ကိုလှိုင်း / People’s Spring
ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက ကလေးမိခင်တစ်ဦးဖြစ်တဲ့ မြာမော် တစ်ယောက် ဒီကျောင်းဖွင့်ရာသီမှာ သူငယ်တန်းတက်ရတော့မယ့် သားဖြစ်သူကို ကျောင်းလည်း ပို့ချင်သလို၊ စစ်ကောင်စီတပ်ကကျောင်းတွေကို လေကြောင်းကဗုံးကြဲလေ့ရှိတာကြောင့်လည်း ကျောင်းပို့ရမှာစိုးရိမ်နေပါတယ် ။
” အရင်က စာသင်ကျောင်းတွေ လေကြောင်းတိုက်ခိုက်တာ ကြားခဲ့ မြင်ခဲ့ရတော့ ကလေးကို ကျောင်းပို့ဖို့ စိတ်မချဘူး။ ဒါပေမဲ့ ကျောင်းမပို့ရင်လည်း ကလေးက အခုမှ KGတက်ရမှာ။ KG က အခြေခံဆိုတော့ မဖြစ်မနေတော့ ကျောင်းပို့တယ်။ အခြေအနေမငြိမ်တဲ့ အချိန်မျိုးဆိုတော့ ကျောင်းက ခဏပြန်ပိတ်တာမျိုးတော့ ရှိမှာပါ” လို့ မြာမော်ကဖွင့်ဟပါတယ်။
ကရင်နီပြည်က ကျောင်းသားမိဘတွေဟာ မြာမော်လိုပဲ ရင်သွေးငယ်တွေအတွက်ကျောင်းဖွင့်ရာသီတွေမှာ စိုးရိမ်နေကြရပါတယ် ။ ကျောင်းသားမိဘတွေ ဒီလိုသောကတွေဝေအောင်လည်း အာဏာသိမ်းစစ်ကောင်စီက အကြိမ်ပေါင်းများစွာကျောင်းတွေကို ဗုံးကြဲခဲ့ပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့နှစ် ကျောင်းဖွင့်ရာသီတုန်းက စာရေးသူ ကရင်နီပြည်နယ်ကို သွားရောက်ခဲ့စဉ်မှာ အာဏာသိမ်း စစ်ကောင်စီလေတပ်က စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကျဲတိုက်ခိုက်တာ ကိုယ်တိုင်မျက်မြင် မြင်တွေ့ ခဲ့ရဖူးပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဒီမော့ဆိုမြို့နယ်တစ်ခုတည်းမှာပဲ စာသင်ကျောင်း ၁၀ ခုတက်မနည်း ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီဘက်က မေလကစပြီး တကြော့ပြန်ထိုးစစ်ဆင်နေတဲ့ ကရင်နီပြည်မှာ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်ကို ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကပဲ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
အခု စာသင်နှစ်အတွင်းမှာ ကရင်နီပြည်ရဲ့ တော်လှန်ရေးနယ်မြေအတွင်း ကိုယ်ထူကိုယ်ထ အခြေခံပညာ ကျောင်းပေါင်း ၄၀၀ ကျော်ကို ဖွင့်လှစ်ထားတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
၂၀၂၁ခုနှစ် စစ်တပ် အာဏာမသိမ်းခင်က လွတ်လွတ်လပ်လပ် ပညာသင်ကြားခွင့်ရခဲ့တဲ့ ကရင်နီဒေသခံ ရင်သွေးငယ်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ဘေးဒုက္ခသည်အနေနဲ့ တောကြိုတောင်ကြားက တာလပတ်မိုး၊ တာလပတ်ကာ ကျောင်းတော်မှာ မပြည့်စုံမှုကို ဖက်တွယ်လို့ ပညာသင်ကြားနေရတာပါ။
