— ဥဂ္ဂါ ရေးသားသည်။
“နိုင်ငံတော် အာဏာဟာ ရာဇဝတ်မှု ကျူးလွန်ဖို့ လိုင်စင် မဟုတ်သလို၊ တရားစီရင်မှုကနေ လွတ်မြောက်ဖို့ အခွင့်အရေးလည်း မဟုတ်ပါဘူး”
လူတစ်ဦးချင်းစီအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း သက်သေပြဖို့ဆိုတာ အလွန် ခက်ခဲပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံလုံးကို လူမျိုးတုံး သတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ သတ်မှတ်နိုင်တဲ့ လမ်းကြောင်းကို နိုင်ငံတကာ တရားရုံးက ဖွင့်ပေးလိုက်ပါပြီ။ အဲဒီအတွက် နောက်တစ်နိုင်ငံအနေနဲ့ အစ္စရေးလည်း ရင်ဆိုင်ရနိုင်ပါတယ်။
သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတစ်နိုင်ငံကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ နိုင်ငံတကာ တရားရုံး (ICJ) က ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ နိုင်ငံတကာ ဥပဒေအရ အလွန် ပြင်းထန်တဲ့ ရာဇဝတ်မှုတစ်ခု ဖြစ်ပြီး ကျူးလွန်ခံရသူတွေကို လျော်ကြေးပေးဖို့၊ ပြစ်မှု ကျူးလွန်သူတွေကို တရားစွဲဆိုပြီး အပြစ်ပေးဖို့လည်း အမိန့်ချမှတ်ခဲ့ပါတယ်။

Public Service Announcement
ဒီ စီရင်ချက်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမှု ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာ လူမျိုးတွေကို သတ်ဖြတ်ခဲ့တာ၊ နေရပ်ကနေ အတင်းအကျပ် မောင်းထုတ်ခဲ့တာတွေအတွက် မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။
တရားရုံးက လူမျိုးတုံး သတ်ဖြတ်မှုရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အသစ် ပြောင်းလဲခဲ့တာတော့ မဟုတ်ပါဘူး။ ၁၉၄၈ ခုနှစ် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်အရ လူမျိုးတစ်မျိုး၊ ဘာသာရေး အုပ်စုတစ်စုကို အဲဒီအုပ်စု ဖြစ်တဲ့အတွက်ကြောင့်ပဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အားလုံးဖြစ်စေ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက် ရှိရင် လူမျိုးတုံး သတ်ဖြတ်မှုလို့ သတ်မှတ်ပါတယ်။
ဒါပေမဲ့ ဒီတစ်ခါ စီရင်ချက်က အရေးကြီးတဲ့ အပြောင်းအလဲတစ်ခုကို ဖြစ်စေပါတယ်။ လူတစ်ဦးချင်းစီရဲ့ ရည်ရွယ်ချက်ကို သက်သေပြရတာထက် နိုင်ငံတစ်နိုင်ငံရဲ့ ရည်ရွယ်ချက်ကို သက်သေပြဖို့ ပိုပြီး လွယ်ကူလာစေတဲ့ စံနမူနာတစ်ခုကို ဖန်တီးပေးလိုက်တာပါ။
အခု ဒီစံနမူနာဟာ တောင်အာဖရိကနိုင်ငံက အစ္စရေးနိုင်ငံအပေါ် တင်သွင်းထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ အမှုအတွက်လည်း အရေးကြီးလာပါတယ်။
လူမျိုးတုံး သတ်ဖြတ်မှုဆိုတာ သက်သေပြဖို့ အလွန် ခက်ခဲတဲ့ ရာဇဝတ်မှုပါ။ ဥပမာ ဘင်ဂျမင် နေတန်ယာဟုကို တစ်ဦးချင်း တရားစွဲဆိုမယ်ဆိုရင် ပါလက်စတိုင်းတွေကို လူမျိုးတစ်မျိုးအနေနဲ့ ဖျက်ဆီးဖို့ ရည်ရွယ်ခဲ့တယ်ဆိုတာ သက်သေပြဖို့ ခက်ခဲနိုင်ပါတယ်။ အကြောင်းကတော့ သူဟာ ဟားမတ်စ်အဖွဲ့ကို နိုင်ငံရေး အဖွဲ့အစည်းတစ်ခုအနေနဲ့ အမြစ်ဖြတ်ဖို့ ရည်ရွယ်တာ ဖြစ်ကြောင်း မကြာခဏ ပြောဆိုထားလို့ပါ။
