အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချောင်းဦးတွင် စစ်တပ်၏ ၁၀ရက်ကြာ စီးနင်းမှုအတွင်း နေအိမ်၂၀၀ ကျော် မီးရှို့ခံရ

PDF များ အခြေပြုသည်ဟုဆိုကာ စစ်တပ်က ၁၀ ရက်ကြာ စစ်ကြောင်းဝင်ခဲ့သော စစ်ကိုင်းတိုင်း ချောင်းဦးနယ် အတွင်း နေအိမ်အများအပြား မီးရှို့ခံရသလို ဒရုန်းဖြင့် ဗုံးချမှုများ ဆက်တိုက်လုပ်နေသောကြောင့်  ၁၀ ရွာခန့်မှ ဒေသခံများ ထွက်ပြေးနေရသည်။

နိုင်ငံအလယ်ပိုင်းတွင် စစ်ရှိန်မြှင့်နေသည့် စစ်တပ်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို ယခုလဆန်းမှစတင်၍ ဆယ်ရက်နီးပါး စစ်ကြောင်းထိုးစီးနင်းခဲ့စဉ်အတွင်း နေအိမ် နှစ်ရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။ 

အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာမြို့နှင့် ၁၂ မိုင်သာဝေးသည့် ချောင်းဦးမြို့နယ်အတွင်း စစ်တပ်က အင်အား ၂၀၀ နီးပါးဖြင့် ချောင်းဦး – ရေစကြိုလမ်းပိုင်းပေါ်ရှိ ကျေးရွာများကို ဇွန်လ ၂ ရက်မှ ၁၁ ရက်အထိ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။

ထိုစီးနင်းမှုအတွင်း ဆင်မြေ၊ မှန်ချိုနှင့် ငါးလုံးတင်တို့ကို မီးရှို့ခဲ့ရာ ဆင်မြေရွာမှာ ပျက်စီးမှုအများဆုံး ဖြစ်သည်ဟု ဆိုကြသည်။ ပျက်စီးဆုံးရှုံးမှုအခြေအနေအသေးစိတ်ကို အတိအကျ မသိရသေးသော်လည်း ဆင်မြေရွာမှ အိမ်ခြေ ၂၀၀ နီးပါး၊ ငါးလုံးတင်ရွာမှ အိမ်ခြေ ၂၀ ဝန်းကျင်၊ မှန်ချိုရွာမှ အိမ်ခြေ ၂၀ နီးပါး ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

မီးဘေးသင့်ခဲ့သည့်ထိုကျေးရွာများမှာ အိမ်ခြေ ရာဂဏန်းရှိသည့် ကျေးရွာများဖြစ်ပြီး စစ်တပ်နယ်မြေ စိုးမိုးထားရာ ချောင်းဦးမြို့ပေါ်နှင့် ခုနစ်မိုင်ခန့်သာကွာဝေးသည်။ 

စစ်တပ်က ထိုဒေသကို ရှင်းလင်းရေးလုပ်နေကြောင်း ဇွန်လ ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ချောင်းဦးမြို့တောင်ဘက် ချောင်းဦး – ရေစကြိုကားလမ်းပေါ်ရှိ PDF အခြေပြုထားသည့် ငါးလုံးတင်ရွာကို “အကြမ်းဖက်ချေမှုန်းရေး” ဟု အမည်ပေးထားသော စစ်ဆင်ရေးဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ မှန်ချို၊ ဂူကြီးဘုန်ကြီးကျောင်းနှင့် ဆင်မြေ၊ ငါးလုံးတင်နှင့် ဝန်းကျင်တဝိုက် ပြန်သိမ်းပိုက်နိုင်ခဲ့ပြီး ရုပ်အလောင်းနှစ်လောင်း၊ လက်နက်လေးလက်နှင့် ဒရုန်းတစ်စီးရရှိခဲ့ကြောင်း ပါရှိသည်။

ထို့နောက် စစ်တပ်စစ်ကြောင်းက ဇွန်လ ၁၁ ရက်တွင် ချောင်းဦးမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားသော်လည်း ဒရုန်းဖြင့်ဗုံးချကာ တိုက်ခိုက်မှုများဆက်လုပ်နေဆဲဖြစ်သောကြောင့်  ဆင်မြေ၊ မှန်ချို၊ ငါးလုံးတင်၊ မန်ကျည်းဘုတ်၊ မန်ကျည်းခွ၊ မင်းတည်၊ မင်းခေါင်အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာ၁၀ ရွာခန့်မှ ထောင်နှင့်ချီသည့် ပြည်သူများ စစ်ဘေးရှောင်နေရပြီး နေရပ်မပြန်ရဲသေးကြောင်းသိရသည်။ 

