အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချောင်းဦးမြို့ ကျီကုန်းရွာကို စစ်တပ်မီးတင်ရှို့၊ အရပ်သား ၆ ဦးကိုသတ်ဖြတ်

စစ်တပ်သည် ရွာထဲစီးနင်းထားစဉ် တန်ဖိုးကြီးပစ္စည်းမှသည် ဆန်၊ ဆီ အပါအဝင် စားသောက်ကုန် ပစ္စည်းများကို ကားကြီးကားငယ်များဖြင့် သယ်ထုတ်ယူဆောင်သွားကြောင်း ဒေသခံများ ကပြောသည်။

စစ်တပ်သည် ပြီးခဲ့သည့်နိုဝင်ဘာ ၃၀ ရက်မှစတင်ပြီး စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာမှ ရာနှင့်ချီသည့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး အနည်းဆုံးအရပ်သားခြောက်ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု ရွာခံများကဆိုသည်။

ကျီကုန်းရွာနှင့် နှစ်မိုင်ခန့်ဝေးသည့် ခင်မွန်ရွာတွင်တပ်စွဲထားသည့် စစ်တပ်သည် နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီတွင် ကျီကုန်းရွာကို ရုတ်တရက်ဝင်စီးခဲ့ကြောင်း၊ ထို့နောက်ချက်ချင်း ပြန်ဆုတ်သွားပြီး နောက်နေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အင်အား ၁၅၀ ခန့်ဖြင့်ပြန်လာဝင်ရောက်လာကြောင်း ဒေသခံတို့ကဆိုသည်။

ကျီကုန်းရွာသည် အရှေ့ရွာနှင့် အနောက်ရွာဟု ဆက်စပ်တည်ရှိရာ အိမ်ခြေ ၁၀၀၀ ခန့်ရှိသည့် အရှေ့ရွာသည် ချောင်းဦးမြို့နယ်တွင်ပါဝင်ပြီး အိမ်ခြေ ၂၀၀ ခန့်ရှိသည့်အနောက်ရွာသည် မုံရွာမြို့နယ်တွင်ပါဝင်သည်။

စစ်တပ်ဝင်ရောက်ထားသည့် ဆယ်ရက်တာအတွင်း အသက် ၄၀ ကျော်မှ ၆၀ ကျော်အရွယ် ကျီကုန်း အရှေ့ရွာဒေသခံ အမျိုးသား သုံးဦးနှင့် ချောင်းဦးမြို့ပေါ်မှ စစ်တပ်က ဓားစာခံအဖြစ်ဖမ်းဆီးလာသည့် အသက် ၂၀ ကျော်အရွယ် အမျိုးသားသုံးဦး သတ်ဖြတ်ခံခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ကျီကုန်းရွာတွင်စစ်တပ်စီးနင်းထားချိန် မီးရှို့ဖျက်ဆီးခံရသည့်နေအိမ်များ (ဓာတ်ပုံ – ပေးပို့) 

နိုဝင်ဘာလ ၃၀ ရက်နေ့က ရုတ်တရက်စစ်ကြောင်းဝင်လာချိန်တွင် ဒေသခံအများစုသည် ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သော်လည်း သက်ကြီးရွယ်အိုအချို့နှင့် ကျန်းမာရေးမကောင်းသဖြင့် သွားလာရေးခက်ခဲသူအချို့ အချိန်မီမထွက်နိုင်ခဲ့သည့် အခြေအနေဖြစ်ကြောင်း သိရဿည်။ 

“အိမ်ခြေ ၁၀၀၀ ကျော်ကြီးဆိုတော့ ထုပ်ရတာက လမ်းတွေကတော်တော်ကျပ်တာပေါ့။ အဲ့ဒီတော့ သက်ကြီးရွယ်အိုတွေနဲ့ မသွားနိုင်မလာနိုင်တဲ့သူတွေ ချန်ထားခဲ့ရတာ”ဟု ကျီကုန်းရွာဒေသခံက ပြောသည်။ 

စစ်တပ်ဝင်သည့်နေ့က ကျီကုန်း(အရှေ့)ရွာခံ အသက် ၄၄ နှစ်အရွယ် ကိုမင်းနိုင်ကို ၎င်းနေအိမ်ရှေ့တွင် ပစ်သတ်ခဲ့ကြောင်းသိရသည်။ ထို့အပြင် ချောင်းဦးမြို့ပေါ်မှ စစ်တပ်က ဓားစာခံဖမ်းလာသည့် အသက် ၂၀ ကျော်အရွယ် အမျိုးသားသုံးဦး၏ ရုပ်အလောင်းများကိုလည်း ရွာထဲတွင်တွေ့ရသည်ဟုလည်း ကျီကုန်းရွာဒေသခံက ပြောသည်။

