close
Connect with us

Hi, what are you looking for?

ဆောင်းပါး

၂၀၂၆ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲဘာကြောင့် ထရမ့်နဲ့ လွှတ်တော်အတွက် အရေးကြီးနေတာလဲ

နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိအချိန်မှာ အမေရိကန်ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းခေါင်းစဉ်တွေမှာ အဓိက နေရာယူနေပါတယ်။ အကြောင်းကတော့ ဒီရွေးကောက်ပွဲရဲ့ အရေးပါမှုက အလွန် မြင့်မားလို့ပါပဲ။

— သီဟံ ရေးသားသည်။

နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိအချိန်မှာ အမေရိကန်ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းခေါင်းစဉ်တွေမှာ အဓိက နေရာယူနေပါတယ်။ အကြောင်းကတော့ ဒီရွေးကောက်ပွဲရဲ့ အရေးပါမှုက အလွန် မြင့်မားလို့ပါပဲ။

ရွေးကောက်ပွဲရလဒ်ဟာ ကွန်ဂရက်လွှတ်တော်ကို ဘယ်ပါတီက ထိန်းချုပ်နိုင်မလဲဆိုတာကို ဆုံးဖြတ်ပေးမှာ ဖြစ်ပြီး၊ အဲဒီကတစ်ဆင့် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတသက်တမ်း နောက်ဆုံးနှစ်နှစ်တာ ကာလအတွင်း အမေရိကန်နိုင်ငံရဲ့ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေး ဦးတည်ချက်ကိုပါ အဆုံးအဖြတ် ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်နယ်နဲ့ ဒေသန္တရအဆင့်က အရေးပါတဲ့ ရာထူးနေရာတွေကိုလည်း ဘယ်သူတွေ ရရှိမလဲဆိုတာ ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ရီပတ်ဘလစ်ကန်ပါတီနဲ့ ဒီမိုကရက်တစ်ပါတီတို့ဟာ ကွန်ဂရက်လွှတ်တော်ကို ဘယ်ပါတီက ထိန်းချုပ်နိုင်မလဲဆိုတာအတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိမှုတွေ အများကြီး ရခဲ့ရင်တောင် ဝါရှင်တန်ဒီစီမှာရှိတဲ့ နိုင်ငံရေး အာဏာချိန်ခွင်လျှာကို ချက်ချင်း ပြောင်းလဲပစ်နိုင်ဖို့တော့ မလုံလောက်နိုင်ပါဘူး။

အမေရိကန်နိုင်ငံရဲ့ ပြည်ထောင်စုအဆင့် နိုင်ငံရေးမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ဘာကြောင့် အရေးကြီးသလဲ၊ ဒီနှစ် ကြားဖြတ်ရွေးကောက်ပွဲရဲ့ အကျိုးဆက်တွေက ဘာတွေ ဖြစ်လာနိုင်သလဲနဲ့ နောက်တစ်ဆင့်မှာ ဘာတွေ ဖြစ်လာနိုင်သလဲဆိုတာကို လွယ်လွယ်ကူကူ နားလည်နိုင်ဖို့အတွက် Al Jazeera သတင်းဌာနက အခြေခံ အချက်အလက်တွေကို စုစည်း တင်ပြထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲဆိုတာ သမ္မတတစ်ဦးရဲ့ သမ္မတသက်တမ်း အလယ်ပိုင်းမှာ ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ သမ္မတရာထူးအတွက် မဲပေး ရွေးချယ်တာ မဟုတ်ပါဘူး။

အဓိက အာရုံစိုက်ရမယ့်အရာကတော့ ကွန်ဂရက်လွှတ်တော်ကို ဘယ်ပါတီက ထိန်းချုပ်နိုင်မလဲဆိုတာပါပဲ။ အမေရိကန်နိုင်ငံရဲ့ ဥပဒေပြု အဖွဲ့အစည်းဖြစ်တဲ့ ကွန်ဂရက်မှာ လွှတ်တော် နှစ်ရပ် ပါဝင်ပါတယ်။ အဲဒါတွေကတော့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တို့ ဖြစ်ပါတယ်။

အောက်လွှတ်တော် အမတ်တွေရဲ့ သက်တမ်းဟာ ၂ နှစ်သာ ရှိတာကြောင့် နိုဝင်ဘာလ ၃ ရက်နေ့ ရွေးကောက်ပွဲမှာ အောက်လွှတ်တော်ရဲ့ အမတ်နေရာ ၄၃၅ နေရာစလုံးအတွက် မဲပေး ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အမတ်နေရာ အများစုမှာ ဘယ်သူ အနိုင်ရမလဲဆိုတာကို ကြိုတင် ခန့်မှန်းရ လွယ်ကူနေပြီ ဖြစ်ပြီး၊ အချို့နေရာတွေမှာတော့ အနိုင်ရနိုင်ခြေ အများဆုံး ကိုယ်စားလှယ်လောင်းကို ရှင်းရှင်းလင်းလင်း ခန့်မှန်းနိုင်နေပါတယ်။

