အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုကြောင့် သယံဇာတစီမံခန့်ခွဲမှု NUG ယာယီရပ်ဆိုင်း

သစ်နှင့်သစ်တောထွက်ပစ္စည်း အရေးကိစ္စများကို ဆောင်ရွက်ရာတွင် အသက်အန္တရာယ်သာမက ဝန်ထမ်းများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးနှင့် ပဋိပက္ခများလျှော့ချရေးအတွက် ယာယီရပ်ဆိုင်းထားသည်ဟု သိရသည်။

သစ်တောဝန်ထမ်းများ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုအပါအဝင် စီမံခန့်ခွဲမှုအခက်အခဲများကြောင့် ဒီဇင်ဘာ လဆန်းက စပြီး လုပ်ငန်းများ ယာယီရပ်ဆိုင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၈ ရက်နေ့ ရက်စွဲ ဖြင့် ထုတ်ပြန်သည်။

သစ်နှင့်သစ်တောထွက်ပစ္စည်းများ တရားမဝင်ထုတ်လုပ်သယ်ဆောင်မှုကို တားမြစ်အရေးယူခြင်းနှင့် အခွန်ဒဏ်ကြေးကောက်ခံခြင်းအပါအဝင် စီမံခန့်ခွဲမှုကိစ္စများအား ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ဆောင် ရွက်ခြင်းမပြုတော့ကြောင်း သိရသည်။ 

NUG ၏ သယံဇာတဝန်ကြီးဌာနအနေဖြင့် သစ်တောပတ်ဝန်းကျင်ကဏ္ဍနှင့် သတ္တုကျောက်မျက်ကဏ္ဍဟု သီးသန့် စီခွဲ၍ အတွင်းဝန်နှစ်ဦးဖြင့် စီမံခန့်ခွဲပြီး ကဏ္ဍတစ်ခုချင်းစီတွင် သက်ဆိုင်ရာ CDM ဝန်ထမ်းများက တာဝန်ယူဆောင်ရွက်နေသည်။ 

ထိုအထဲကမှ  သစ်တောပတ်ဝန်းကျင်ကဏ္ဍမှ ဝန်ထမ်းများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးနှင့် သယံဇာတစီမံအုပ်ချုပ်မှုတွင် ပဋိပက္ခများလျှော့ချရေးအတွက် ယာယီရပ်ဆိုင်းထားသည်ဟု ဝန်ကြီးဌာနက ဆိုသည်။ 

“ အခုရပ်နားအဖွဲ့က သစ်တော ပတ်ဝန်းကျင်ကဏ္ဍအဖွဲ့ရဲ့ မြေပြင်စီမံခန့်ခွဲမှု လုပ်ငန်းရပ်နားတာပါ။ နည်းပညာ တောင်းခံရင်တော့ ကူညီမယ်။ သို့သော် မြေပြင်တိုက်ရိုက်ကွပ်ကဲစီမံတာမျိုးကို မလုပ်တော့ဘူးဆိုတဲ့ သဘောပါ” ဟု သယံဇာတဝန်ကြီးဒေါက်တာတူးခေါင်က Myanmar Now ကို ပြောသည်။ 

“ယာယီဆိုတာသီးခြားပြန်ပြီး ဆုံးဖြတ်တာမျိုးမရှိမချင်းပေါ့။ မူဝါဒအရ လုံးဝရပ်နားတယ် ဆိုတာမျိုး မဟုတ်ဘူး”ဟု ၎င်းက ဆက်ပြောသည်။ 

အစိုးရ၏ မူဝါဒ၊ ညွှန်ကြားချက်များကိုအကောင်အထည်ဖော်ရာတွင် စီမံခန့်ခွဲမှု မူဘောင်ကိုကျော်လွန်သည့် စွက်ဖက်မှုများ၊ အတားအဆီးနှင့် ဖိအားပေးမှုများ၊ ပဋိပက္ခများ၊ နှုတ်အားဖြင့် ၊ လက်နက်အားဖြင့် ခြိမ်းခြောက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများရှိလာသဖြင့် ဖြေရှင်းနိုင်ရန် အစိုးရအဖွဲ့တွင်း ညှိနှိုင်း ဖြေရှင်းသော်လည်း တိုးတက်မှုမရှိကြောင်း ဝန်ကြီးဌာနဘက်က ဆိုသည်။

အစိုးရအဖွဲ့ကြား မည်သည့်ဌာနများနှင့် ညှိနှိုင်းသည်ဆိုသည်ကို ဒေါက်တာတူးခေါင်ထံ Myanmar Now က မေးမြန်းသော်လည်း အသေးစိတ်အချက်အလက်များကို ဖြေကြားခြင်းမရှိပေ။

လက်ရှိတွင် ဝန်ကြီးချုပ် ဦးဆောင်ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်အဖွဲ့က ဆက်လက်ကိုင်တွယ်သွားမည်ဟု ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။ 

သယံဇာတအရေးမူဝါဒများချမှတ်သည့် ပြည်ထောင်စုအဆင့်သယံဇာတအုပ်ချုပ်မှုကော်မတီကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး သယံဇာတ ဝန်ကြီးဌာန၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ပါဝင်သည်။ 

၂၀၂၃ ခုနှစ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရစိုးမိုးထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ အင်းတော် နှင့် ဗန်းမောက်မြို့နယ်တို့တွင် သစ်အလွန်အကျွံခိုးထုတ်နေမှုကို NUG ပြည်ထဲရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ) တို့က ငွေကြေးရယူခွင့်ပြုထားသည် ဟုဆိုကာ ဒေသခံများနှင့် ပွတ်တိုက်မှုများရှိခဲ့သည်။ 

