူစည်ကားရာ ရပ်ကွက်များအား မကြာခဏ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တစ်နှစ်အတွင်း အရပ်သား  ၂၀ ကျော် သေဆုံးခဲ့သည်။

ကျောက်မဲမြို့အား စစ်တပ်ထိုးစစ်ဆင်ချိန် လေကြောင်းမှ ဗုံးကြဲမှုကြောင့် မြို့ပေါ် ရပ်ကွက်ရှိ လူဦးရေအားလုံးနီးပါး လားရှိုး၊ နမ့်လန်နှင့် နီးစပ်ရာမြို့များသို့ နေရပ် စွန့်ခွာခဲ့ကြရသည်။

စစ်တပ် ပြန်ဝင်လာပြီးနောက် မြို့ခံအများစု နေရပ်ပြန်လာနေကြသည်ဟု သိရသည်။

စစ်တပ်က လက်ရှိတွင် ကျောက်မဲမြို့ပေါ်၌ စာသင်ကျောင်းများ ပြန်ဖွင့်ထားပြီး ကျန်းမာရေးအတွက် ယာယီဆေးရုံ ဖွင့်လှစ်ကာ ဆေးကုသမှုပေးနေသည်ဟု ဒေသခံများက ပြောသည်။ သို့ရာတွင် စစ်တပ် ထိန်းချုပ်ပြီး တစ်လနီးပါးကြာသည်အထိ လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ပုံမှန်မရသေးဟု မြို့ခံများက ဆိုသည်။

ယခုနှစ် ဇူလိုင်တွင် TNLA ထိန်းချုပ်သည့် နောင်ချိုမြို့အား စစ်တပ်က ပြန်လည် သိမ်းပိုက်ခဲ့ချိန် တွင်လည်း အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရာ ဗလီ၊ ဂေါ်ရခါးလူမျိုးများ၏ ဓမ္မသာလတည်းခိုရိပ်သာ နှင့် အရပ်သားနေအိမ် ၂၀ ကျော်ကို ချိပ်ပိတ်ထားသည်ဟု ဒေသခံများထံက သိရသည်။

TNLA၊ PDF၊ DPLA (ဓနုတပ်) တပ်ဖွဲ့များနှင့် ဆက်စပ်သည်ဟု ယူဆသည့် မြို့ခံအနည်းဆုံး ၂၀ ကျော် ဖမ်းဆီးခံခဲ့ရသည်ဟု နောင်ချိုမြို့ခံများက ပြောသည်။

နောင်ချိုမြို့နယ်အတွင်းရှိ သုံးဆယ်ရွာ၊ အုမ္မသီကျေးရွာများမှ ရွာသားအချို့လည်း ဖမ်းဆီးခံရပြီး နေအိမ်နှင့် ဈေးဆိုင်များလည်း ချိပ်ပိတ်ခံရသည်ဟု သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” ကာလ ၂၀၂၃ ခုနှစ် ဇူလိုင်တွင် နောင်ချိုမြို့အား TNLA နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ခဲ့ပြီး တစ်နှစ်အကြာ ယခုနှစ် ဇူလိုင်လယ်ပိုင်းတွင် စစ်တပ်က နောင်ချိုမြို့အား ပြန်လည်သိမ်းပိုက်ခဲ့သည်။

ဩဂုတ်လတွင် ကျောက်မဲမြို့အား စစ်တပ်က ထပ်မံထိုးစစ်ဆင်ခဲ့ပြီး ယခုလဆန်းပိုင်းတွင် ကျောက်မဲမြို့အား စစ်တပ်က ပြန်လည်သိမ်းပိုက်ခဲ့သည်။

ထို့နောက် လဝက်အကြာတွင် သီပေါမြို့အား ထပ်မံထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပြီး TNLA ထိန်းချုပ်ရာ နမ္မတူမြို့အား စစ်တပ်က ဆက်လက်ထိုးစစ်ဆင်နေရာ နမ္မတူမြို့နယ် မန်လီရွာအနီးတွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်။

Related Articles

Back to top button