ဒါကြောင့် အောက်လွှတ်တော်ကို ဘယ်ပါတီက အများစုအဖြစ် ထိန်းချုပ်နိုင်မလဲဆိုတာကို ဆုံးဖြတ်ပေးမယ့် အရေးကြီးတဲ့ ယှဉ်ပြိုင်မှုတွေဟာ အမတ်နေရာ ၅၀ ဝန်းကျင်မှာပဲ အဓိက ကျန်ရှိနေပါတယ်။

အခြေအနေတွေ ပြောင်းလဲသွားနိုင်သေးပေမဲ့ ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲ ခန့်မှန်း လေ့လာသူ အဖွဲ့အစည်း အများစုနီးပါးက ဒီမိုကရက်တစ်ပါတီဟာ အောက်လွှတ်တော်ကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အချို့ ခန့်မှန်းချက်တွေမှာ ဒီမိုကရက်တစ်ပါတီက အမတ်နေရာ ၁၅ နေရာအထိ ပိုမို ရရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အထက်လွှတ်တော်မှာ အများစုနေရာ ရရှိဖို့ ဒီမိုကရက်တစ်ပါတီရဲ့ အခွင့်အလမ်းကတော့ ပိုမို နည်းပါးနေပါတယ်။

အထက်လွှတ်တော်မှာ စုစုပေါင်း အမတ်နေရာ ၁၀၀ ရှိပါတယ်။ အထက်လွှတ်တော် အမတ်တွေရဲ့ သက်တမ်းဟာ ခြောက်နှစ် ဖြစ်ပြီး အားလုံးကို တစ်ပြိုင်နက်တည်း ရွေးကောက် တင်မြှောက်တာ မဟုတ်ပါဘူး။ သက်တမ်းတွေကို အလှည့်ကျ သတ်မှတ်ထားတာကြောင့် ဒီနှစ်မှာ အမတ်နေရာ ၃၅ နေရာအတွက်သာ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာလည်း အပြိုင်အဆိုင် ပြင်းထန်နေတဲ့ ယှဉ်ပြိုင်မှုတွေက တစ်ဒါဇင်ဝန်းကျင်သာ ရှိပါတယ်။

ဒါပေမဲ့ အထက်လွှတ်တော်ကို ဒီမိုကရက်တစ်ပါတီက ထိန်းချုပ်နိုင်မယ့် အခွင့်အလမ်းတွေကတော့ တိုးတက်လာပါတယ်။ အကြောင်းကတော့ အနိုင်အရှုံး မသေချာသေးတဲ့ ယှဉ်ပြိုင်မှုတွေ ပိုမို များပြားလာလို့ ဖြစ်ပါတယ်။

တက္ကဆက်နဲ့ ကန်ဆက်စ်လို ရီပတ်ဘလစ်ကန်ပါတီ အားကောင်းတဲ့ ပြည်နယ်တွေမှာတောင် လက်ဝဲယိမ်း ကိုယ်စားလှယ်လောင်းတွေက ထောက်ခံမှုတွေ တိုးမြှင့် ရရှိလာကြပါတယ်။ ဒီအခြေအနေက ဒီမိုကရက်တစ်ပါတီအတွက် အထက်လွှတ်တော်မှာ အများစုနေရာ ရရှိနိုင်မယ့် အခွင့်အလမ်းတွေကို ပိုမို ဖန်တီးပေးနေပါတယ်။

အထက်လွှတ်တော်မှာ မဲအရေအတွက် တူညီနေတဲ့အခါ ဒုတိယသမ္မတက အဆုံးအဖြတ်မဲ ပေးနိုင်တာကြောင့် ဒီမိုကရက်တစ်ပါတီအနေနဲ့ အထက်လွှတ်တော်ကို ထိန်းချုပ်ဖို့ အမတ်နေရာ ၅၁ နေရာ လိုအပ်ပါတယ်။

● ပါတီတစ်ခုက ကွန်ဂရက်ကို ထိန်းချုပ်နိုင်ခြင်းဟာ ဘာကို ဆိုလိုတာလဲ။

ကွန်ဂရက်လွှတ်တော်ဟာ ဥပဒေတွေကို အတည်ပြု ပြဋ္ဌာန်းပြီး ပြည်ထောင်စုအစိုးရရဲ့ ဘတ်ဂျက်ကိုလည်း အတည်ပြုပေးရပါတယ်။ ဒါပေမဲ့ ပါတီတစ်ခုက ကွန်ဂရက်လွှတ်တော် နှစ်ရပ်စလုံးမှာ အများစုနေရာ ရရှိသွားရင်တောင် နိုင်ငံရဲ့ ဥပဒေပြုရေး အစီအစဉ်အားလုံးကို မိမိ စိတ်တိုင်းကျ ထိန်းချုပ်နိုင်မယ်လို့ မဆိုလိုပါဘူး။

