အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တစ်ယူနစ် ၉၀၀ ကျပ်ဖြင့် စက်မှုဇုန်များကို  VPower လျှပ်စစ်မီးပေးမည်

စစ်ကော်မရှင်က VPower လျှပ်စစ်စက်ရုံများကို စမ်းသပ်လည်ပတ်နေပြီး လိုအပ်သော LNG ဓာတ်ငွေ့ကို ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီက တင်သွင်းပေးမည်ဖြစ်ကာ ပထမ နှစ်နှစ်အတွက် တစ်ယူနစ်လျှင် ၉၀၀ ကျပ်နှုန်း၊ နောက်ထပ်သုံးနှစ်အတွက် LNG ဈေးနှုန်းအတက်အကျပေါ်မူတည်၍ မီတာခပြောင်းလဲမည်ဟု ရန်ကုန်မြို့မှ စက်မှုဇုန်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

ရန်ကုန်မြို့ သံလျင်မြို့နယ် သီလဝါနှင့် သာကေတမြို့နယ်အတွင်းရှိ ဟောင်ကောင်အခြေစိုက် VPower ကုမ္ပဏီ၏ သဘာဝဓာတ်ငွေ့ရည် (LNG) စွမ်းအင်သုံးလျှပ်စစ်စီမံကိန်းနှစ်ခုကို ငါးနှစ်စာချုပ်ချုပ်ဆိုကာ မီတာခ တစ်ယူနစ် ၉၀၀ ကျပ်ဖြင့် စက်မှုဇုန်များကို လျှပ်စစ်မီးစပေးမည်ဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင်က VPower လျှပ်စစ်စက်ရုံများကို စမ်းသပ်လည်ပတ်နေပြီး လိုအပ်သော LNG ဓာတ်ငွေ့ကို ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီက တင်သွင်းပေးမည်ဖြစ်ကာ ပထမ နှစ်နှစ်အတွက် တစ်ယူနစ်လျှင် ၉၀၀ ကျပ်နှုန်း၊ နောက်ထပ်သုံးနှစ်အတွက် LNG ဈေးနှုန်းအတက်အကျပေါ်မူတည်၍ မီတာခပြောင်းလဲမည်ဟု ရန်ကုန်မြို့မှ စက်မှုဇုန်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

မီးပြန်ပေးရန် ပြီးခဲ့သည့် ဇန်နဝါရီလကုန်က စစ်ကော်မရှင်လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံခဲ့၍ ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

“တစ်ယူနစ်ကို ၉၀၀ ကျပ်ပေးရမယ်။ နှစ်နှစ်သက်တမ်းမှာ ကမ္ဘာ့ LNG ဈေးတက်တာကျတာရှိခဲ့ရင်တောင်မှ ဒီဈေးက မတက်ဘူး၊ မကျဘူး။ နောက်သုံးနှစ်ကတော့ တစ်နှစ်တစ်ခါပြောင်းမယ်။ ငါးနှစ်စာချုပ်ချုပ်လိုက်တယ်။ ဗမာပြည်မှာ LNG နဲ့ ပတ်သက်ပြီးမှ Vpower ဆိုတဲ့ကုမ္ပဏီက အရင်အစိုးရလက်ထက်က သီလဝါမှာ စက်ငါးလုံးဆင်ထားတယ်။ သာကေတမှာ စက်ငါးလုံးဆင်ထားတယ်။ အဲ့ဒါတွေက ရပ်သွားတာ။ ရပ်သွားတဲ့ကိစ္စကို အကောင်ထည်ဖော်တာပါ” ဟု ၎င်းက ဆိုသည်။ 

သီလဝါဆိပ်ကမ်း၌ ဓာတ်ငွေ့တင်သင်္ဘောဆိုက်ကပ်၍ ထိုသင်္ဘောပေါ်မှ LNG လောင်စာအသုံးပြုကာ လျှပ်စစ်ထုတ်လုပ်သောစီမံကိန်းနှစ်ခုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက် ၂၀၂၀ ပြည့်နှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး အာဏာသိမ်းပြီးနောက် ရပ်နားသွားသည်။

