ရှမ်းပြည်မြောက်ပိုင်း၊ မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်ရှိသည့် ခရိုင်အဆင့် မြို့ကြီး တစ်မြို့ဖြစ်သော ကျောက်မဲမြို့ကို စစ်တပ်က ယနေ့ (အောက်တိုဘာလ ၁ ရက်နေ့ ) နေ့လယ်တွင် ထိန်းချုပ်လိုက်သည်ဟု ဒေသခံများထံက သိရသည်။
မြို့နှင့် သုံးမိုင်အကွာ ခိုမုန်းရွာအား ယမန်နေ့က ထိန်းချုပ်ပြီးနောက် ကျောက်မဲမြို့တစ်ခုလုံးအား ယနေ့ ထိန်းချုပ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“ခိုမုန်းရွာကနေ မြို့ထဲကို ဝင်တဲ့နေရာတွေက အများကြီးရှိတော့ ဘယ်လမ်းကနေဝင်ဝင် ရသွားတဲ့သဘော ဖြစ်သွားတာ။ တိလင် (ရွာ) ဘက်နေလည်း ဝင်လာတယ်”ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။
စစ်တပ်ဝါဒဖြန့်မီဒီယာများကလည်း ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြနေကြသည်။
ကျောက်မဲမြို့တွင်းရှိ ကြံ့ခိုင်ရေးရုံး၊ ရဲစခန်းနှင့် ဌာနဆိုင်ရာ အဆောက်အအုံများ မီးလောင်သွားခဲ့ပြီး TNLA လက်ချက်ဖြစ်သည်၊ စစ်တပ်ကလည်း မြို့တွင်းသို့ ဒရုန်းများဖြင့် ဗုံးချခဲ့သည်ဟု မြို့ခံများက ဆိုသည်။
“မနေ့က မိုးရွာလို့သာ မဟုတ်ရင် တစ်မြို့လုံး ပြာဖြစ်လောက်တယ်။ အခြေအနေ တော်တော်ဆိုးတယ်။ ဒီနေ့တော့ မနက် ၁၀ နာရီလောက်မှာ ပြန်စဖြစ်ကြတာ။ အခုတော့ စစ်တပ်က မြို့ထဲရောက်သွားပါပြီ” ဟု ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
ကျောက်မဲမြို့အတွင်း စစ်တပ်မှ မီးလောင်ဗုံးများဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာရုံးတချို့ ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း TNLA က ယနေ့ မွန်းလွဲအချိန်က ထုတ်ပြန်ထားသည်။ မြို့မှ ဆုတ်ခွာပေးလိုက်ကြောင်း ထုတ်ပြန်ချက်မရှိသေးပေ။
နောင်ချိုဘက်မှ ထိုးစစ်ဆင်လာသည့် စစ်တပ်၏ ခြေမြန်တပ်မ ၁၁၊ တပ်မ ၅၅ နှင့် အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁) တပ်ဖွဲ့ဝင်များ သည် ယခုနှစ် ဩဂုတ်လလယ်မှ စတင်ကာ ကျောက်မဲမြို့နယ်၊ ထန်းတပင်ကျေးရွာအား စတင် တိုက်ခိုက် ၍ ကျောက်မဲထိုးစစ်စတင်ခဲ့ခြင်း ဖြစ်သည်။
ထန်းတပင်၊ နောင်ပိန်၊ ပင်တိန်၊ မက်မန်း (ကုန်းသာ)၊ နားအိုက်ခန်းနှင့် စခန်းသာရွာတို့ကို သိမ်းပိုက်ခဲ့ကာ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျောက်မဲမြို့အား ပြန်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ဩဂုတ်လ ၁၆ ရက်မှ စက်တင်ဘာလ ၁ ရက်နေ့အထိ စစ်တပ်၏ ကျောက်မဲထိုးစစ်အတွင်း လေကြောင်း နှင့် လက်နက်ကြီးကြောင့် ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာနှင့် အနီးအနားကျေးရွာများမှ ဒေသခံ ၁၅ ဦး ထက်မနည်း သေဆုံးခဲ့သည်။