အောက်လွှတ်တော်မှာ ဥပဒေကြမ်းတစ်ခုကို အတည်ပြုဖို့ သာမန်မဲအများစု လိုအပ်ပါတယ်။ ဒါပေမဲ့ အထက်လွှတ်တော်မှာတော့ ဥပဒေကြမ်း အများစုကို အတည်ပြုနိုင်ဖို့အတွက် မဲ ၆၀ မဲရှိတဲ့ အထူးအများစု လိုအပ်လေ့ ရှိပါတယ်။ အကြောင်းကတော့ “Filibuster” လို့ ခေါ်တဲ့ အတိုက်အခံအမတ်တွေက ဥပဒေကြမ်းအပေါ် မဲခွဲ ဆုံးဖြတ်မှုကို နှောင့်နှေးအောင် ဒါမှမဟုတ် တားဆီးနိုင်တဲ့ လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းကြောင့် ဖြစ်ပါတယ်။

Filibuster ဆိုတာ အထက်လွှတ်တော်မှာ လူနည်းစုဘက်က အမတ်တွေက ဥပဒေကြမ်းတစ်ခုကို အချိန်ကြာမြင့်စွာ ဆွေးနွေးခြင်း သို့မဟုတ် လုပ်ထုံးလုပ်နည်းဆိုင်ရာ နည်းလမ်းတွေကို အသုံးပြုခြင်းအားဖြင့် မဲခွဲ ဆုံးဖြတ်မှုကို နှောင့်နှေးစေနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ မဲအရေအတွက်နဲ့ ဒီလုပ်ငန်းစဉ်ကို မရပ်တန့်နိုင်ဘူးဆိုရင် ဥပဒေကြမ်းတစ်ခုကို အချိန်အကန့်အသတ်မရှိ တားဆီးထားနိုင်ပါတယ်။

ဒါကြောင့် အထက်လွှတ်တော်မှာ အမတ်နေရာ ၆၀ ကျော် မရရှိထားတဲ့ ပါတီတစ်ခုအနေနဲ့ ဥပဒေကြမ်း အများစုကို အတည်ပြုနိုင်ဖို့ အခြားပါတီဝင်တွေရဲ့ ထောက်ခံမှု အချို့ကိုလည်း ရယူဖို့ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။

ဥပဒေကြမ်းတစ်ခုဟာ ကွန်ဂရက်လွှတ်တော် နှစ်ရပ်စလုံးမှာ အတည်ပြုခံရပြီးသွားရင်တောင် သမ္မတက ဗီတိုအာဏာ အသုံးပြုပြီး ပယ်ချနိုင်ပါသေးတယ်။ သမ္မတရဲ့ ဗီတိုကို ကျော်လွှားဖို့ဆိုရင် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးမှာ သုံးပုံနှစ်ပုံ အများစု ထောက်ခံမှု လိုအပ်ပါတယ်။

သမ္မတရဲ့ ဗီတိုအာဏာကို ကျော်လွှားနိုင်လောက်တဲ့ ကျယ်ပြန့်တဲ့ နှစ်ပါတီ ပူးပေါင်း ထောက်ခံမှုကို ရရှိဖို့ဆိုတာ အလွန် ရှားပါးပါတယ်။

နောက်ဆုံးအကြိမ် အဲဒီလို ဖြစ်ခဲ့တာက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာ ဖြစ်ပါတယ်။ အဲဒီအချိန်က ထရမ့်ဟာ သူ့ရဲ့ ပထမဆုံး သမ္မတသက်တမ်းအတွင်း ရှိနေခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ကာကွယ်ရေး အသုံးစရိတ်ဆိုင်ရာ ဥပဒေကြမ်းတစ်ခုကို ဗီတိုသုံးပြီး ပယ်ချဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအခါ ရီပတ်ဘလစ်ကန်ပါတီဝင် လွှတ်တော်အမတ်အချို့က သူ့ကို ထောက်ခံမှု လျှော့ချခဲ့ကြပါတယ်။

ဒါပေမဲ့ သမ္မတရဲ့ ကန့်ကွက်မှုတွေ ရှိနေသော်လည်း နှစ်ပါတီ ပူးပေါင်း ထောက်ခံမှုကြောင့် ဥပဒေကြမ်းတွေ အတည်ပြုနိုင်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။

ဒီနှစ် အစောပိုင်းမှာ အိမ်ရာအရေအတွက် တိုးမြှင့်ပေးရေးဆိုင်ရာ ဥပဒေကြမ်းတစ်ခုကို အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးက သမ္မတရဲ့ ဗီတိုကို ကျော်လွှားနိုင်လောက်တဲ့ မဲအများစုနဲ့ အတည်ပြုခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ထရမ့်က အဆိုပါ ဥပဒေကြမ်းကို ကန့်ကွက်ထားခဲ့တာ ဖြစ်ပါတယ်။

● ရီပတ်ဘလစ်ကန်ပါတီက ကွန်ဂရက်ကို ဆက်လက် ထိန်းချုပ်နိုင်ခဲ့ရင် ဘာဖြစ်လာမလဲ။

လက်ရှိမှာ ရီပတ်ဘလစ်ကန်ပါတီဟာ ကွန်ဂရက်လွှတ်တော် နှစ်ရပ်စလုံးမှာ အများစုနေရာတွေကို ထိန်းချုပ်ထားပါတယ်။ အထက်လွှတ်တော်မှာ အမတ်နေရာ ၅၃ နေရာနဲ့ အောက်လွှတ်တော်မှာ ၂၁၈ နေရာ ရရှိထားပါတယ်။