စစ်တပ်က အဆင်မြင့်ဒရုန်းများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုသလို အသေခံဒရုန်းများကိုလည်း ပိုမိုသုံးစွဲလာကြောင်း ချောင်းဦးမြိုနယ်မှ တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သည့် ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။ 

“ဒရုန်းက အခုနောက်ပိုင်းမှာ တော်တော်လေးသုံးတယ်။ နမခ ကနေ အသေခံ (suicide/ဆူဆိုက်) ဒရုန်းတွေ လွှတ်ရင် နှစ်စီး၊ သုံးစီးဆက်တိုက်လွှတ်တယ်။ သုံးစီးဆက်တိုက်လွှတ်ပေမယ့် တစ်ခေါက်တည်း မဟုတ်ဘဲ တစ်နာရီလောက်နေရင် ထပ်ပြီးလွှတ်တာမျိုးတွေလည်းရှိတယ်။ ကျွန်တော်တို့ သိရသလောက် တစ်ရက်တည်းနဲ့ ခြောက်စီးချတာမျိုးရှိတယ် ” ဟု ၎င်းကဆက်ပြောသည်။  

နမခ အခြေစိုက်ရာ မုံရွာမြို့တောင်ဘက် ၁၂ မိုင်ခန့်သာကွာဝေးသည့်ချောင်းဦးမြိုန့ယ်တွင် စစ်တပ်က မြို့ပေါ် ရပ်ကွက်များ၊ မြို့မြောက်ဘက် ခင်မွန်၊ ဘက်စုံ မွေးမြူရေးစခန်းနှင့် မြပုလဲ ဆီဆိုင်၊ မုံရွာ – မန္တလေး လမ်းပိုင်းပေါ်တွင် နယ်မြေစိုးမိုးထားသော်လည်း ကျေးလက်ဒေသအများစုကို ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း စစ်တပ် ဦးဆောင်ကျင်းပသော ရွေးကောက်ပွဲတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့မှုဖြစ်ပွားခဲ့သေးသည်။

စစ်တပ်ကလည်း ၎င်းတို့စစ်ဌာနချုပ်နှင့် အလှမ်းမဝေးသော ချောင်းဦးမြို့နယ်အတွင်း တော်လှန်ရေး အခြေပြု ကျေးရွာတို့ကိုလည်း တိုက်ခိုက်မှုများရှိနေရာ ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း ဘုံတိုကျေးရွာ လေကြောင်းတိုက်ခိုက်မှု၌ ကလေးငယ်များနှင့် တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးတို့ အပါအဝင် သေဆုံးသူ ၂၄ ဦးအထိ ရှိခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရမှုများနှင့်ပတ်သက်ပြီး အချက်အလက်များ ကောက်ယူနေသည့် Data for Myanmar အဖွဲ့၏ ဧပြီလထုတ်အစီရင်ခံစာအရ အာဏာသိမ်းပြီးချိန်မှ ယခုနှစ် ဖေဖော်ဝါရီလအထိ ငါးနှစ်တာအတွင်းစစ်တပ်နှင့်လက်အောက်ခံ အဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ တစ်သိန်း နှစ်သောင်းကျော် ( ၁၂၅,၃၂၈ ) ပျက်စီးခဲ့ရသည့်အနက် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး အိမ်ခြေ ၇၈,၈၉၆ ဆုံးရှုံးခဲ့ရသည်။

စစ်တပ်ကြိုးကိုင်သည့် ရွေးကောက်ပွဲအပြီးတွင် စစ်ခေါင်းဆောင်က သမ္မတရာထူးရယူထားလိုက်ပြီး ရက် ၁၀၀ အတွင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်၊ PDF များကို လက်နက်စွန့်ရန် ပြောကြားထားပြီး တစ်ဖက်တွင်လည်း တော်လှန်ရေးအင်အားစုများ အားကောင်းရာ စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်တို့တွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်အရှိန်မြှင့်နေသည်။ 

စစ်တပ်က ချောင်းဦးနယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်ခဲ့မှုအား ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ- CINCDS)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button