စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ်စပ်ရှိ ကလေးမြို့နယ်ကို စစ်တပ်ကအင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသောကြောင့် ကလေး- ဂန့်ဂေါလမ်းပိုင်းမှ ဒေသခံ ငါးသောင်းထက်မနည်း စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။
ကလေးမြို့နယ်၊ နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်သားများထဲမှ အင်အားရာနှင့်ချီပါဝင်သည့် စစ်ကြောင်းသည် ကလေး – ဂန့်ဂေါ လမ်းပိုင်းရှိကျေးရွာများကို အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး စစ်ကြောင်း ဆက်တိုက်ထိုးနေသဖြင့် ကျွန်းချောင်း၊ သာယာကုန်း၊ ထောက်ကြန့်၊ ချောင်းခွ၊ ဟဲလုပ်စသည့် ကျေးရွာများ အပါအဝင် လမ်းပိုင်းတစ်လျှောက် ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံ ငါးသောင်းခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်အရေး ကူညီနေသူများထံမှ သိရသည်။
သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် စစ်ဘေးရှောင်ပြည်သူများအတွက် ဆေးဝါးနှင့်၊ အခြေခံစားသောက်ကုန်နှင့် အမိုးအကာ အကူအညီများ လိုအပ်နေကြောင်း သိရသည်။
“ ဒီရက်ပိုင်းကတော့ နေ့ဘက်မိုးမရွာပေမဲ့ ညဘက်မိုးရွာတာပေါ့။ မိုးကတော်တော်များတယ်။ အားလုံးက ကိုယ်ရောက်တဲ့နေရာမှာပဲ ကြုံရာမှာ မိုးကာလေးခင်းပြီး မြေပြင်လေးမှာပဲ စစ်ရှောင်နေရတာကိုး။ လတ်တလောစစ်ရှောင်ဆိုတော့ ယာယီတဲတွေထိုးတာပေါ့။ အဲ့ဒီအတွက်နေရာထိုင်ခင်း အခက်အခဲတွေရှိမယ်။ ရှေ့ကာလစပါးတွေလည်း မသိမ်းရသေးဘူး။ ပဲတွေလည်း မသိမ်းရသေးဘူးဆိုတော့ နေရာထိုင်ခင်းကတော့ တော်တော်လေး ဒုက္ခရောက်နေကြတာ” ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် ဒေသခံအမျိုးသား တစ်ဦးကပြောသည်။
စစ်တပ် စစ်ကြောင်းထိုးလာသည့် ရက်သတ္တပတ်အတွင်း ကျွန်းချောင်း၊ နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ၊ ဟားခါးလေးစသည့် ကျေးရွာ ငါးရွာထက်မနည်းမီးရှို့ခံရပြီး ကျေးရွာများထဲ စစ်တပ်ရှိနေဆဲ ဖြစ်သည့်အတွက် ပျက်စီးသည့် အိမ်ခြေအရေအတွက်ကို မသိရသေးကြောင်း ဒေသခံများထံက သိရသည်။
နတ်ချောင်းရွာ၊ ချောင်းခွရွာတို့သည် စစ်တပ်အာဏာသိမ်းစ မကြာခဏ စစ်ကြောင်းထိုးခဲ့သည့်ကာလများအတွင်း အိမ်ခြေအများအပြား မီးရှို့ဖျက်ဆီးခံရသည့်ကျေးရွာများဖြစ်ပြီး ယခုတကျော့ပြန် စစ်ကြောင်းဝင်လာချိန်တွင် ထပ်မံမီးရှို့ခံရခြင်း ဖြစ်သည်။
“ ကျွန်းချောင်းကတော့ တော်တော်များတယ်။ တခြား ရွာတွေဆိုတာထက် နတ်ချောင်း၊ နတ်မြောင်း ဆိုရင် ရွေးရှို့တာ။ တာဝန်ခံအိမ်တွေ၊ အဖွဲ့အစည်းတွေ နေတဲ့အိမ်တွေပေါ့။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့အိမ်တွေရွေးရှို့တာ”ဟု ကလေးမြို့နယ်တွင် လှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။
မကွေး၊ စစ်ကိုင်း၊ ချင်းပြည်နယ်တို့ သုံးပွင့်ဆိုင်ထိစပ်နေသည့် ကလေးမြို့နယ်သည် ဒီဇင်ဘာလကုန်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း (၁) စတင်မည့်မြို့နယ်ထဲတွင် ပါဝင်ပြီး အောက်တိုဘာလက စတင်ကာ ကလေးမြို့ တောင်ပိုင်းရော၊ မြောက်ပိုင်းတွင်ပါ စစ်တပ်က စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်လာသည်။
အိန္ဒိယ-မြန်မာချစ်ကြည်ရေးလမ်းကြောင်းကို ပြန်စိုးမိုးထိန်းချုပ်နိုင်ရန်အတွက် ကလေးမြို့ မြောက်ဘက် ကလေး-တမူးလမ်းပိုင်းကို အောက်တိုဘာလ လဆန်းပိုင်းတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် အရှိန်မြှင့်စစ်ကြောင်းထိုးခဲ့ရာ တော်လှန်ရေးအင်အားစုများဘက်မှ ထိန်းချုပ်ထားသည့် နေရာအချို့ကို ပြန်လည်လက်လွှတ်ခဲ့ရသည်။
