ဥဂ္ဂါ ရေးသားသည်။
“ဟိမဝန္တာဒေသဟာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အပြင်းထန်ဆုံး ရိုက်ခတ်မှုတွေကို ခံစားနေရသလို၊ ရေခဲမြစ်တွေ အရည်ပျော်လာမှုဟာလည်း တောင်တန်းတွေရဲ့ တည်ငြိမ်မှုနဲ့ လူသန်းပေါင်းများစွာရဲ့ အနာဂတ်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်” လို့ ရေအရင်းအမြစ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပညာရှင် ဒေါက်တာဖီးလစ်ဝက်စ်တာက ဆိုပါတယ်။”
နီပေါနိုင်ငံနဲ့ တိဘက်ဒေသကို ယမန်နေ့က ပြင်းထန်စွာ ရိုက်ခတ်စီးဆင်းသွားတဲ့ ဆူနာမီသဏ္ဍာန် ရေလှိုင်းကြီးတွေဟာ ဘိုတီကိုရှီမြစ်တလျှောက်က မြို့ရွာတွေ၊ လမ်းတံတားတွေနဲ့ ရာချီနေတဲ့ လူအသက်တွေကိုပါ ဝါးမြိုသွားခဲ့ပါတယ်။
ဒီဖြစ်ရပ်ရဲ့ အဓိကအကြောင်းရင်း အတိအကျကို ပညာရှင်တွေက ဆက်လက်စုံစမ်းနေဆဲဖြစ်ပေမယ့် လက်တွေ့ဖြစ်ရပ်များစွာနဲ့ မငြင်းနိုင်တာကတော့ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဟိမဝန္တာဒေသဟာ သဘာဝဘေးအန္တရာယ်တွေကို ပိုမိုခံစားနေရတဲ့ ဒေသတစ်ခု ဖြစ်လာနေတယ်ဆိုတာပါပဲ။

Public Service Announcement
ဟိမဝန္တာတောင်တန်းကြီးတွေပေါ်က ရေခဲပြင်တွေ တဖြည်းဖြည်း အရည်ပျော်လာနေသလို၊ ရေခဲမြစ်တွေလျော့နည်းလာတာနဲ့အမျှတောင်စောင်းတွေဟာလည်း အရင်လို ခိုင်မာတည်ငြိမ်မှု မရှိတော့ဘဲ အားနည်းလာနေပါတယ်။ရေခဲတွေ အရည်ပျော်လာရာကနေ မြင့်မားတဲ့ တောင်တန်းတွေကြားမှာ ရေကန်ကြီးတွေ ပိုမိုဖြစ်ပေါ်လာနိုင်ပြီး၊ အဲဒီရေကန်တွေကို ထိန်းထားတဲ့ ရေခဲတံတိုင်း တွေဟာ အပူချိန်မြင့်လာတဲ့အခါ အရည်ပျော်အားနည်းပျက်စီးသွားပြီး ကန်ရဲ့ ရေထုထည်ကြီးဟာ ရုတ်တရက် လွတ်ထွက်ပြီး အောက်ဘက် တောင်ကြားဒေသတွေကို အရှိန်ပြင်းပြင်းနဲ့ စီးဆင်းရိုက်ခတ်သွားနိုင်ပါတယ်။
ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှုတွေ ပိုမိုပြင်းထန်လာခြင်းကလည်း ရေကြီးမှုအန္တရာယ်ကို တိုးမြှင့်စေပါတယ်။ သို့သော် ယခုနီပေါရေလွှမ်းမိုးမှုမှာ ဘယ်အကြောင်းရင်းက အဓိကကျခဲ့သလဲဆိုတာကိုတော့ ပညာရှင်တွေက အတည်ပြုဖို့ အချိန်ယူနေဆဲ ဖြစ်ပါတယ်။
လက်ရှိ အချက်အလက်တွေအရ ဖြစ်နိုင်ခြေအများဆုံး အကြောင်းရင်းကတော့ မြေပြိုမှုကြောင့် ဖြစ်ပေါ်လာတဲ့ရေကြီးမှု ဖြစ်နိုင်တယ်လို့ အမေရိကန် ဘူမိဗေဒ စစ်တမ်းအဖွဲ့ (USGS) က ဆိုပါတယ်။
ဒေသစံတော်ချိန် မနက် ၈ နာရီ ၃၇ မိနစ် (ဒီလိုရေလှိုင်းကြီးမရိုက်ခတ်မီ ၇ မိနစ်အလို) ခန့်မှာ နီပေါ-တရုတ်နယ်စပ်၊ ခတ္တမန္တူမြို့ရဲ့ မြောက်ဘက်ပိုင်းမှာ မဂ္ဂနီကျု (Magnitude) ၄ ဒသမ ၄ အဆင့်ရှိ တုန်ခါမှုတစ်ခုကို USGS က ပထမဆုံး မှတ်တမ်းတင်ခဲ့ပါတယ်။