ရန်ကုန်တိုင်းရှိ စက်မှုဇုန် ၂၉ ခုသည် သီးခြားလျှပ်စစ်လိုင်းများဖြင့် AMI (Advanced Metering Infrastructure) အလိုအလျောက်လျှပ်စစ်မီတာဖတ်သည့်စနစ်များတပ်ဆင်ကာ ထိုလျှပ်စစ်မီးကို ရယူအသုံးပြုမည်ဖြစ်ပြီး ထိုလျှပ်စစ်လိုင်းပေါ်ရှိ ဟိုတယ်၊ စားသောက်ဆိုင်နှင့် အခြားသောစီးပွားရေးလုပ်ငန်းများက ရယူအသုံးပြုနိုင်ကြောင်း ၎င်းက ဆိုသည်။

စစ်ကော်မရှင်လက်အောက်ခံ ရန်ကုန်လျှပ်စစ်ကော်ပိုရေးရှင်း၊ အုပ်ချုပ်ရေးပိုင်းနှင့် စက်မှုဇုန်လုပ်ငန်းရှင်များပါဝင်သော စုပေါင်းအဖွဲ့က ယခုရက်ပိုင်းအတွင်း စက်ရုံများရှိ မီတာပုံးများမှ မီတာယူနစ်များကို ဓာတ်ပုံရိုက်မှတ်တမ်းတင်ပြီး ထိုသို့ရိုက်ပြီးနောက် ထပ်မံအသုံးပြုသည့် မီတာခများကို တစ်ယူနစ်လျှင် ကျပ် ၉၀၀ နှုန်းဖြင့် ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ထိုစီမံကိန်း၏ စက်အားလုံးလည်မည်ဆိုပါက လျှပ်စစ်မဂ္ဂါဝပ် ၅၀၀ ထွက်ရှိနိုင်ပြီး  လုပ်ငန်းရှင်များအတွက် အဓိက ဖြန့်ဖြူးမည်ဖြစ်ကာ လက်ရှိတွင် လျှပ်စစ်ဌာနက စက်မှုဇုန်များအား  ပေးနေသည့် ဓာတ်အားများကို အများပြည်သူထံ ပေးမည်ဖြစ်ကြောင်း သိရသည်။ 

“လုပ်ငန်းရှင်တွေကိုပဲအဓိကထားတဲ့သဘောပါ။ ဒီမီးပေးနေတဲ့ကိစ္စ စမ်းသပ်လည်ပတ်နေတာ တစ်လကျော်ကြာပါပြီ။  ကျွန်တော်တို့ ၂၄ နာရီ မီးရနေတာ တစ်လကျော်ကြာပါပြီ” ဟု သူက ဆိုသည်။ 

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၄ စက်တင်ဘာမှစတင်ကာ စစ်ကော်မရှင်က စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံခြားသံရုံးနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အစရှိသည့် လုပ်ငန်းသုံးများအတွက်မူ တစ် ယူနစ်မှ ၅၀၀၀ ယူနစ်အထိ ကျပ် ၂၅၀၊ ၅၀၀၁ မှ ၂၀,၀၀၀ ယူနစ်အထိ ကျပ် ၄၀၀ နှင့် ၂၀,၀၀၁ ယူနစ်နှင့်အထက်ကို ကျပ် ၅၀၀ အထိ တိုးမြှင့်ကောက်ခံခဲ့သည်။ ယခင်က အများဆုံး ကျပ် ၁၈၀ သာဖြစ်သည်။​​

ယခုအခါ စစ်မှုဇုန်များအတွက် မီတာခ တစ်ယူနစ်လျှင် ၄၀၀ မှ ၅၀၀ ကျပ်အထိ ပိုဈေးကြီးသွားသည်။ 