” အချိန်မရွေး အန္တရာယ်ကြုံရနိုင်တယ်ဆိုပေမဲ့ သမီးက အလယ်တန်းတက်ရတော့မယ်။ပညာတက်ဖြစ်စေချင်တယ်။ ဒါကြောင့် စိုးရိမ်ပေမဲ့လည်း ကျောင်းတော့ တက်ခိုင်းရမှာပါပဲ “ လို့ ဒီးမော့ဆိုအရှေ့ခြမ်းနေ ကျောင်းသူတဦးရဲ့ ဖခင်က ပြောပါတယ်။
အရင်တုန်းက ကယားပြည်နယ်လို့ခေါ်ပြီး နွေဦးတော်လှန်ရေးမှာ ကရင်နီပြည်လို့ ခေါ်တဲ့ဒေသဟာ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်ဘေးဒဏ်ကို အကြီးအကျယ်ခံရတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ ပြည်နယ်အတွင်းက မြို့နယ် ၇ ခုစလုံးမှာ တိုက်ပွဲမဖြစ်တဲ့မြို့ရယ်လို့မရှိဘဲ အားလုံးဟာ စစ်ဘေးဒဏ်ကို အပြင်းအထန် ခံစားခဲ့ရတဲ့ ၊ ခံစားနေရတဲ့ ဒေသတွေပါ။
ဒီလို အခြေအနေမှာ ပညာရေးကို ခက်ခက်ခဲခဲသင်ယူနေကြရတဲ့အပြင် စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေ၊ ကင်းထောက်ဒရုန်းတွေနဲ့ တိုက်လေယာဉ်တွေ မကြာခဏပျံဝဲနေတာကြောင့် ဆရာ၊ ဆရာမတွေနဲ့ကျောင်းသား ကျောင်းသူတွေဟာ လေယာဉ်သံကို အမြဲနားစွင့်ပြီး သတိနဲ့ နေနေကြရတာပါ။
“ကလေးတွေက စာသင်နေရင်တောင် စာကိုအာရုံမစိုက်နိုင်ဘူး။ ဘယ်အချိန်မှာ ဘယ်နေရာကနေ ဘာတွေ ပြုတ်ကျလာမလဲဆိုတာ စိုးရိမ်ကြောင့်ကြနေကြတယ်။ ကိုယ်တိုင်လည်း သင်နေရင်းနဲ့ ဘာဖြစ်သွားမလဲ ဆိုတာ အခြေအနေတွေကို သိနေမြင်ခဲ့ရတော့ အချိန်ပြည့် သတိနဲ့ သင်နေရတာပေါ့ “ လို့ စစ်ဘေးရှောင်တွေကို စာသင်ပေးနေတဲ့ဆရာမကျော့မြာ ကပြောပါတယ် ။
ဆရာမကျော့မြာ ဟာ ဒီမော့ဆိုမြို့နယ်၊ ဖူးကောင်းမအင်းတောင်ခြေ စစ်ဘေးရှောင်စခန်း၊ ပြည်သူ့အခြေပြုစာသင်ကျောင်းမှာ စာသင်ပေးနေတာပါ။
ကရင်နီပြည်မှာအာဏာသိမ်းစစ်ကောင်စီတပ်ဟာ အရပ်သားပစ်မှတ်ဖြစ်တဲ့ ဘာသာရေးအဆောက်အဦးတွေ ၊ ဆေးရုံဆေးခန်းတွေနဲ့ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ စစ်သုံးပန့်အဖြစ် အဖမ်းခံထားရတဲ့ စစ်ကောင်စီ တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးက ဝန်ခံ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဒီမော့ဆိုမြို့နယ်အတွင်းမှာရှိတဲ့ စာသင်ကျောင်း ၂ ခုကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနဲ့ တိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စာသင်နေတဲ့ ကလေးငယ် ၄ ဦးနဲ့ အရပ်သားတဦး သေဆုံးခဲ့ပြီး ဆရာ၊ဆရာမအပါအဝင် ကလေး ၃၀ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။ ဒါကတော့ စာသင်ကျောင်းတွေ တိုက်ခိုက်ခံရမှု ဖြစ်ရပ်တွေထဲကမှ အနီးဆုံး ဖြစ်ရပ်တစ်ခုပါ။
