အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်မှုထမ်းရန် ခေါ်ခံရသည့် မန္တလေးမြို့ခံလူငယ် ရိုက်နှက်ခံရပြီးသေဆုံး

စစ်မှုထမ်းရန် ခေါ်ခံရသည့်လူငယ်က ပြန်လွှတ်ပေးရန် တောင်းဆိုရာမှ ရိုက်နှက်ခံရပြီး ဦးခေါင်း၊နောက်ကျောတို့တွင် ပြင်းထန်ဒဏ်ရာရကာ သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နေ လူငယ်တစ်ဦး စစ်မှုထမ်းရန် ခေါ်ဆောင်ခံရပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ထားရှိစဉ် ရိုက်နှက်ခံရပြီး သေဆုံးသွားသည်ဟု သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူများထံက သိရသည်။

မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် ယာယီတဲတွင်နေထိုင်သည့် အသက် ၁၇ နှစ်အရွယ် မောင်ဖိုးသားနှင့် အသက် ၂၆ နှစ်အရွယ် ကိုအောင်မင်းခန့်တို့ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်တွင် စစ်မှုထမ်းရန် ခေါ်ဆောင်ခံရပြီး သံနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထားရှိစဉ် ရိုက်နှက်ခံရပြီး မောင်ဖိုးသား သေဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်နှင့် နီးစပ်သူက ပြောသည်။


“ည၁၂နာရီစွန်းစွန်းမှာ ဧည့်စာရင်းဝင်စစ်ပြီး ခေါ်သွားတယ်။ နောက်နေ့ကျတော့ သေသွားလို့သင်င်္ဂြိုဟ် လိုက်တယ်ဆိုပြီး အမေကိုအကြောင်းပဲကြားတယ်။ လက်လွတ်စပယ်ပဲ အလောင်းလည်း မမြင်လိုက်ရဘူး။ သိရတာတော့ သံနောက်ရုံးမှာ ထိပ်တုံးခတ်ပြီး ရိုက်တာနှက်တာ လက်လွန်သွားတယ်လို့ ကြားတယ်”ဟု အထက်ပါ မိသားစုနှင့် နီးစပ်သူက ပြောသည်။

သေဆုံးသူသည် အဝတ်လျှော်လုပ်ငန်းလုပ်ကိုင်သည့် မိခင်နှင့်အတူ စိန်ပန်းပင်မ ၁၀ ရပ်ကွက်တွင် ယာယီတဲဖြင့် နေထိုင်သူဖြစ်သည်ဟု သိရသည်။

ရပ်ကွက်ရုံးနှင့် နီးစပ်သူများ၏ သတင်းစကားအရ မောင်ဖိုးသားသည် စစ်မှုထမ်းရန်ခေါ်သည်ကို ငြင်းဆိုကာ ပြန်လွှတ်ပေးရန်ပြောသည့်အတွက် ရိုက်နှက်ခံရပြီး ဦးခေါင်း၊ နောက်ကျောတို့တွင် ပြင်းထန်ဒဏ်ရာရကာ သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

ရုပ်အလောင်းအား မိခင်ဖြစ်သူအပါအဝင် ရပ်ကွက်နေပြည်သူများကို တွေ့ခွင့်မပေးဘဲ အုပ်ချုပ်ရေးရုံးတာဝန်ရှိသူများက တိတ်တဆိတ် သင်္ဂြိုဟ်ခဲ့သည်ဟု မိသားစုဝင်နှင့် နီးစပ်သူက ဆိုသည်။

မိခင်ဖြစ်သူကို သံနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိူများက ငွေကျပ်တစ်သိန်းပေး နှစ်သိမ့်သည်။ မိခင်ဖြစ်သူသည် သားဖြစ်သူ၏ဓာတ်ပုံဖြင့်သာ နာရေးဆွမ်းသွတ် တိတ်တဆိတ်ပြုလုပ်ခဲ့ရသည်ဟု သိရသည်။

မောင်ဖိုးသားနှင့်အတူ စစ်မှုထမ်းရန်ခေါ်ဆောင်ခံရသည့် ကိုအောင်မင်းခန့်ကိုမူ ရိုက်နှက်ဒဏ်ရာများဖြင့်ပင် မန္တလေးတောင်အရှေ့ဘက်ရှိ စစ်တပ်ဝန်းသို့ ခေါ်ဆောင်သွားသည်ဟုသိရပြီး မိသားစုက ဆက်သွယ်ခွင့် မရသေးဟုလည်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူ(ကိုအောင်မင်းခန့်)ကတော့ နဂိုကတည်းက စစ်မှုထမ်းနာမည်ပေါက်ထားတဲ့သူ။ ကလေးတစ်ယောက်အဖေ၊ ရပ်ကွက်ရုံးမှာပြောစရာရှိတယ်ဆိုပြီး ညဘက်ကြီး လာခေါ်သွားတာ” ဟု အထက်ပါဒေသခံက ပြောသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့်နှစ် မတ်လမှစ၍ စစ်မှုထမ်းခေါ်မှု လအတန်ကြာ ရပ်တန့်ထားရာမှယခုပြန်လည်အဖမ်းအဆီး ပြုလုပ်လာခြင်းဖြစ်သည်။