သို့ရာတွင် ယခင်က လျှပ်စစ်မီးမမှန်သဖြင့် မီးစက်များဖြင့် လည်ပတ်နေရခြင်းကြောင့် စစ်ကော်မရှင်က ဒီဇယ်ဆီနှင် ဓာတ်ဆီကို ခွဲတမ်းဖြင့်ရောင်းချပေးခဲ့သည်။ မီးစက်ဖြင့်လည်ပတ်လျှင် ဓာတ်အားတစ်ယူနစ်လျှင် ကျပ် ၁၀၀၀ ကျော်ကုန်ကျသည်ဟု စက်မှုဇုန်လုပ်ငန်းရှင်များက ဆိုသည်။ 

ရန်ကုန်တိုင်းတွင် နှစ်စဉ်ဓာတ်အားလိုအပ်ချက်ရှိနေပြီး စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျှပ်စစ်စီမံကိန်းများထွက်ခွာသွားခြင်းကြောင့် ဓာတ်အားလိုအပ်ချက် ပိုများလာကြောင်း လျှပ်စစ်လုပ်ငန်းများနှင့်ပတ်သက်၍ ထဲထဲဝင်ဝင်သိသည့် သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။ 

စစ်ကော်မရှင်က LNG ဝယ်ယူရန် လုပ်ကိုင်ခွင့်ပေးလိုက်သည့် ထိုင်း PTT ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် အကြီးစား LNG လက်ခံသိုလှောင်ရေးစခန်းကြီးနှစ်ခုကို ဆောက်လုပ်ပြီးစီးထားသည့်နည်းတူ ကမ္ဘာ့ LNG ဈေးကွက်ထဲတွင် ဝယ်ယူမှုကျွမ်းကျင်နေကြောင်း၊ သို့ရာတွင် တစ်ယူနစ် ၉၀၀ ကျပ်မှ ဈေးများကြောင်း ၎င်းက ဆိုသည်။ 

NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်က နွေရာသီတွင် တိုးတက်သုံးစွဲလာသော ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းနိုင်ရန် LNG စွမ်းအင်သုံးလျှပ်စစ်စီမံကိန်းများကို မြန်မာနိုင်ငံ၏ ပထမဆုံးစီမံကိန်းများအဖြစ် ခွင့်ပြုခဲ့သည်။

လျှပ်စစ် ၄၀၀ မီဂ္ဂါဝပ်ထုတ်လုပ်မည့်​ သာကေတစီမံကိန်းကို တရုတ်ကုမ္ပဏီ China National Import and Export Corporation, ဟောင်ကောင်အခြေစိုက် VPower Group Holding နှင့် VPower Holding တို့က ဒေါ်လာ ၃၆၃ သန်းကျော်ရင်းနှီးမြှုပ်နှံကာ CNTIC VPowerYG1 Limited အမည်ဖြင့် လုပ်ငန်းဆောင်ရွက် ခဲ့သည်။

အလားတူပင် လျှပ်စစ် ၃၅၀ မဂ္ဂါဝပ်ထုတ်လုပ်မည့်​ သံလျင်မြို့နယ် သီလဝါလျှပ်စစ်စီမံကိန်းအတွက် ထိုကုမ္ပဏီများက CNTIC VPowerYG2 Limited အမည်ဖြင့် ဒေါ်လာ ၂၉၇ သန်းကျော် ရင်းနှီးမြှုပ်နှံရန် စီစဉ်ခဲ့သည်။

ဓာတ်အားခတစ်ယူနစ်လျှင် ၀ ဒသမ ၁၂ ဒေါ်လာဖြင့် ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်လာဈေးမြင့်တက်လာမှု၊ နိုင်ငံတကာ LNG ဓာတ်ငွေ့ဈေးမြင့်တက်မှု၊ ဓာတ်အားခကြွေးကျန်များ ရှိလာမှုကြောင့် စီမံကိန်းများကို ရပ်ဆိုင်းခဲ့သည်။

Related Articles

Back to top button