ယခုနှစ် ဇွန်လအတွင်း စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် “သစ်ပင်များမခုတ်ရ၊ ထိရောက်စွာ အရေးယူ အပြစ်ပေးမည်” စာတန်းများ ကပ်ရိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြစဉ်။ (ဓာတ်ပုံ- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)

ထို့အပြင် မော်လူးမြို့နယ်တွင်လည်း တရုတ်နိုင်ငံသို့တင်ပို့မည့် သစ်ကားများကို မြို့တွင်းဖြတ်သန်း သယ်ယူခွင့် ပြုသော်လည်း တနိုင်တပိုင်လုပ်သူကိုင်သူများ လုပ်ခွင့်မရသည့်အတွက် ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ပြီး အုပ်ချုပ်ရေးမှူးအချို့လည်း နုတ်ထွက်ခဲ့သည်။

တော်လှန်ရေးအင်အားစု အားကောင်းရာ မကွေးတိုင်း၊ ယောဒေသတွင်မူ သယံဇာတ စီမံခန့်ခွဲမှုအဖွဲ့၏ ဩဇာသက်ရောက်မှုမှာနည်းပါးကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံက သိရသည်။

“ယောဒေသမှာ သူတို့ဩဇာသက်ရောက်မှုမရှိဘူး လုပ်ဆောင်နိုင်စွမ်း မရှိဘူးဆိုတော့ ရပ်နားလိုက်တာက ယောဒေသမှာတော့ ထူးထွေဂယက်ရိုက်စရာမရှိဘူး။ ဒီဌာနက ယောဒေသမှာ အလုပ်မလုပ်သေးဘူး။ မတွင်ကျယ်သေးဘူး”ဟု ယောဒေသမှ အထက်ပါစစ်ရေးသတင်းရင်းမြစ်က ပြောသည်။ 

ယောဒေသတွင် ကျွန်းသစ်ထုတ်လုပ်မှုကို ခွင့်ပြုမထားဘဲ ဝါးနှင့်ရှားစေးကဲ့သို့ ထုတ်လုပ်မှုများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ချင်း ညှိနှိုင်းအခွန်ဆောင်ပြီး ထုတ်ယူခွင့်ပြုကြောင်း၎င်းက ဆိုသည်။ 

“ ကျွန်းသစ်ကြီးတွေတော့မရဘူး။ ဝါးရှိမယ်။ ရှားစေးရှိမယ်။ အဲ့ဒါတွေကျတော့တစ်မြို့နယ်နဲ့ တစ်မြို့နယ် ပအဖ ချင်းညှိနှိုင်းပြီးမှ အခွန်ဆောင်စေတာမျိုးဗျ။ အဲ့ဒီလိုမျိုးနဲ့သွားတယ်။ အခွန်မဆောင်ရင် ဖမ်းတယ်။ ကျွန်းသစ်ကြီးတွေ ခိုးတာသယ်လာတာတွေ့ရင်ဖမ်းတယ်။ ဒါမှမဟုတ်တောထဲမှာထုတ်နေတာကြားရင် တောထဲထိလိုက်ရှာပြီးဖမ်းတယ်”ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ 

တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်သယ်ဆောင်မှုကို အရေးယူ၊ဒဏ်ကြေးကောက်ခံခြင်း၊ ဒေသတွင်းအသုံးပြုမှုအတွက်အခွန်ဒဏ်ကြေးဖြင့် သယ်ဆောင်ခွင့်ပြုခြင်းစသည်တို့မှ  ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ သုံးနှစ်တာအတွင်း ရန်ပုံငွေ ကျပ် ၂၈ ဘီလီယံ ရရှိခဲ့ကြောင်း သယံဇာတဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

ကောလင်းမြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး ဦးအရိန္ဒမာသည် ယခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က  မြို့အနောက်တောင်ဘက် ရှမ်းကလုံးရွာနှင့်ရွှေတွင်းရွာကြားတွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။ တစ်နှစ်နီးပါးကြာမြင့်လာသည့်တိုင် ထိုအမှုနှင့်ပတ်သက်ပြီး တရားခံဖမ်းဆီးရမိခြင်းမရှိသေးဘဲ စုံစမ်း နေဆဲအဆင့်သာရှိကြောင်း ဝန်ကြီးချုပ်ရုံးထံက သိရသည်။ 

“ ဦးအရိန္ဒမာ သတ်ဖြတ်ခံရခြင်းနဲ့ပတ်သက်ပြီး တရားခံကိုဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။ ဖမ်းဆီးရမိ နိုင်ဖို့အတွက် စုံစမ်းစစ်‌ဆေးဖော်ထုတ်မှုတွေကို ဆက်လက်ဆောင်ရွက်လျှက်ရှိပါတယ်”ဟု ဦးနေဘုန်းလတ် ကပြောသည်။ 

ထို့အပြင် ယခုနှစ် ဇွန်လကလည်း အထူးသယံဇာတအဖွဲ့ခေါင်းဆောင် ဦးအာကာနှင့်အဖွဲ့အား တိုင်ကြား ချက်များကြောင့် ဖမ်းဆီးထိန်းသိမ်းပြီးနောက် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးခဲ့ပြီး ရလဒ်များ အပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဦးနေဘုန်းလတ်ကပြောသည်။ 

Related Articles

Back to top button