ထရမ့်က အိမ်ဖြူတော်မှာ သမ္မတအဖြစ် တာဝန်ယူနေတဲ့အတွက် လွန်ခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ရီပတ်ဘလစ်ကန်ပါတီဟာ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနဲ့ အစိုးရအဖွဲ့အပေါ် သြဇာလွှမ်းမိုးနိုင်မှုတို့ကို တစ်ပါတီတည်း ထိန်းချုပ်ထားတဲ့ “Trifecta” လို့ ခေါ်တဲ့ အခြေအနေကို ရရှိထားခဲ့ပါတယ်။

ကွန်ဂရက်မှာ ရီပတ်ဘလစ်ကန်ပါတီက အများစုနေရာတွေကို ထိန်းချုပ်ထားခြင်းဟာ ထရမ့်အတွက် သူ့ရဲ့ အဓိက မူဝါဒတွေကို ဥပဒေအဖြစ် အတည်ပြုနိုင်ဖို့ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

အဲဒီထဲမှာ လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန် အရေးယူ ဆောင်ရွက်ရေးဌာန (ICE) အတွက် ရန်ပုံငွေကို အကြီးအကျယ် တိုးမြှင့်ပေးခြင်းနဲ့ ၂၀၂၅ ခုနှစ်က ကျယ်ပြန့်တဲ့ အခွန်ဥပဒေကြမ်း တစ်ခုအတွင်း အစိုးရက ပြည်သူတွေအတွက် ထောက်ပံ့ပေးထားတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်အချို့ကို လျှော့ချခြင်းတို့ ပါဝင်ပါတယ်။

ဒါပေမဲ့ ရီပတ်ဘလစ်ကန်ပါတီရဲ့ အမတ်အရေအတွက်ဟာ ထရမ့် လိုချင်တဲ့ ဥပဒေပြုရေး အစီအစဉ်အားလုံးကို အတည်ပြုဖို့တော့ မလုံလောက်ခဲ့ပါဘူး။

ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ “SAVE America Act” လို့ ခေါ်တဲ့ ဖက်ဒရယ်အဆင့် မဲပေးသူ သက်သေခံ အထောက်အထားဆိုင်ရာ ဥပဒေကြမ်း ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ ထရမ့်က ကြိုးပမ်းခဲ့ပေမဲ့ ဒီမိုကရက်တစ်ပါတီရဲ့ ကန့်ကွက်မှုကြောင့် အောင်မြင်မှု မရခဲ့ပါဘူး။

ထရမ့်ရဲ့ မူဝါဒတွေကို ရီပတ်ဘလစ်ကန်ပါတီဝင် အားလုံးက အမြဲတမ်း ထောက်ခံနေကြတာလည်း မဟုတ်ပါဘူး။ အထူးသဖြင့် သွင်းကုန်အပေါ် ကောက်ခံတဲ့ အခွန်စည်းကြပ်မှုတွေနဲ့ ပတ်သက်ပြီး ရီပတ်ဘလစ်ကန် အမတ်အချို့က ထရမ့်ရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်ခဲ့ကြပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ကွန်ဂရက်ရဲ့ အာဏာကို အတည်ပြု ဖော်ပြဖို့ ကြိုးပမ်းတဲ့အခါ ရီပတ်ဘလစ်ကန် အမတ်အချို့က ထရမ့်နဲ့ သဘောထား ကွဲလွဲခဲ့ကြပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးကို ဆက်လက် ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် သူတို့ရဲ့ အများစု အင်အားဟာ ထရမ့်ရဲ့ ဥပဒေပြုရေး အစီအစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ ထည့်သွင်း စဉ်းစားရမယ့် အချက်တစ်ခု ရှိပါတယ်။ ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ လွှတ်တော်အမတ်တွေဟာ မဲဆန္ဒရှင်တွေရဲ့ သဘောထားကို ပိုမို ဂရုစိုက်လာကြမှာ ဖြစ်ပါတယ်။

ထရမ့်ဟာ တတိယအကြိမ် သမ္မတသက်တမ်းအတွက် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိတော့တဲ့အတွက် ရီပတ်ဘလစ်ကန်ပါတီဝင် အချို့ဟာ လာမယ့် နှစ်နှစ်အတွင်း သူ့ကို လူသိရှင်ကြား ဆန့်ကျင်ဖို့ ပိုမို ဆန္ဒရှိလာနိုင်ပါတယ်။ အဲဒီလို လုပ်ခြင်းက ၂၀၂၈ ခုနှစ် ရွေးကောက်ပွဲမှာ သူတို့ရဲ့ အနိုင်ရနိုင်ခြေကို မြှင့်တင်ပေးနိုင်မယ်လို့ တွက်ဆကြတာ ဖြစ်ပါတယ်။