ထို့နောက် ယမန်နေ့ (ဒီဇင်ဘာလ ၈ ရက်နေ့) တွင် အသက် ၅၀ ကျော်အရွယ် ရွာခံအမျိုးသားကို ဘုန်းကြီးကျောင်းအတွင်း၌ပင် ပစ်သတ်ခဲ့ပြီး ယနေ့ (ဒီဇင်ဘာလ ၉ ရက်နေ့) နံနက်ပိုင်းတွင်လည်း သက်ကြီးပိုင်း အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်းသိရသည်။ 

စစ်တပ်သည် ရွာထဲစီးနင်းထားစဉ် တန်ဖိုးကြီးပစ္စည်းမှသည် ဆန်၊ ဆီ စသည့်စားသောက်ကုန်များအထိ ပစ္စည်းများကို ကားကြီးကားငယ်များဖြင့် သယ်ထုတ်ယူဆောင်သွားကြောင်း ဒေသခံများ ကပြောသည်။ 

“ ရွာထဲစီးပြီး ရှိသမျှ ပစ္စည်းအကုန်သယ်တာပဲ။ ဘာတွေသယ်လဲဆိုရင် ဆန်တွေသယ်တယ်။ ဆီတွေသယ်တယ်။ ဘုန်းကြီးကျောင်းက ဆက်တီ၊ ရေခဲသေတ္တာ၊ ဘာဆိုဘာမှမချန်ဘူး။ နောက်ဆုံး ဘယ်လောက်ထိလဲဆိုရင် ရိတ်စက်ကအစသယ်တာ။ ၁၂ ဘီးကားတွေနဲ့လာသယ်တာ။ ထွေလာတွေ သယ်တယ်။ စက်ဘီး၊ ရေနံဆီ၊ ရွာထဲရှိသမျှ ပစ္စည်းအကုန်သယ်တာ”ဟု အထက်ပါ ကျီကုန်းရွာခံက ပြောသည်။

ထို့နောက် ကျီကုန်း အနောက်ရွာကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် စတင်မီးရှို့ခဲ့ပြီးနောက် ဒီဇင်ဘာလ ၈ ရက်နေ့ တွင် ထပ်မံမီးရှို့ရာ ရွာလုံးကျွတ်နီးပါး ပြာကျခဲ့ရသည်။ ယမန်နေ့က ကျီကုန်းအရှေ့ရွာကိုလည်း မီးရှို့ခဲ့သဖြင့် အိမ်ခြေအများအပြားလည်း ပျက်စီးခဲ့ရကြောင်း ဒေသခံများနှင့်တော်လှန်ရေး အင်အားစုများ ကပြောသည်။

“ ပထမရက်ကတော့ ၅ ရက်နေ့က အနောက်ရွာကို တော်လှန်ရေးနဲ့ဆက်စပ်တဲ့အိမ်တွေကိုရှို့တယ်လို့ ယူဆရတာပေါ့။ မနေ့ကတော့ လမ်းဘေးဝဲယာကိုရှို့တယ်။ လမ်းဘေးဝဲယာကိုပိုက်စိပ်တိုက်ရှို့တာ။ မနေ့က နှစ်ရွာလုံးရှို့တာ။အရှေ့ရွာလည်း လမ်းဘေးဝဲယာကိုအကုန်ရှို့တာပဲ”ဟု ၎င်းက ဆိုသည်။ 

ကျီကုန်းရွာကို ပြီးခဲ့သည့်နှစ်များတွင် စစ်တပ်က အကြိမ်ကြိမ်ဝင်ရောက်စီးနင်းခဲ့သော်လည်း ယခုတစ်ကြိမ် စီးနင်းမှုတွင် အိမ်ခြေရာနှင့်ချီ မီးရှို့နေခြင်းဖြစ်ကြောင်းသိရသည်။ 

