အိန္ဒိယအရှေ့မြောက်ပိုင်းနှင့် နယ်နိမိတ်ထိစပ်နေသည့် စစ်ကိုင်းတိုင်း၊ နာဂဒေသ လဟယ်မြို့နယ် ကာမွေလောရီရွာကို အောက်တိုဘာ ၂၀ ရက် ညပိုင်းတွင် အိန္ဒိယစစ်တပ်က နယ်ကျော်၍ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အိန္ဒိယအစိုးရကို ဆန့်ကျင်သည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)ကို ပစ်မှတ်ထား၍ မြန်မာနိုင်ငံ နာဂဒေသသို့ နယ်ကျော်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးသီးများသည် ကျေးရွာရှိ လူနေအိမ်များသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု နာဂဒေသသတင်းများက ဖော်ပြသည်။
ထိုတိုက်ခိုက်မှုကြောင့် ၈နှစ်အရွယ် ကလေး ၁ဦးနှင့် NSCN-K အဖွဲ့မှ ဗိုလ်ချုပ်ပီးအောင်ဆိုသူ၏ အသက် ၂၇ နှစ်အရွယ်သားတို့ သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း နာဂဒေသသတင်းများကို ဖော်ပြသည့် Nagaland Watch တွင် ရေးသားထားသည်။
အိန္ဒိယစစ်တပ်သည် ယခုနှစ်အတွင်း မြန်မာဘက်ထိ ဝင်ရောက်တိုက်ခိုက်မှုမှာ နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း နာဂနိုင်ငံရေး လေ့လာစောင့်ကြည့်သူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“၂၀၂၅ ထဲမှာပဲ နှစ်ကြိမ် မြောက်ပါ။ တိုက်ခိုက်မှုဟာ NSCN K စခန်းမဟုတ်ဘဲ ရွာထဲမှာပါ။ အိန္ဒိယသတင်းဌာနတွေမှာလည်း ဒီကိစ္စကိုများစွာ ဖော်ပြနေပေမယ့် အိန္ဒိယစစ်တပ်က သူတို့ရဲ့တိုက်ခိုက်မှုကို လူသိရှင်ကြား ဝန်ခံတာမျိုးလုပ်တာ ယခင်ရော ယခုရော မတွေ့ရပါဘူး” ဟု ၎င်းက ပြောသည်။
ယခုနှစ် ဇူလိုင် ၁၃ ရက်ကလည်း နာဂဒေသ၊ နန်းယွန်းနှင့် လဟယ်မြို့နယ်ထဲထိ အိန္ဒိယစစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးသည်။

အိန္ဒိယနှင့် မြန်မာပြည်နယ်စပ်တွင် နယ်မြေတစ်ဆက်တည်း နေထိုင်ကြသော နာဂလူမျိုးများသည် အိန္ဒိယ၏ လက်အောက်ခံမဟုတ်ဘဲ သီးခြားနိုင်ငံနှင့် လူမျိုးအဖြစ် ရပ်တည်နိုင်ရန် ဆယ်စုနှစ်နှင့်ချီ ကြိုးပမ်းမှုအပေါ် အိန္ဒိယအစိုးရက အသိမှတ်မပြုကြောင်း ထိုအမျိုးသားက ဆိုသည်။
ထိုရည်မှန်းချက်ရှိသော အိန္ဒိယ၏ နာဂပြည်နယ်ခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့ NSCN-K ၏ လုပ်ရပ်များကို ဟန့်တားရန် ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အိန္ဒိယစစ်တပ်က မြန်မာဘက်ထိ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ မကြာခဏကင်းထောက်ခြင်းတို့ကို အာဏာသိမ်း စစ်ကော်မရှင်က နှုတ်ဆိတ်နေကြောင်း သူက ဆိုသည်။
အိန္ဒိယစစ်တပ်၏ ထိုတိုက်ခိုက်မှုကို အပြင်းအထန်ရှုတ်ချကြောင်း NSCN-K က အောက်တိုဘာ ၂၁ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားသည်။
အိန္ဒိယ၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများသည် အိန္ဒိယအစိုးရ၏ စိုးရိမ်တကြီးတုန့်ပြန်မှုကို ပြသနေသည်ဟုလည်း India For Myanmar အဖွဲ့၏ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
NSCN-K သည် နွေဦးတော်လှန်ရေး အင်အားစုများကို ကန့်ကွက်သည့် ထုတ်ပြန်ချက်အချို့ထုတ်ဖူးပြီး စစ်ကော်မရှင်နှင့် ဆက်နွယ်မှုရှိသည်ဟူသော သတင်းများလည်းရှိကြောင်း ၎င်းက ဆိုသည်။
“နောက်ကြောဓားနဲ့ ပြန်ထိုးတဲ့ပုံစံမျိုးဖြစ်တယ်လို့တော့ မြင်တယ်ပေါ့နော်။ ကသည်း အင်အားစုတွေ အပါဝင် အိန္ဒိယလက်နက်ကိုင်တချို့ စစ်ကောင်စီနဲ့ လက်တွဲနေတယ်။ ဒါပေမယ့် စစ်ကောင်စီကို ဖိအားပေးပြီးတော့မှ စစ်ဆင်ရေးအနေနဲ့ အိန္ဒိယဘက်က လုပ်ချင်နေတဲ့အပေါ်မှာ သူတို့နေတဲ့နေရာ အတိကျကို ထောက်လှမ်းရေး အချက်အလက်တွေပေးပြီး ဗုံးကြဲတာ လုပ်ခွင့်ပေးတာမျိုး ဖြစ်ဖို့များတယ်” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းစစ်တပ်က အိန္ဒိယသူပုန်များ၏ အကူအညီဖြင့် မြန်မာတော်လှန်ရေး အင်အားစုများကို တိုက်ခိုက်နေကြောင်း၊ ထိုအချက်ကို အိန္ဒိယဘက်ကလည်း ကန့်ကွက်ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် အိန္ဒိယနှင့် စစ်ကော်မရှင်တို့ နားလည်မှုယူပြီး နှစ်ဖက်တပ်များကို နောက်ကျောဓားထိုးသည့် လုပ်ရပ်များ ဖြစ်လာနိုင်ခြေရှိကြောင်း ၎င်းက ပြောသည်။
အိန္ဒိယနိုင်ငံမှ မဏိပူရ်ပြည်နယ်ခွဲထွက်ရေး လှုပ်ရှားနေသည့် ကသည်းသူပုန်အဖွဲ့ (PLA) သည်လည်း စစ်ကောင်စီနှင့် ပူးပေါင်း၍ တော်လှန်ရေးတပ်များကို တိုက်ခိုက်နေသည်။
အိန္ဒိယအစိုးရက မြန်မာစစ်ရှောင်အများအပြားကို လက်ခံထားသော်လည်း စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသည့် တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့( တမူး-ပကဖ) တပ်ဖွဲ့ဝင် ၁၀ ဦးကို အိန္ဒိယနယ်စပ်လုံခြုံရေးတပ်၊ အာသံရိုင်ဖယ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်လည်း ယခုနှစ်မေလတွင် ဖြစ်ပွားခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အိန္ဒိယအစိုးရသည် စစ်ကောင်စီနှင့် မကြာခဏထိတွေ့ဆက်ဆံမှုရှိခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်လအတွင်းက နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ပြီးနောက် အိန္ဒိယစစ်တပ် ထောက်လှမ်းရေး အကြီးအကဲနှင့် အာဏာသိမ်း ဒုစစ်ခေါင်းဆောင်တို့ ဇူလိုင် ၁၆ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။