လူမှုကွန်ယက်မှာ “စာသင်ကြားနေတဲ့ ကလေးငယ်တွေ ပြေးလွှားနေရ” ဆိုတဲ့ စာသားကို ရိုက်နှိပ်ပြီး ရှာကြည့်ရင်တောင် ကရင်နီပြည်က ကလေးတွေ စာသင်နေရင်း စစ်ကောင်စီရဲ့ လေယဉ်ပျံလာရောက်မှုကြောင့် စာသင်ခန်းထဲကနေ တောထဲကို ထွက်ပြေးနေရတဲ့ ရုပ်သံမှတ်တမ်းကို တွေ့နိုင်လောက်အောင် ဒီဖြစ်စဉ်တွေဟာ အဲ့ဒီဒေသမှာတော့ မထူးဆန်းတော့တဲ့ မဲပြာပုဆိုးဝဋ်ဒုက္ခလို့ ဆိုရမယ့် အနေအထားဖြစ်နေပါတယ်။
“အမုန်းတရားပွားအောင် လုပ်ပြီး ပညာမဲ့အောင်လုပ်တယ်။ အကြောက်တရားတွေ အာဃာတဖြစ်အောင် တမင်ကို စာသင်ကျောင်းတွေကို ဗုံးကြဲနေတာ။ လူတွေကို အပြန်အလှန် လေးစားမှုရှိအောင် ငြိမ်းချမ်းရေးကို အာမခံတဲ့ စာသင်ကျောင်းတွေကို ဗုံးကြဲတာဟာ ရိုးရိုး လူ့အခွင့်အရေးချိုးဖောက်တာမဟုတ်ဘဲနဲ့ လူတွေကို အတိ ဒုက္ခရောက်အောင် လုပ်တာ။ အတူတကွ နေထိုင်လို့ရမဲ့ အနာဂတ်တွေကို ဖျက်ဆီးတာ“လို့ စာသင်ကျောင်းတွေ ဗုံးကြဲခံရမှုနဲ့ ပက်သက်ပြီး ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူ ကိုဗညားက ပြောပါတယ်။
ဒီလို စာသင်ကျောင်းတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ လုပ်ရက်တွေအပေါ် တရားမျှတမှုရရှိအောင် သက်သေတွေနဲ့တကွ စာရင်းပြုစုထားတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း လေကြောင်း ကနေဗုံးကြဲတာ နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စာသင်ကျောင်းပေါင်း နှစ်ရာနီးပါးပျက်ဆီးခဲ့ပြီး ၁၈ နှစ်အောက်ကလေးငယ် ၆ ရာကျော် သေဆုံးခဲ့ရပြီးပြီလို့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဒါပေမဲ့ နိုင်ငံတကာအနေနဲ့ ဒီလုပ်ရက်တွေအပေါ် ကန့်ကွက်ရှုံ့တာလောက်ပဲလုပ်ပြီး လက်တွေ့ အရေးယူဖို့ ပျက်ကွက်နေသေးတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြဝေဖန်ကြပါတယ် ။
အမျိုးသားညီညွတ်ရေး အစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်းကတော့ “ ကျနော်တို့ ပြည်သူတွေ ဘယ်လောက်ထိ ဆက်ပြီး သေကြေပေးရအုံးမှာလဲ။ ကျောင်းခန်းထဲက ကလေးတွေ ဘယ်နှစ်ကြိမ်ထပ်ပြီး ဗုံးကြဲခံထိရမှာလဲ။ သေဆုံးသွားတဲ့ ကလေးတွေရဲ့ အလောင်းတွေကြည့်ပြီး မိဘတွေ ဘယ်လောက်ထိ ကြေကွဲရအုံးမှာလဲ “ လို့ နိုင်ငံတကာကို မေးခွန်းထုတ်ထားပါတယ်။