စစ်မှုထမ်းရန် မြို့နယ်အသီးသီးရှိလူငယ်များကို ပြီးခဲ့သည့်နှစ်ကတည်းက မဲနှိုက်၍ မဲပေါက်သူကို စစ်မှုထမ်းရန် ခေါ်လေ့ရှိသော်လည်း အုပ်ချုပ်ရေးမှူးများထံ လာဘ်ပေးပြီး လူအစားထိုးသည့်အခြေအနေများ ပေါ်ပေါက်နေသည်ဟုလည်း မန္တလေးမြို့ခံများက ဆိုသည်။

“ရပ်ကွက်ထဲက ဘာမှသူတို့ကို မလှန်နိုင်တဲ့ ဆင်းရဲတဲ့ကလေးတွေ၊ နောက် အချိန်မတော် သွားလာနေကြတာတို့တွေကို ဖမ်းတယ်ပြီးရင် လူအစားထိုးတာပေါ့”ဟုစိန်ပန်းရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

မန္တလေးမြို့၏ မြေပြင်အခြေအနေများနှင့် အဖမ်းအဆီးများအား ကင်းထောက်ဖော်ပြပေးနေသည့် Voice Of Mandalay(Vomdy)အဖွဲ့၏ စုဆောင်းမှုအရ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်မှုထမ်းခေါ်ဆောင်ခံရသည့် လူငယ် (၂၀) ဦး ကျော်ရှိသည်ဟု သိရသည်။

ဇန်နဝါရီလအတွင်း မန္တလေးမြို့ခံ လူငယ်များ ဖမ်းဆီးခံရမှု အရေအတွက်ပြဇယား

ဖမ်းဆီး ခံရသည့်ရက်ဖမ်းဆီးခံရသူများနေထိုင်ရာ အရပ်
(သို့မဟုတ်) ဖမ်းဆီးခံရသည့် အရပ်
ဖမ်းဆီးခံရသည့် အရေအတွက်
ဇန်နဝါရီလ ၅ ရက်နေ့အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက်၁ ဦး
ဇန်နဝါရီလ ၅ ရက်နေ့ပုသိမ်ကြီးမြို့နယ် ဝင်းခြံကျေးရွာ၅ ဦး
ဇန်နဝါရီလ ၆ ရက်နေ့အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက်၁ ဦး
ဇန်နဝါရီလ ၈ ရက်နေ့အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက်၁ ဦး
ဇန်နဝါရီ ၁၅ ရက်နေ့ မဟာအောင်မြေမြို့နယ်
၆၉လမ်၊ ၇၃လမ်း (အနီး)
၃ ဦး
ဇန်နဝါရီ ၁၈ ရက်နေ့၄၂လမ်း ၈၉လမ်း (စိန်ပန်းရွှေကူရပ်)၁ ဦး
ဇန်နဝါရီ ၂၆ ရက်နေ့မဟာအောင်မြေမြို့နယ်
လမ်း၈၀၊ ၄၁လမ်း
၁ ဦး
ဇန်နဝါရီလ ၂၆၊ ၂၇၊ ၂၈မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ အောင်မြေသာစံ (မြို့နယ်များ)၁၀ ဦး
စုစုပေါင်း၂၃ ဦး

ထိုအရေအတွက်သည် ၎င်းတို့လက်လှမ်းမီသလောက်သာ ပြုစုနိုင်ခြင်းဖြစ်ပြီး မြေပြင်အခြေအနေတွင် ပိုများနိုင်သည်ဟု Voice Of Mandalay ကင်းထောက်စာမျက်နှာ တာဝန်ရှိသူကပြောဆိုသည်။ ယခုဖေဖော်ဝါရီလ အတွင်းတွင်လည်း မန္တလေးမြို့၌စစ်မှုထမ်းခေါ်ဆောင်မှု များပြားနေပြီး ခေါ်ဆောင်ခံရသူများ၏ အသေးစိတ်အခြေအနေကို မသိရသေးပေ။

အာဏာသိမ်း စစ်ကော်မရှင်သည် အာဏာသိမ်းပြီး သုံးနှစ်အကြာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍စစ်မှုထမ်း ဥပဒေဖြင့် နိုင်ငံတဝှမ်း စစ်သားစစ်စုဆောင်းခဲ့သည်။ ထို့အပြင် လူငယ်လူရွယ်များကိုဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးပြီး စစ်တပ်ထဲ အဓမ္မသွတ်သွင်းခဲ့သည့် ဖြစ်စဉ်များလည်းရှိသည်။

Related Articles

Back to top button