ရီပတ်ဘလစ်ကန်ပါတီက အထက်လွှတ်တော်ကို ဆက်လက် ထိန်းချုပ်ထားနိုင်ပေမဲ့ အောက်လွှတ်တော်ကိုတော့ ဆုံးရှုံးသွားခဲ့မယ်ဆိုရင်လည်း ထရမ့်အတွက် အရေးပါတဲ့ အားသာချက်တစ်ခု ကျန်ရှိနေမှာ ဖြစ်ပါတယ်။ အဲဒါကတော့ အစိုးရအဖွဲ့နဲ့ ဖက်ဒရယ် ရာထူးအရေးကြီးတွေမှာ သူ အမည်စာရင်း တင်သွင်းထားသူတွေကို အတည်ပြုပေးနိုင်ဖို့ ဖြစ်ပါတယ်။

တရားစီရင်ရေးအဖွဲ့အတွင်းက ရာထူးတွေ အပါအဝင် ဖက်ဒရယ်အစိုးရ ရာထူး ရာပေါင်းများစွာအတွက် အထက်လွှတ်တော်ရဲ့ အများစု ထောက်ခံမှု လိုအပ်ပါတယ်။ အဲဒီရာထူးတွေထဲမှာ အမေရိကန် တရားရုံးချုပ် တရားသူကြီး ရာထူးတွေလည်း ပါဝင်ပါတယ်။

● ဒီမိုကရက်တစ်ပါတီက ကွန်ဂရက်ကို ထိန်းချုပ်နိုင်ခဲ့ရင် ဘာဖြစ်လာမလဲ။

ခြွင်းချက် အချို့ကလွဲလို့ ကွန်ဂရက်မှာ အများစုနေရာ ရရှိထားတဲ့ ပါတီဟာ ဘယ်ဥပဒေကြမ်းကို မဲခွဲ ဆုံးဖြတ်ဖို့ တင်သွင်းမလဲ၊ ဘယ်အချိန်မှာ တင်သွင်းမလဲဆိုတာကို အဓိက ဆုံးဖြတ်နိုင်ပါတယ်။

ဒီမိုကရက်တစ်ပါတီအတွက်တော့ အောက်လွှတ်တော် သို့မဟုတ် အထက်လွှတ်တော် တစ်ရပ်ရပ်မှာ အများစုနေရာ ရရှိခြင်း၊ ဒါမှမဟုတ် လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်နိုင်ခြင်းရဲ့ အကြီးမားဆုံး အကျိုးဆက်က ထရမ့်ရဲ့ မူဝါဒ အစီအစဉ်တွေကို လာမယ့် ၂ နှစ်အတွင်း ဥပဒေအဖြစ် ပြောင်းလဲ အကောင်အထည်ဖော်နိုင်ဖို့ တားဆီးနိုင်ခြင်း ဖြစ်ပါတယ်။

လေ့လာ သုံးသပ်သူတွေကတော့ ဒီမိုကရက်တစ်ပါတီ ဦးဆောင်တဲ့ ကွန်ဂရက်ဟာ အဓိကအားဖြင့် ကာကွယ်ရေး သဘောထားကိုသာ ကျင့်သုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဆိုလိုတာက ထရမ့်ရဲ့ အဆိုပြုချက်တွေကို တားဆီးဖို့နဲ့ သူ့ရဲ့ မူဝါဒတွေ အကောင်အထည် မဖော်နိုင်အောင် ကြိုးပမ်းဖို့ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီအနေနဲ့ ကိုယ်ပိုင် ဥပဒေပြုရေး အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့နဲ့ ကိုယ်တိုင် ဦးဆောင်ပြီး ဥပဒေတွေ အတည်ပြုဖို့ကတော့ ပိုမို ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ လွှတ်တော် နှစ်ရပ်စလုံးမှာ အများစုနေရာ ရရှိခဲ့ရင်တောင် သူတို့ရဲ့ ဥပဒေကြမ်းတွေကို ထရမ့်က ဗီတိုသုံးပြီး ပယ်ချနိုင်တဲ့ အာဏာ ရှိနေဦးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ လွှတ်တော်မှာ အများစုနေရာ ရရှိထားခြင်းက ဒီမိုကရက်တစ် အမတ်တွေအတွက် အရေးကြီးတဲ့ မူဝါဒတွေကို အတည်ပြုဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

အထူးသဖြင့် အစိုးရလုပ်ငန်းတွေ ဆက်လက် လည်ပတ်နိုင်ဖို့ မဖြစ်မနေ အတည်ပြုရမယ့် ဘတ်ဂျက်နဲ့ ရန်ပုံငွေ ဥပဒေကြမ်းတွေထဲမှာ သူတို့ရဲ့ မူဝါဒ ဦးစားပေးချက်တွေကို ထည့်သွင်းနိုင်ပါတယ်။

အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားနိုင်တဲ့ အန္တရာယ်ကလည်း ရီပတ်ဘလစ်ကန်ပါတီကို ဘတ်ဂျက် ဥပဒေကြမ်းတွေ အတည်ပြုဖို့ ဖိအားပေးနိုင်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ သတ်မှတ်ချက်အားလုံးအပေါ် သဘောမတူကြရင်တောင် ရီပတ်ဘလစ်ကန် အမတ်တွေဟာ ဘတ်ဂျက် ဥပဒေကြမ်းတွေကို အတည်ပြုဖို့ ဖိအားပေးခံရနိုင်ပါတယ်။

