ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ရက်၊ လူ့အခွင့်အရေးနေ့မှာ ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့ မြောက်ဦးက ခရိုင်ဆေးရုံတစ်ခုကို အာဏာသိမ်းစစ်တပ်က ညအချိန်ဗုံးကြဲခဲ့တာကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ဖြစ်ရပ်ဟာ ကမ္ဘာ့သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။
လူ ၃၀ကျော် သေဆုံးပြီး၊ ၇၀ကျော် ဒဏ်ရာရခဲ့တဲ့ ခရိုင်အဆင့်ဆေးရုံ ဗုံးကြဲခံရမှုမှာ မသိန်းသိန်းစိုးဟာ ကံကောင်းထောက်မစွာနဲ့ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။
ဒါပေမယ့် မိသားစုဝင် ၃ယောက်ကိုတော့ မသိန်းသိန်းစိုး ဆုံးရှုံးလိုက်ရပါတယ်။ သူ့ရဲ့အမေ၊ အစ်မနဲ့ ခဲအို တို့ဟာ ဆေးရုံဗုံးကြဲခံရမှုအတွင်း ပွဲချင်းပြီး သေဆုံးသွားခဲ့တာပါ။
ဗုံးကြဲခံရတဲ့ မြောက်ဦးဆေးရုံကြီးဟာ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ၁၄မြို့နယ်ထဲမှာ ဒေသခံတွေ အားအထားရဆုံး ဆေးရုံတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြေပုံ၊ မင်းပြား၊ ကျောက်တော် စတဲ့ ဆေးရုံတွေက အရေးပေါ်လူနာတွေနဲ့ ခွဲစိတ်ကုသရမယ့် လူနာတွေဟာ မြောက်ဦးဆေးရုံကို ပြောင်းရွှေ့ကုသကြရတာ ဖြစ်ပါတယ်။
မြေပုံမြို့ဆေးရုံမှာ အူလမ်းကြောင်းဆိုင်ရာ ကုသနေတဲ့ မသိန်းသိန်းစိုးရဲ့ ဖခင်ဟာ ရောဂါအခြေအနေ ပိုမိုဆိုးရွားလာတာကြောင့် ခွဲစိတ်ကုသဖို့အတွက် မြောက်ဦးဆေးရုံကို ဗုံးကြဲခံရမယ့် ဒီဇင်ဘာ ၁၀နေ့မှာပဲ အရေးပေါ် ပြောင်းရွှေ့ခဲ့ရပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ မြောက်ဦးဆေးရုံကို ည ၈နာရီလောက်ရောက်ပြီး နောက်တစ်နာရီလောက်အကြာမှာတော့ ဆေးရုံးဝင်းတစ်ခုလုံး ကမ္ဘာပျက်သလို ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်ရပ်ဆိုးနဲ့ ကြုံတွေ့ရပါတော့တယ်။
“ကျွန်မတို့ ၈ နာရီလောက်က မြေပုံကနေ မြောက်ဦးဆေးရုံကို ရောက်တယ်။ ၈ နာရီကျော်လောက်မှာ ထမင်းထွက်စားကြတယ်။ ၉ နာရီလောက် ဆေးရုံထဲကို ကျွန်မတို့ပြန်ဝင်ကြတယ်။ အဖေ့ကို ခုတင်မှာတင်ပြီး အစ်မကို မုန့်သွားဝယ်ဖို့ ပြောတယ်။ ထမင်းက ဝအောင်မစားခဲ့ရဘူး။ ဖေဖေ့ကို ဆေးတိုက်ဖို့ ဆိုပြီး အစ်မကို မုန့်ဝယ်ဖို့ခိုင်းတယ်။ အဲဒီအချိန်မှာ ဗုံးလာကြဲတာပါ။ ကျွန်မက ဖေဖေ့အနားမှာ ရပ်နေတာကနေ အခန်းဝင်လမ်းမှာ ထိုင်နေတာပါ၊ နီးနီးလေးပဲ။ အဲဒီမှာ ဗုံးလာကျတယ်။ အဲဒီမှာ မေမေနဲ့ ခဲအိုတို့က ရပ်နေတာ အဲဒီမှာ သေသွားခဲ့ကြတာ။ ကျွန်မက ဘယ်လို လွှင့်ထွက်သွားလဲ မသိလိုက်ဘူး။ ထိုင်နေတာကနေ မျက်နှာက မြေပြင်မှာ သွားပြီးကျတယ်။ ထလာတာနဲ့ မျက်နှာတွေလည်း နာသွားတယ်။ လူတွေကိုလည်း မမြင်ရဘူး၊ အကုန်လုံး မည်းမှောင်သွားတယ်။ မေမေနဲ့ ဖေဖေကို လိုက်ရှာတာလည်း မတွေ့ရဘူး။ အခန်းအလယ်မှာ အကုန်လုံးက လူသေအလောင်းတွေပဲ။ ကျွန်မ ခန္ဓာကိုယ်မှာဆိုရင်လည်း ဘေးက သေသွားကြတဲ့ သူတွေရဲ့ သွေးတွေ အကုန်လုံးပဲ။ တစ်ညလုံး သွေးတွေနဲ့ နေခဲ့ရတာ” လို့ မသိန်းသိန်းစိုးက ပြောပြပါတယ်။
ဖခင်ဖြစ်သူကို ပြုစုဖို့ လူနာစောင့်လိုက်သွားတဲ့ မသိန်းသိန်းစိုးအပါအဝင် မိသားစုဝင် ၇ယောက်ထဲမှာ ၃ယောက်က ဆေးရုံဗုံးကြဲခံရပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ အရေးပေါ်ခွဲစိတ်ဖို့ စောင့်ဆိုင်းနေရတဲ့ ဖခင်ဖြစ်သူ ဦးဦးလှအောင်ကတော့ အသက်မသေခဲ့ပေမယ့် ဗုံးကြဲခံရမှုကြောင့် လက်တစ်ဖက်ပြတ်သွားပါတယ်။
သေဆုံးသွားသူတွေကတော့ မသိန်းသိန်းစိုးရဲ့ မိခင်ဖြစ်သူ အသက် ၅၂နှစ်အရွယ် ဒေါ်လှသန်းယီ၊ အသက် ၂၉နှစ်အရွယ် မသိန်းသိန်းနွယ်နဲ့ အသက် ၃၂နှစ်အရွယ် ခဲအိုဖြစ်သူ ကိုစိုးနိုင်ချေ တို့ ဖြစ်ကြပါတယ်။
သေဆုံးသွားတဲ့ ကိုစိုးနိုင်ချေနဲ့ မသိန်းသိန်းနွယ်တို့ ဇနီးမောင်နှံမှာ ၁၀နှစ်အရွယ်သမီးတစ်ယောက် ကျန်ခဲ့ပါတယ်။ ဒါ့အပြင် မသိန်းသိန်းနွယ်ဟာ ၅လအရွယ် ရင်သွေးလေးကို လွယ်ထားရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ဖြစ်ပါတယ်။
ရိုက်ကူး၊ တင်ဆက် – ညီထွေး
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



