Facebook,YouTube,Twitch, Mediafire တို့သည် စစ်တပ်က ဝါဒဖြန့်ချိရေးအတွက် အသုံးပြုနေသည့် အကောင့်များကို ၎င်းတို့ပိုင်အင်တာနက်ပလက်ဖောင်းများမှ ဖယ်ရှားပစ်ခဲ့သည့်လုပ်ရပ်များကို ကြိုဆိုကြောင်း Justice For Myanmar အဖွဲ့က ယနေ့(ဒီဇင်ဘာ ၁၈) တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့အရေးယူရန် နည်းပညာကုမ္ပဏီများထံ ၎င်းတို့က ဖိအားပေးတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းလည်းJustice For Myanmar ကဆိုသည်။
Justice For Myanmar ၏အဆိုအရ Amazon ကုမ္ပဏီပိုင် ရုပ်သံလွှင့်တင်နိုင်သော ပလပ်ဖောင်း Twitch သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) နှင့် မြန်မာ့ရေဒီယို တိုက်ရိုက်ထုတ်လွှင့်နေသည့်လိုင်း ၁၄ ခုအား ၎င်းတို့၏ ဝဘ်ဆိုဒ်နှင့် Google၊ Apple App stores များရှိ ၎င်းတို့၏ မိုဘိုင်း Apps များမှ ဖယ်ရှားခဲ့သည်ဟုဆိုသည်။
ထို့အပြင် Twitch သည် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် စစ်တပ်ထိန်းချုပ်ထားသည့် MITV ဝဘ်ဆိုဒ်တွင် တွဲတင်ထားသည့် MITV တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်မှုကိုလည်း ဖယ်ရှားခဲ့သည်ဟု Justice For Myanmar ကဆိုသည်။
အလားတူ Facebook ကလည်း စစ်တပ်ထိန်းချုပ်ထားသည့် MITV စာမျက်နှာကို ဖျက်သိမ်းခဲ့သည်ဟု Justice For Myanmar ကဆိုသည်။ သို့သော်အခြားတဖက်တွင် YouTube သည် MITV စာမျက်နှာကို ဖယ်ရှားရန်ငြင်းဆိုခဲ့ပြီး စစ်တပ်ထိန်းချုပ်ထားသည့် MOI Video News ဆိုသည့် စစ်ကော်မရှင် ပြန်ကြားရေးဝန်ကြီးဌာန၏ အကောင့်တစ်ခုကိုမူ ၎င်းတို့၏ ပလက်ဖောင်းမှ ဖယ်ရှားခဲ့သည်။

မန္တလေးတွင်အခြေစိုက်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဦးစီးထုတ်ဝေသည့် ရတနာပုံသတင်းစာ၏ အကောင့်များကိုလည်း Facebook နှင့် ဖိုင်ထိန်းသိမ်းမျှဝေရာ MediaFire ဝဘ်ဆိုဒ်တို့က ဖယ်ရှားပစ်ခဲ့သည်ဟု Justice For Myanmar ၏ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
အခြားတဖက်တွင် Alphabet (Google ၏ မိခင်ကုမ္ပဏီ)၊ Apple၊ TikTok၊ X (ယခင် Twitter)၊ Telegram၊ Cloudflare နှင့် ApkPure တို့ထံလည်း အလားတူအရေးယူဆောင်ရွက်ရန် Justice For Myanmar ဘက်က တောင်းဆိုထားသော်လည်း အရေးယူခြင်းမရှိသေးဟုဆိုသည်။
လူမှုကွန်ယက်ပလက်ဖောင်းများသည် စစ်တပ်အတွက် ဒီဇင်ဘာလကုန်နှင့် ဇန်နဝါရီလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရေး၊ ဝါဒဖြန့်ချီရေးအတွက် အရေးပါသည့် ဒေါက်တိုင်များအဖြစ် အထောက်အပံ့ပေးနေသလို ရွေးကောက်ပွဲအပေါ် ဝေဖန်သူများအား အရေးယူ၍ အကြောက်တရားဖြန့်ချီရေးအတွက် အရေးပါးသည့် ကဏ္ဍတွင် ရှိနေသည်ဟု JFMက ထုတ်ပြန်ချက်တွင် ဝေဖန်ထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ တွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကလေးငယ်တစ်ဦးအပါဝင် အရပ်သား ၃၀ ကျော်သေဆုံးကာ ၇၀ထက်မနည်း ထိခိုက်ဒဏ်ရာရာရရှိခဲ့သော်လည်း အရပ်သားပြည်သူ သေဆုံးမှုမရှိဟုဆိုကာ Telegram၊ X၊ TikTok စသည့် လူမှုကွန်ယက်ပလက်ဖောင်းများမှတဆင့် ငြင်းဆို၍ ဝါဒဖြန့်ချီခဲ့သည်ဟု JFMက ထောက်ပြထားသည်။
အလားတူ နည်းပညာကုမ္ပဏီများက ၎င်းတို့၏ လူမှုကွန်ယက်ပလက်ဖောင်းများပေါ်တွင် ရိုဟင်ဂျာများအား လူသားဂုဏ်သိက္ခာ ညိုးနွမ်းထိခိုက်စေသော အသုံးအနှုန်းများကိုဖြန့်ချီရေးသားနေသော စစ်တပါဒဖြန့်စာမျက်နှာများကို အရေးယူမှုမရှိကြောင်း JFMက ဝေဖန်ထားသည်။
“လူသားမျိုးနွယ်အပေါ် အဆိုးရွားဆုံးရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ကျူးလွန်နေတဲ့ ရာဇဝတ်စစ်အုပ်စုကို နည်းပညာကုမ္ပဏီတွေက သူတို့ပလက်ဖောင်းတွေ၊ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေ ဆက်လက်ပေးအပ်နေတယ်ဆိုတာက လက်ခံနိုင်ဖွယ်မရှိပါဘူး”ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။