ဒီမိုကရက်တစ်ပါတီဟာ အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေကို မဲခွဲ ဆုံးဖြတ်ဖို့ တင်သွင်းနိုင်ပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် ရီပတ်ဘလစ်ကန် အမတ်တွေကို လူကြိုက်များတဲ့ မူဝါဒတွေကို ဆန့်ကျင်မလား၊ ဒါမှမဟုတ် အများပြည်သူရှေ့မှာ သူတို့ရဲ့ ရပ်တည်ချက်ကို ထုတ်ဖော် ပြောဆိုမလားဆိုတာ ရွေးချယ်စေနိုင်ပါတယ်။

အောက်လွှတ်တော်မှာ ဒီမိုကရက်တစ်ပါတီက အများစု ရရှိခဲ့မယ်ဆိုရင် ပထမရက် ၁၀၀ အတွင်း အကောင်အထည်ဖော်မယ့် အစီအစဉ်တစ်ခုကို အောက်လွှတ်တော် လူနည်းစု ခေါင်းဆောင် ဟာကင်း ဂျက်ဖရီစ်က တင်ပြထားပါတယ်။

အဲဒီအစီအစဉ်မှာ အဓိက ပါဝင်တဲ့ အကြောင်းအရာတွေကတော့ ထရမ့်က ထောက်ခံထားတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရန်ပုံငွေ လျှော့ချမှုတွေကို မဲခွဲ ဆုံးဖြတ်ခြင်း၊ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ရေး ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ကွန်ဂရက်ရဲ့ အာဏာကို ပြန်လည် အတည်ပြုခြင်းနဲ့ ထရမ့်ရဲ့ သွင်းကုန်အခွန် အစီအစဉ်တွေကို ပြန်လည် ရုပ်သိမ်းဖို့ ကြိုးပမ်းခြင်းတို့ ဖြစ်ပါတယ်။

ဒီကိစ္စရပ်တွေဟာ ရီပတ်ဘလစ်ကန်ပါတီရဲ့ ထောက်ခံသူတွေကြားမှာတောင် သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၈ ခုနှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြတဲ့ လွှတ်တော်အမတ်တွေအတွက်လည်း ခက်ခဲတဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ဖြစ်လာနိုင်ပါတယ်။

● ဒီမိုကရက်တစ်ပါတီက ထရမ့်ကို စွပ်စွဲပြစ်တင် စစ်ဆေးမှုတွေ ရှိလာမလား။

နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်မီ ထရမ့်ဟာ ရီပတ်ဘလစ်ကန်ပါတီကို ထောက်ခံမဲ ပေးကြဖို့ လူထု စည်းရုံးပွဲတွေမှာ တိုက်တွန်းနေပါတယ်။ အဲဒီလို စည်းရုံးနေစဉ်အတွင်း ကွန်ဂရက်ကို ဒီမိုကရက်တစ်ပါတီက ထိန်းချုပ်သွားခဲ့ရင် ဖြစ်လာနိုင်တဲ့ အခြေအနေတစ်ခုအပေါ် သူက အကြိမ်ကြိမ် စိုးရိမ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အဲဒါကတော့ သူ့ကို တတိယအကြိမ် စွပ်စွဲပြစ်တင် စစ်ဆေးခံရနိုင်ခြေ ဖြစ်ပါတယ်။

ထရမ့်ဟာ သူ့ရဲ့ ပထမ သမ္မတသက်တမ်းတုန်းကလည်း နှစ်ကြိမ်တိုင်တိုင် စွပ်စွဲပြစ်တင် စစ်ဆေးခံခဲ့ရပြီး ဖြစ်ပါတယ်။

“ကျွန်တော်တို့သာ မနိုင်ရင် သူတို့ ကျွန်တော်ကို ပြစ်တင် စစ်ဆေးကြလိမ့်မယ်” လို့ အောက်တိုဘာလဆန်းပိုင်းက အိုကလာဟိုးမားပြည်နယ်၊ ဂျူးရန့်မြို့ မဲဆွယ်ပွဲမှာ ထရမ့်က ပြောကြားခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော် သို့မဟုတ် အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ကော်မတီ အများအပြားရဲ့ ဦးဆောင်မှုကို ရယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီကော်မတီတွေကနေတစ်ဆင့် သက်သေဆင့်ခေါ်ပိုင်ခွင့် (Subpoena power) ကို အသုံးပြုပြီး ကိစ္စရပ် အများအပြားကို စုံစမ်း စစ်ဆေးမှုတွေ စတင်နိုင်မှာ ဖြစ်ပါတယ်။

စုံစမ်း စစ်ဆေးနိုင်တဲ့ အကြောင်းအရာတွေကလည်း အမျိုးမျိုး ရှိပါတယ်။ ဒီမိုကရက် အမတ်အချို့ကတော့ ထရမ့်မိသားစုရဲ့ လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေကို စုံစမ်း စစ်ဆေးဖို့ဟာ သူတို့ရဲ့ ထိပ်တန်း ဦးစားပေး ဖြစ်လိမ့်မယ်လို့ ပြောထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် အောက်လွှတ်တော်အမတ်တွေဟာ သမ္မတ အပါအဝင် ဖက်ဒရယ် အရာရှိတွေကို စွပ်စွဲပြစ်တင်ဖို့ ဥပဒေကြမ်း တင်သွင်းနိုင်ပြီး သာမန် အများစုမဲနဲ့ စွပ်စွဲပြစ်တင်နိုင်ပါတယ်။