ကျီကုန်းရွာသည် အထက်တန်းကျောင်း၊ ဈေး၊ ဘုန်းကြီးကျောင်းရှစ်ကျောင်းရှိသည့် စီးပွားရေးဖွံ့ဖြိုးသော ရွာကြီးဖြစ်ပြီး ကျီကုန်းရွာမှ ထွက်ပါက မုံရွာ – မန္တလေးလမ်းပေါ်အထိပေါက်သဖြင့် ဆက်သွယ်ရေးအရ အရေးပါသည့် ကျေးရွာလည်းဖြစ်သည်။ 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ကျီကုန်းရွာတွင်စစ်တပ်စီးနင်းထားချိန် မီးရှို့ဖျက်ဆီးခံရသည့်နေအိမ်များ (ဓာတ်ပုံ – ပေးပို့) 

ကျီကုန်းရွာတွင် တပ်စွဲထားသည့် စစ်တပ်က အနီးဝန်းကျင်ရွာများကို လက်နက်ကြီးနှင့် နေ့စဉ်နီးပါး ပစ်ခတ် တိုက်ခိုက်မှုများရှိသလို မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တက်လာသည့် ဂျိုင်ရိုကော်ပတာကလည်း ကျီကုန်းရွာအနီးတဝိုက်ကို ယမန်နေ့တွင် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူကပြောသည်။ 

ကျီကုန်းရွာတွင် စစ်တပ်က တပ်စွဲထားသလို‌ ချောင်းဦးမြို့ အနောက်ခြမ်း အမြင့်ရွာကိုလည်း ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ရေကြောင်းမှတဆင့် အင်အား ၁၅၀ ခန့်ဖြည့်တင်းထားကြောင်း တော်လှန်ရေးအင်အား စုများထံကသိရသည်။

ချောင်းဦးမြို့နယ်တွင် လက်ရှိစစ်ကြောင်းများကြောင့် ကျီကုန်းရွာနှင့် အမြင့်ရွာအနီးဝန်းကျင်ရွာများမှ ပြည်သူ တစ်သောင်းနီးပါး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး ရာသီဥတုအအေးဒဏ်ကြောင့် အနွေးထည်နှင့် စောင်တို့ လိုအပ်လျှက်ရှိကြောင်း သိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာတောင်ဘက်ကပ်လျက်ရှိနေသည့် ချောင်းဦးမြို့နယ်တွင် စစ်တပ်က မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအချို့ကိုသာ ထိန်းချုပ်ထားပြီး တော်လှန်ရေး အင်အားစုများက ကျေးလက်ဒေသ အများစုကိုထိန်းချုပ်ထားသည်။ 

ချောင်းဦးမြို့နယ်ထဲဖြတ်သန်းသည့် မုံရွာ – မန္တလေး လမ်းပေါ်တွင်ဖြတ်သန်းသွားသည့် စစ်တပ်ကို တော်လှန်ရေးအင်အားစုများက မကြာခဏကြားဖြတ် ချုံခိုတိုက်ခိုက်မှုများပြုလုပ်လေ့ရှိသည်။

ဒီဇင်ဘာလ ၂၈ ရက်တွင်စတင်မည့် ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပမည့်မြို့နယ်ထဲတွင် ချောင်းဦးမြို့နယ် ပါဝင်သော်လည်း ကျေးရွာအုပ်စု ၂၆ ခုတွင်ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ထားသည့်အတွက် မြို့ပေါ်ရပ်ကွက် ၆ ခုတွင်သာ မဲပုံးထောင်နိုင်မည့် အခြေအနေဖြစ်သည်။ 

တော်လှန်ရေးတပ်များ အားကောင်းရာ စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ စစ်တပ်က နယ်မြေစိုးမိုးနိုင်ရေးအတွက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းဖြန့်ထိုးကာ စစ်ရေးလှုပ်ရှားမှုမြှင့်နေသလို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။ 

နိုဝင်ဘာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အိုနှင့်ကလေးငယ်များ အပါအဝင် ပြည်သူ ၉၈ ဦးသေဆုံးပြီး ၁၉၀ ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရခိုင်ပြည်နယ်တို့တွင် အများဆုံးဖြစ်ကြောင်း CDM စစ်တပ်အရာရှိများဖြင့် ဖွဲ့ထားသည့် စစ်ဘက်နှင့်လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ MDSI က ဒီဇင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 



ပုံစာ-စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ကျီကုန်းရွာတွင်စစ်တပ်စီးနင်းထားချိန် မီးရှို့ဖျက်ဆီးခံရသည့်နေအိမ်များ (ဓာတ်ပုံ – ပေးပို့) 





Related Articles

Back to top button