အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗန်းမောက်မြို့ကို စစ်တပ်ထိုးစစ်ဆင်နေပြီး ၄ ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေ

နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်ကာ ထိုးစစ်ပိုမိုပြင်းထန်လာပြီး တော်လှန်ရေးတပ်ပေါင်းစု၏ ခုခံစစ်ကြောင့် စစ်တပ်နှင့် SNA ပူးပေါင်းတပ်များ ရှေ့မတိုးနိုင်သေးဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တပ်များ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဗန်းမောက်မြို့ကို စစ်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်(SNA) ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေပြီး ဗန်းမောက်မြို့နှင့် အနီးတဝိုက်ကိုလည်း လေးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

ဗန်းမောက်မြို့ကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့တွင် NUG လက်အောက်ခံတပ်နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့သည်။ ထို့နောက် စစ်တပ်နှင့် SNA တပ်များက ဗန်းမောက်မြို့ကို ပြန်သိမ်းရန် ထိုးစစ်ဆင်နေရာ မြို့အနောက်ဘက်တွင် မိုင်အနည်းငယ်အကွာတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဗန်းမောက်မြို့အနောက်ဘက် တစ်မိုင်ခန့်အကွာရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း(နတလ)ကုန်းကို စစ်တပ်နှင့် SNA ပူးပေါင်းတပ်များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြို့အနီးသို့ ဆက်လက်ထိုးစစ်ဆင်နေသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်ကာ ထိုးစစ်ပိုမိုပြင်းထန်လာပြီး တော်လှန်ရေးတပ်ပေါင်းစု၏ ခုခံစစ်ကြောင့် စစ်တပ်နှင့် SNA ပူးပေါင်းတပ်များ ရှေ့မတိုးနိုင်သေးကြောင်း မြေပြင်သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

“နတလကုန်းတော့ သူတို့သိမ်းထားပြီ။ ရှေ့ကို ဆက်တိုးနေတာပေါ့။ ဒီဘက်(တော်လှန်ရေးတပ်များ) ကတော့ ကာထားတုန်းပဲ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဗန်းမောက်မြို့နှင့် နတလကုန်းကြား တစ်မိုင်ခန့်သာ ဝေးသည်ဖြစ်ရာ ဗန်းမောက်မြို့ ရပ်ကွက်များအတွင်း စစ်တပ်နှင့် SNA တပ်များက ထိုးဖောက်ဝင်ရောက်ရန် အလွန်နီးကပ်နေသည်။ တိုက်ပွဲဖြစ်နေသည့် လေးရက် အတွင်း နေ့စဉ်ဗုံးကြဲနေသည်ဟုလည်း အထက်ပါသတင်းရင်းမြစ် အမျိုးသားက ပြောသည်။

“လေယာဉ်ကတော့ နေ့တိုင်းပါပဲ တစ်စီးမဟုတ်ရင် နှစ်စီး လာလာချနေတာပဲ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် နေရာများအပြင် ဗန်းမောက်မြို့ပေါ် ရပ်ကွက်အချို့ရှိ နေအိမ်များလည်း ထိခိုက်ပျက်စီးမှုများရှိနေပြီး အချို့ရပ်ကွက်များတွင် နေအိမ်အချို့ မီးလောင်နေသည်ဟု ဒေသခံများက ဆိုသည်။ လူသေဆုံးမှုနှင့် နေအိမ်ပျက်စီးမှု အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့်​ ရက်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့ပေါ်ရပ်ကွက်များအနီးထိ ရောက်ရှိလာပြီး တော်လှန်ရေးတပ်များ၏ ပြင်းပြင်းထန်ထန် ခုခံမှုကြောင့် အထိနာပြီး နောက်ပြန်ဆုတ်သွားခဲ့သည်ဟုလည်း သိရသည်။

အထိနာနေသည့် စစ်တပ်က လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများအပြင် အသေခံဒရုန်းများဖြင့်ပါ တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲပိုမိုပြင်းထန်နေသည်ဟုလည်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကိုယ့်ဘက်က ကလေးတွေလည်း အတတ်နိုင်ဆုံးတော့ ကာထားတယ်။ ဖောက်လို့မရတော့ လေယာဉ်နဲ့ လာကူနေတာပေါ့။ လေယာဉ်နဲ့ လာလာချနေတာ သူတို့ ဖောက်လို့မရဘူး။ ဒါပေမဲ့လည်း ထိခိုက်မှုမရှိပါဘူး။ အခုက သူတို့က အသေခံ ဒရုန်းတွေနဲ့ ဆော်နေတာ၊ အဲဒါတော့ သတိထားရတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

တိုက်ပွဲများနှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဗန်းမောက်မြို့အနောက်ဘက် ကျေးရွာများဖြစ်သည့် နားယကာ၊ စက်တော၊ လည်နက်ကြီး၊ ပေကုန်း၊ မြို့အရှေ့ဘက်ကပ်လျက်ရှိ မြစ်သေးချင်း၊​ ကျွဲကောကုန်းစသည့် ကျေးရွာများအပြင် ရွာပေါင်း ၁၅ ရွာကျော်နှင့် မြို့ပေါ်ရပ်ကွက် လေးခုမှ ဒေသခံများအားလုံး ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။

ဗန်းမောက်စစ်ရှောင် ၂၀၀၀ ကျော်ခန့်ကို ဗန်းမောက်မြို့အရှေ့ဘက်ရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ကျေးရွာများတွင် ပြန်လည်နေရာချထားပေးပြီး ကူညီထားသည်ဟု ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ထံမှသိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ဗန်းမောက်တစ်မြို့နယ်လုံးတွင် လူဦးရေ တစ်သိန်းကျော်ရှိသည်။ လတ်တလောတွင် မြို့ပေါ်တွင် နေထိုင်သူ ၅၀၀၀ ခန့်သာရှိပြီး မြို့နေလူဦးရေ၏ ထက်ဝက်ကျော်သည် မြို့သိမ်းတိုက်ပွဲသတင်းများကြောင့် အခြားဒေသများသို့ တိမ်းရှောင်နေကြသည်။

ဗန်းမောက်မြို့၏ အနောက်တောင်ဘက် မိုင် ၆၀ ခန့်အကွာတွင်ရှိသည့် ပင်လည်ဘူးမြို့ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလနှင့် ဗန်းမောက်မြို့ အရှေ့ဘက် ၂၈ မိုင်အကွာတွင်ရှိသည့် အင်းတော်မြို့ကို ယခုနှစ် ဧပြီလတွင် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။

NUG အစိုးရ လက်အောက်ခံတပ်များနှင့် ပူးပေါင်းတပ်များက အာဏာသိမ်းစစ်တပ်ကို မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယနေ့အထိ စစ်ကိုင်းတိုင်းအတွင်းရှိ အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊​ မြို့သစ်၊ ရွှေပြည်အေး နှင့် ဗန်းမောက်မြို့များကို သိမ်းပိုက်ထားသည်။

Related Articles

Back to top button