ဒါပေမဲ့ စွပ်စွဲပြစ်တင်ခံရသူကို ရာထူးကနေ ဖယ်ရှားဖို့ဆိုရင် အထက်လွှတ်တော်မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်မဲ ပေးရမှာ ဖြစ်ပြီး အဲဒီ ဆုံးဖြတ်ချက်အတွက် အထက်လွှတ်တော် အမတ်တွေရဲ့ သုံးပုံနှစ်ပုံ ထောက်ခံမှု လိုအပ်ပါတယ်။

ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ပိုပြီး အရေးပါတဲ့ အကျိုးဆက်တစ်ခု ရှိလာနိုင်ပါတယ်။ အဲဒါကတော့ ထရမ့်ရဲ့ သမ္မတသက်တမ်း နောက်ဆုံးနှစ်နှစ်အတွင်း အရေးကြီးတဲ့ ရာထူးနေရာတွေအတွက် သူ အမည်စာရင်း တင်သွင်းထားသူတွေကို အတည်ပြုခြင်းမှ တားဆီးနိုင်ခြင်း ဖြစ်ပါတယ်။

● အီရန်နဲ့ စစ်ပွဲအခြေအနေ၊ စီးပွားရေး အခြေအနေတွေမှာ ဘာတွေ ပြောင်းလဲလာနိုင်မလဲ။

ဒီမိုကရက်တစ်ပါတီက မဲအများအပြား ရရှိလာခြင်းဟာ ထရမ့်အစိုးရအပေါ် မကျေနပ်မှုတွေ ရှိနေကြောင်း ဖော်ပြတဲ့ လက္ခဏာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ကာလအတွင်း အဓိက အငြင်းပွားနေကြတဲ့ ကိစ္စရပ် များစွာမှာတော့ ချက်ချင်း လက်ငင်း မြင်သာတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဥပမာအားဖြင့် ဒီမိုကရက်တစ်ပါတီက ကွန်ဂရက်လွှတ်တော် နှစ်ရပ်စလုံးမှာ အများစုနေရာ ရရှိခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ နေထိုင်မှု စရိတ် ကြီးမြင့်လာတဲ့ ပြဿနာကို ဖြေရှင်းဖို့ သူတို့ရဲ့ လွှတ်တော်အာဏာကို အသုံးချနိုင်ပါတယ်။ အိမ်ရာစရိတ်၊ ကျန်းမာရေး စောင့်ရှောက်မှု စရိတ်နဲ့ နေ့စဉ် လူနေမှု စရိတ်တွေလို အကြောင်းအရာတွေကို အဓိကထား ဆွေးနွေး အရေးယူဖို့ ကြိုးပမ်းနိုင်ပါတယ်။

ဒါပေမဲ့ ဓာတ်ဆီဈေးနဲ့ ကုန်စုံဆိုင်တွေက အစားအသောက် ဈေးနှုန်းတွေ မြင့်တက်လာစေတဲ့ အကြောင်းရင်း များစွာကိုတော့ ချက်ချင်း ပြောင်းလဲပစ်ဖို့ မလွယ်ကူပါဘူး။ အပြောင်းအလဲ တချို့ ဖြစ်လာခဲ့ရင်တောင် အဲဒီ အပြောင်းအလဲတွေဟာ အခက်အခဲ များစွာကို ကျော်ဖြတ်ပြီးမှ တဖြည်းဖြည်းနဲ့ အနည်းငယ်စီ ဖြစ်ပေါ်လာနိုင်ခြေ ပိုများပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ရေး ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီးလည်း အလားတူပါပဲ။

အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်ကြေညာပိုင်ခွင့်ကို ကွန်ဂရက်လွှတ်တော် တစ်ခုတည်းကသာ ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ် နောက်ပိုင်းကစပြီး ကွန်ဂရက်က တရားဝင် စစ်ကြေညာခဲ့တဲ့ အခြေအနေ မရှိတော့ပါဘူး။

သို့သော် အမေရိကန် သမ္မတတွေဟာ ကွန်ဂရက်ရဲ့ စစ်ကြေညာခွင့်ဆိုင်ရာ သတ်မှတ်ချက်ကို ကျော်လွှားနိုင်ဖို့ အမျိုးမျိုးသော ဥပဒေဆိုင်ရာ အကြောင်းပြချက်တွေကို အသုံးပြု လာခဲ့ကြပါတယ်။