ရွေးကောက်ပွဲမတိုင်မီ နယ်မြေစိုးမိုးမှုတိုးချဲ့နေသည့် စစ်တပ်သည် အောက်တိုဘာလ တတိယပတ်တွင် မြို့တောင်ပိုင်း ကလေး – ဂန့်ဂေါ လမ်းကြောတစ်လျှောက် ကျေးရွာများကို ကလေးမြို့ဘက်မှတစ်ကြောင်း၊ ဂန့်ဂေါမြို့နယ်ဘက်မှတက်လာသည့် တစ်ကြောင်းဖြင့် နှစ်ဘက်ညှပ်ပြီး စစ်ကြောင်းထိုးနေသည်။
ကလေးမြို့၊ ထိုမာရွာ နည်းပညာတက္ကသိုလ် (GTC) မှ ထွက်လာသည့် စစ်ကြောင်းကလည်း ကလေး- ဂန့်ဂေါလမ်းပေါ်ရှိ နတ်ချောင်း၊ ချောင်းခွရွာတွင်
စစ်ကြောင်းတစ်ခုရှိနေပြီး၊ ထိုမှ ဖြန့်ခွဲသွားသည့် စစ်ကြောင်းတစ်ခုမှာလည်း ချင်းပြည်နယ်၊ ဖလမ်းဘက်သို့တက်နိုင်သည့် ဟားခါးလေးရွာဘက်ကို စီးနင်းထားသည်။
ကပ်လျှက် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် အခြေစိုက် ပြည်သူ့စစ်ကျေးရွာများမှ ထွက်လာသည့် စစ်ကြောင်းမှာလည်း လက်ရှိတွင် ကလေး – ဂန့်ဂေါလမ်းပေါ်ရှိ မှန်တောရွာအနီးတွင်ရှိနေဆဲ ဖြစ်ကြောင်းသိရသည်။
“ မှန်တောမှာပဲရှိတယ်။ ဆက်ထိုးမလာသေးဘူး။ ကမ်းပါးနီးနားမှာလို့ပြောလို့ရတယ် နီးနေပြီ”ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် CDF KKG မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကလေးမြို့ နယ်မြေစိုးမိုးရေးသာမက ရွေးကောက်ပွဲ အပိုင်း (၁) လုပ်မည့် မြို့နယ်တွင်ထဲတွင်ပါဝင်သည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ဘက်ကို ဦးတည်ပြီး ကလေးမှ စစ်ကြောင်းတစ်ခု ထိုးနေသည်။
ကလေးမြို့ မှ ထွက်လာသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းတစ်ခုသည် အောက်တိုဘာလ တတိယပတ်တွင် ကလေး – တီးတိန်လမ်း အတိုင်း တက်လာကာ လက်ရှိတွင် တီးတိန်မြို့နယ်၊ မွာလ်ပီးရွာတွင် ရောက်ရှိကြောင်း ချင်းတော်လှန်ရေးအင်အားစုတစ်ခုဖြစ်သည့် CDM (Civic Defense Militia) Siyin ထံကသိရသည်။
“ ထိတွေ့တိုက်ပွဲကတော့ စလာတဲ့ရက်ပဲထိတွေ့တိုက်ပွဲရှိတယ်။ နောက်ရက်တော့မရှိတော့ဘူး။ သိုင်းငင်းကို မရောက်သေးဘူး။ တစ်ရွာ၊ နှစ်ရွာလောက်လိုသေးတယ်။ လှူပ်ရှားပုံအရတော့ သူတို့က သိုင်းငင်းကိုပြန်ယူမယ့် သဘောတွေ့ရတယ်။ သိုင်းငင်းက အချက်အချာကျတယ်။ တီးတိန်နဲ့ ဖလမ်း ဘက်ကိုလမ်းခွဲရှိတယ်”ဟု CDM Siyin တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကလေးမြို့နယ် ပတ်ပတ်လည်တွင် စစ်ကြောင်းများဖြန့်ခွဲထိုးနေသည့်အတွက် ဒေသခံများမှာ နီးစပ်ရာ ဘေးလွတ်မည်ထင်သည့်ကျေးရွာများသို့ လှည့်ပတ်ရှောင်တိမ်းနေရသည်။
“နီးစပ်ရာတောတောင်အတွင်းမှာရှောင်နေကြရတယ်။ မိုးမိကြတော့ ကာလအကူးအပြောင်း ဖျားနာပိုများတယ်”ဟု စစ်ရှောင်အရေးကူညီနေသည့် ဒေသခံနောက်တစ်ဦးကပြောသည်။
ရွေးကောက်ပွဲနီးကပ်လာချိန်တွင် စစ်တပ်က ရွေးကောက်ပွဲ အပိုင်း (၁) စတင်ကျင်းပမည့်မြို့နယ်အချို့တွင် နယ်မြေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသည့်နေရာများကို ဆက်တိုက်စစ်ကြောင်းထိုးကာ စစ်ရေးအရှိန်မြှင့်နေသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများကြောင့် လူဦးရေ ၃ ဒသမ ၆ သန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေး ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရမှုများ ပိုများလာပြီး ယခင်ကတည်းက အခြေအနေဆိုးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ ပိုမိုခက်ခဲလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာလကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။