အစပိုင်းမှာတော့ ငလျင်ကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့တယ်လို့ ယူဆခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဲဒီတုန်ခါမှုဟာ သဘာဝငလျင်မဟုတ်ဘဲ မဂ္ဂနီကျု ၅ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခုနဲ့ တူညီတဲ့ အင်အားရှိတဲ့ ကြီးမားသော မြေပြိုမှုကြောင့် ဖြစ်ပေါ်လာတဲ့ တုန်ခါမှုသာဖြစ်ကြောင်း USGS က ပြန်ရှင်းပြထားပါတယ်။
ဆိုလိုတာက ငလျင်ကြောင့် မြေပြိုခဲ့တာ မဟုတ်ဘဲ၊ မြေပြိုမှုကြောင့် ငလျင်လို တုန်ခါမှု ဖြစ်ပေါ်ခဲ့တာလို့ ဆိုလိုတာပါ။
ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ရေခဲထုနဲ့ ကျောက်တောင်ကြီးတစ်ခုလုံးဟာ တစ်ပြိုင်နက် ပြိုကျခဲ့နိုင်ပါတယ်။ အဲဒီအခါ ရေခဲ၊ ကျောက်တုံး၊ မြေဆီလွှာတွေဟာ ရောနှောသွားပြီး တောင်အောက်ဘက်ကို အလွန်မြန်ဆန်တဲ့အရှိန်နဲ့လျှောကျသွားခဲ့နိုင်ပါတယ်။
အထူးသဖြင့် အဲဒီအချိန်ဟာ မုတ်သုံရာသီ ဖြစ်တဲ့အတွက် တောင်ခြေဒေသက မြေဆီလွှာတွေဟာ ရေစိုနေပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် တောင်ပေါ်က ပြိုကျလာတဲ့ ရေခဲ၊ ကျောက်နဲ့ မြေဆီလွှာ အစုအဝေးဟာ လမ်းတစ်လျှောက်မြေဆီလွှာတွေကိုပါဆွဲယူတိုက်စားသွားခဲ့နိုင်ပါတယ်။
ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဘူမိဗေဒပညာရှင်ဒန်နီယယ်ရှူဂါကလည်းရုပ်သံမှတ်တမ်းတွေထဲမှာ တွေ့ရတဲ့ အလွန်များပြားတဲ့ ရေထုထည်ကြီးဟာဘယ်ကနေရောက်လာသလဲဆိုတာကို ရှင်းပြဖို့ ခက်ခဲနေဆဲဖြစ်ကြောင်း ပြောကြားထားပါတယ်။
ပညာရှင်တွေကတော့ ရာသီဥတုပြောင်းလဲမှုဟာ ဒီလိုဖြစ်ရပ်တွေ ဖြစ်ပေါ်လာဖို့ အားပေးနေတဲ့ အချက်တစ်ခု ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။
ဟိမဝန္တာဒေသဟာ ကမ္ဘာကြီးရဲ့ အပူချိန်မြင့်တက်မှုကို အလွန်မြန်ဆန်စွာ ခံစားနေရတဲ့ ဒေသ တစ်ခု ဖြစ်ပြီး ဟိမဝန္တာတောင်စောင်းမှာတည်ရှိတဲ့ နီပေါနိုင်ငံမှ ရေခဲမြစ် ထောင်ပေါင်းများစွာဟာလည်း အပူချိန်မြင့်တက်လာမှုကြောင့် တဖြည်းဖြည်း အရည်ပျော်လာနေပါတယ်။
ပူနွေးလာတဲ့ ရာသီဥတုကြောင့် အရည်ပျော်လာတဲ့ ဆီးနှင်းပျော်ရေတွေဟာ ရေခဲနဲ့ ကျောက်တောင်ကြားက အက်ကြောင်းတွေထဲ စိမ့်ဝင်သွားတဲ့အခါ တောင်စောင်းတွေရဲ့ ခိုင်ခံ့မှု လျော့နည်းလာပြီး ကြီးမားတဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။
ဒါပေမယ့် ယခုဖြစ်ရပ်ရဲ့ အကြောင်းရင်းမှန်ကို သိရှိဖို့အတွက် လပေါင်းများစွာ ကြာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