ကျောက်မဲထိုးစစ်အတွင်း ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များအား အင်အားအလုံးအရင်းဖြင့် အသုံးပြု ခဲ့ကာ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ အများအပြား အသုံးပြုလာသဖြင့် TNLA ဘက်က ခုခံနိုင်ရန် ခက်ခဲခဲ့သည်ဟု စစ်တပ် CDM အရာရှိအချို့က ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းကာလ ၂၀၂၄ ခုနှစ် ဇူလိုင်လဆန်းတွင် ကျောက်မဲမြို့ အမြောက်တပ် နှင့် အုပ်ချုပ်ရေးဌာနရုံးများအား TNLA ၊ မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဩဂုတ် ၆ ရက်နေ့တွင် ကျောက်မဲမြို့တစ်ခုလုံးကို TNLA က အပြီးသတ်သိမ်းပိုက်ခဲ့သည်။
ကျောက်မဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် အရပ်သား အများ အပြားသေဆုံးခဲ့ရသည်။
၂၀၂၅ ဧပြီလအတွင်း တရုတ်နိုင်ငံ ကူမင်းမြို့တွင် TNLA နှင့် စစ်တပ်ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး ချိန် TNLA ထိန်းချုပ်သည့် နောင်ချို၊ ကျောက်မဲအပါအဝင် ငါးမြို့အား ပြန်ပေးရန် စစ်တပ်က တောင်းဆို ခဲ့ရာ TNLA ဘက်မှ သဘောတူညီမှု မရှိခဲ့၍ ဆွေးနွေးပွဲပျက်ခဲ့သည်။
ထို့နောက် စစ်တပ်သည် ရှမ်းမြောက်ဝင်ပေါက်ဖြစ်သည့် နောင်ချိုမြို့အား ခြောက်လကျော်ကြာ ထိုးစစ် ဆင်၍ သိမ်းပိုက်ခဲ့သည်။
ယခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့ တွေ့ဆုံဆွေးနွေးပွဲတွင် TNLA က ကျောက်မဲ၊ သီပေါမြို့များအား ပြန်ပေး၍ အပစ်ရပ်မည်ဟု ဆွေးနွေးခဲ့သော်လည်း စစ်တပ်က ထိုမြို့များကို တိုက်ယူ နိုင်သည်ဟု တုံ့ပြန်ခဲ့သည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့မြို့နှင့် မန္တလေးတိုင်းမှ မိုးကုတ်မြို့များအား TNLA က သိမ်းပိုက်ထားရာ ဆွေးနွေးပွဲအတွင်း စစ်ကော်မရှင်ဘက်မှ တောင်ဆိုးထားသည့် မြို့ ငါးမြို့ထဲမှ နောင်ချို နှင့် ကျောက်မဲ နှစ်မြို့အား TNLA က လက်လွှတ်လိုက်ရပြီ ဖြစ်သည်။
ခရိုင်မြို့ဖြစ်သည့် ကျောက်မဲမြို့နယ်တွင် မိုင်းငေါ့၊ မိုင်းလုံနှင့် သီပေါမြို့များပါဝင်သည်။ မိုင်းလုံမြို့အား သိမ်းပိုက်နိုင်ရန် စစ်တပ်က မိုးကုတ်-နောင်ချိုလမ်းမှလည်း ထိုးစစ်ဆင်နေသည်။ စစ်တပ်က TNLA ထိန်းချုပ်သည့် မိုးကုတ်နှင့် သီပေါမြို့များအား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာနိုင်သည်ဟု နိုင်ငံရေး အကဲခတ်များက မှတ်ချက်ပြုထားသည်။
လက်ရှိတွင် စစ်ကော်မရှင်က မြို့တွင်းအုပ်ချုပ်ရေး ယန္တရားလည်ပတ် နိုင်ရန် ထွေအုပ်၊ ရဲ၊ လူဝင်မှု ကြီးကြပ်ရေးဌာနဝန်ထမ်းများအား ကျောက်မဲမြို့သို့ စေလွှတ်ရန် ပြင်ဆင် နေသည်ဟု စစ်တပ်နှင့် နီးစပ်သူများထံက သိရသည်။