မကြာသေးမီကလည်း ထရမ့်အစိုးရက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ရေး ဆောင်ရွက်မှုဟာ ကွန်ဂရက်ရဲ့ ခွင့်ပြုချက် မလိုအပ်ဘူးလို့ အကြောင်းပြခဲ့ပါတယ်။ သမ္မတအနေနဲ့ အမေရိကန်ပြည်သူတွေကို ကာကွယ်ပေးရမယ့် တာဝန် ရှိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ထရမ့်ကလည်း စစ်ပွဲဟာ အကြိမ်ကြိမ် စတင်လိုက်၊ ရပ်ဆိုင်းလိုက် ဖြစ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။ အဲဒီလို စစ်ရေး ဆောင်ရွက်မှု စတင်ပြီး ရပ်ဆိုင်းသွားတဲ့ အခြေအနေတစ်ခုစီကို အသုံးပြုပြီး ကွန်ဂရက်ရဲ့ ခွင့်ပြုချက် ရယူရမယ့် ရက်ပေါင်း ၆၀ သတ်မှတ်ကာလကို အသစ် ပြန်လည် စတင်နိုင်တယ်လို့ သူက အကြောင်းပြထားပါတယ်။

စစ်ကြေညာပိုင်ခွင့်နဲ့ ပတ်သက်ပြီး ကွန်ဂရက်ရဲ့ အာဏာကို ပြန်လည် အတည်ပြုနိုင်ဖို့ ဒီမိုကရက်တစ်ပါတီဟာ “War Powers Resolution” လို့ ခေါ်တဲ့ စစ်ရေးအာဏာဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုဖို့ ကြိုးပမ်းနိုင်ပါတယ်။ ဒီဆုံးဖြတ်ချက်က သမ္မတရဲ့ စစ်ရေး ဆောင်ရွက်မှု အာဏာကို ကန့်သတ်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ သမ္မတက ဗီတိုသုံးပြီး ပယ်ချခဲ့မယ်ဆိုရင် အဲဒီဗီတိုကို ကျော်လွှားဖို့ လွှတ်တော် နှစ်ရပ်စလုံးမှာ သုံးပုံနှစ်ပုံ ထောက်ခံမဲ လိုအပ်မှာ ဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ကို သမ္မတရဲ့ ဗီတိုကို ကျော်လွှားပြီး အတည်ပြုနိုင်ခဲ့ရင်တောင် ထရမ့်က ကွန်ဂရက်ရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာခဲ့ဘူးဆိုရင် အမေရိကန် တရားစီရင်ရေးအဖွဲ့က ဘယ်လို တုံ့ပြန်မလဲဆိုတာ မသေချာသေးဘူးလို့ ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။

ဒါပေမဲ့ ဒီမိုကရက်တစ်ပါတီက ကွန်ဂရက်ကို ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် အီရန်နဲ့ စစ်ရေး ဆောင်ရွက်မှုတွေအတွက် ရန်ပုံငွေ ထောက်ပံ့မှုတွေကို တားဆီးဖို့လည်း ကြိုးပမ်းနိုင်ပါတယ်။

အချုပ်အားဖြင့် ၂၀၂၆ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲဟာ လွှတ်တော်အာဏာ ချိန်ခွင်လျှာကိုသာမက သမ္မတထရမ့်ရဲ့ ကျန်ရှိတဲ့ သက်တမ်းအတွင်း အစိုးရ၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်မှုနဲ့ အမေရိကန်ရဲ့ နိုင်ငံရေး ဦးတည်ချက်တွေကို အဆုံးအဖြတ် ပေးနိုင်မယ့် အရေးပါတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်ပြီး၊ ၂၀၂၈ သမ္မတရွေးကောက်ပွဲအတွက် အခင်းအကျင်းကိုပါ ပုံဖော်ပေးမယ့်အပြင် အမေရိကန် ပြည်တွင်းမူဝါဒများနဲ့ နိုင်ငံတကာ ဆက်ဆံရေးအပေါ်ပါ ရေရှည် သက်ရောက်မှုများ ရှိလာနိုင်မှာ ဖြစ်ပါတယ်။

ကိုးကား — Al Jazeera

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သက်တမ်းဝက် ရွေးကောက်ပွဲကြို ဒီမိုကရက်တစ် ပါတီအတွက် မဲဆွယ်ရာမှာ အမေရိကန် သမ္မတဟောင်း ဘာရတ် အိုဘားမားက လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဝေဖန် ထိုးနှက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

BBC သတင်းဌာနကို တရားစွဲဆိုထားတဲ့ အမှုမှာ တရားရုံးရဲ့ ကြားနာမှု အစီအစဉ်တွေမှာ ပူးပေါင်းဖို့ အမေရိကန် တရားသူကြီး တစ်ဦးက သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ အသိပေးလိုက်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ မတိုင်ခင် ထွက်ဆိုချက်ပေးဖို့ ပျက်ကွက်မယ်ဆိုရင် ထရမ့်က နစ်နာကြေး ဒေါ်လာ ၁၀...

နိုင်ငံတကာ

သူနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကြားမှာ ပုဂ္ဂိုလ်ရေး ဘာအာဃာတမှ မရှိဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ထောင်ထဲ ထည့်ထားသယောင် လှောင်ပြောင်ထားတဲ့ ပြကွက်တစ်ခုကို အီရန်နိုင်ငံရဲ့ မြို့တော်၊ တဟီရန်မှာ စီစဉ် ပြသထားခဲ့ပါတယ်။