နောက်ထပ် စဉ်းစားနေကြတဲ့ အကြောင်းရင်းတစ်ခုကတော့ ရေခဲမြစ်ရေကန် ပေါက်ထွက်မှု(Glacial Lake Outburst)ဖြစ်ပါတယ်။ ဒီရေကန်ကြီးတွေကို ထိန်းထားတဲ့ သဘာဝရေခဲတံတိုင်း ဒါမှမဟုတ်မြေသားကန်ဘောင်တွေ ပျက်စီးသွားရင် အတွင်းမှာ စုနေတဲ့ ရေထုကြီးဟာ တောင်ကြားလမ်းကြောင်း အတိုင်း အရှိန်ပြင်းပြင်းနဲ့ စီးဆင်းသွားနိုင်ပါတယ်။
နယူးဇီလန်နိုင်ငံ ကန်တာဘူရီတက္ကသိုလ်မှ ကထိက တွမ်ရော်ဘင်ဆန်က ဒီလိုရေခဲကန်ပေါက်ထွက်မှု ဟာ လူတွေတည်ဆောက်ထားတဲ့ ရေကာတာတံတိုင်း ပျက်စီးသွားတာနဲ့ ဆင်တူကြောင်း ရှင်းပြခဲ့ဖူးပါတယ်။
ယခင်နှစ်က တိဘက်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတစ်ခုဟာ ရေခဲမြစ်ရေကန် ပေါက်ထွက်မှုနဲ့ ဆက်စပ်နေတယ်လို့ ယူဆခဲ့ကြပေမယ့်၊ယခုနီပေါဖြစ်ရပ်မှာတော့ ဒီအကြောင်းရင်း ပါဝင်ခဲ့ခြင်း ရှိ၊ မရှိကို အတည်မပြုနိုင်သေးပါဘူး။
ဂျာမနီနိုင်ငံ ဖရီးယားတက္ကသိုလ် ဘာလင်မှ ပထဝီဝင်ရူပဗေဒ ပါမောက္ခ ဝေါဖ်ဂန်းရှဝန်ဟတ်က လက်ရှိ ဂြိုဟ်တုဓာတ်ပုံတွေအရ ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့တဲ့ လမ်းကြောင်းအထက်ပိုင်းမှာ ကြီးမားတဲ့ ရေကန်ကြီးတွေ မတွေ့ရတဲ့အတွက် ရေခဲမြစ်ရေကန်ပေါက်ထွက်မှုကြောင့် ဖြစ်နိုင်ခြေ နည်းတယ်လို့ ပြောကြားခဲ့ပါတယ်။
အချို့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်တဲ့ရေကြီးခြင်းများလားဟု ထင်ခဲ့ကြပေမယ့်ဒါကလည်းမမှန်ကန်ပါဘူး။မိုးလေဝသအချက်အလက်တွေကို လေ့လာထားချက်အရ ရေလွှမ်းမိုးမှု မဖြစ်မီ သီတင်းပတ်အတွင်း အဲဒီဒေသမှာ အလွန်ပြင်းထန်တဲ့ မိုးရွာသွန်းမှု မရှိခဲ့ပါဘူး။
သို့သော် နီပေါနိုင်ငံမှာ နွေရာသီနဲ့ မုတ်သုံရာသီက မိုးအများဆုံး ရွာသွန်းတဲ့ကာလ ဖြစ်ပြီး အဲဒီအချိန်မှာ ရွာသွန်းတဲ့ မိုးရေ၊ ရေခဲအရည်ပျော်မှုနဲ့ မြစ်ရေမြင့်တက်မှုတွေပေါင်းစပ်လာရင် ရေကြီးမှုအန္တရာယ်ကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
ဟိမဝန္တာဒေသက ရေခဲမြစ်များ အရည်ပျော်နှုန်းဟာလည်း ၂၀၀၀ ပြည့်နှစ်ကစပြီးနှစ်ဆနီးပါးမြန်ဆန်လာခဲ့ပြီး မြစ်အောက်ပိုင်းမှာ နေထိုင်နေတဲ့ သန်းပေါင်းများစွာသော လူတွေအတွက် အန္တရာယ်ကြီးတစ်ခု ဖြစ်လာနေပါတယ်။
အဆုံးအရှုံးအလွန်ကြီးမားခဲ့တဲ့ နီပေါနိုင်ငံ ဘိုတီကိုရှီမြစ်ရဲ့ ယခုဖြစ်ရပ်ဟာ ဟိမဝန္တာဒေသမှာ နေထိုင်သူတွေနဲ့ ဒီဒေသကို လာရောက်လည်ပတ်မယ့် ခရီးသွားတွေအတွက် ရာသီဥတုသတိပေးချက်တွေ၊ဒေသဆိုင်ရာသတင်းအချက်အလက်တွေကို ယခုထက်ပိုပြီး စောင့်ကြည့်ကြဖို့၊ သတိရှိကြဖို့လိုသလို၊ မြစ်နား၊ ချိုင့်ဝှမ်းနိမ့်ပိုင်း၊ ရေခဲမြစ်နဲ့ တောင်ပေါ်ရေကန်ကြီးတွေရဲ့ အောက်ခြေဒေသတွေမှာ အထူးသတိထားဖို့၊သဘာဝရဲ့ အပြောင်းအလဲတွေကို ပိုမိုနားလည်ဖို့ အရေးကြီးတဲ့ သတိပေးချက်တစ်ခုပဲ ဖြစ်ပါတယ်။
ကိုးကား-CNN


















