ဒီ ကွာခြားချက်ဟာ ဥပဒေအရ အသေးစိတ် ကိစ္စတစ်ခုလို ထင်ရနိုင်ပေမဲ့ လူမျိုးတုံး သတ်ဖြတ်မှုရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။
ဥပမာ ကမ္ဘောဒီးယားမှာ ပေါလ်ပေါ့ရဲ့ လက်အောက်ခံတွေဟာ ပြည်သူ ၁၇ သိန်းလောက်ကို သတ်ဖြတ်ခဲ့ပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က နိုင်ငံကို အစကနေ ပြန်လည် တည်ဆောက်ဖို့ဆိုတဲ့ အစွန်းရောက် နိုင်ငံရေး အယူအဆ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီ သတ်ဖြတ်မှုတွေကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် တရားစွဲဆိုဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ အဲဒီလို နိုင်ငံရေး အကြောင်းပြချက်နဲ့ လူအုပ်စုတစ်စုကို ဖျက်ဆီးတာကို “နိုင်ငံရေး အုပ်စု ဖျက်ဆီးမှု” လို့ ခေါ်နိုင်ပေမဲ့ လက်ရှိ နိုင်ငံတကာ ဥပဒေမှာတော့ အဲဒီ အမည်နဲ့ သီးခြား ရာဇဝတ်မှု မရှိသေးပါဘူး။
မြန်မာနိုင်ငံကလည်း သူတို့ရဲ့ လုပ်ရပ်တွေဟာ အကြမ်းဖက်သမားတွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးသာ ဖြစ်တယ်လို့ ခုခံ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးက ပဋိပက္ခရဲ့ နောက်ခံ သမိုင်းကြောင်းကို ပြန်လည် ဆန်းစစ်ပြီး ကိုယ်တိုင် စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကနေ ဒီ သတ်ဖြတ်မှုတွေဟာ လူမျိုးရေးနဲ့ ဘာသာရေး အခြေခံတွေ ရှိနေတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။
လူတစ်ဦးချင်းစီရဲ့ စိတ်ထဲမှာ ဘာ ရည်ရွယ်ချက် ရှိခဲ့သလဲဆိုတာ သိဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ရည်ရွယ်ချက်ကို ဆုံးဖြတ်တဲ့အခါမှာတော့ တရားရုံးဟာ အထောက်အထား အမျိုးမျိုးကို ခြုံငုံ ကြည့်ရှုနိုင်ပါတယ်။
ဥပမာ အဲဒီနိုင်ငံရဲ့ အတိတ် သမိုင်း၊ အစိုးရရဲ့ အရင်က လုပ်ဆောင်ခဲ့မှုတွေ၊ ပစ်မှတ်ထား ခံရတဲ့ လူမျိုးစုအပေါ် ဖိနှိပ် ခွဲခြားတဲ့ ဥပဒေတွေ ပြဋ္ဌာန်းခဲ့သလား၊ လူမျိုးရေး မုန်းတီးမှုကို လှုံ့ဆော်တဲ့ စကားတွေကို အစိုးရ အဖွဲ့ဝင်တွေ ပြောဆိုခဲ့သလားဆိုတာတွေကို ထည့်သွင်း စဉ်းစားနိုင်ပါတယ်။
ဒီအချက်တွေကြောင့် အစ္စရေးနိုင်ငံအတွက်လည်း ဥပဒေရေးရာအရ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။
တရားရုံးက နိုင်ငံတစ်နိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ဖို့ အထောက်အထားတွေဟာ အပြည့်အဝ ခိုင်လုံရမယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ အဲဒီလို ဆုံးဖြတ်ရာမှာ တိုက်ရိုက် သက်သေ တစ်ခုတည်းကို အားကိုးတာထက် အထောက်အထား အားလုံးကို ခြုံငုံပြီး ကောက်ချက်ချရတာ ဖြစ်ပါတယ်။
တရားသူကြီးတစ်ဦးဖြစ်တဲ့ ပါမောက္ခ Hilary Charlesworth ကလည်း အရေးကြီးတဲ့ အချက်တစ်ခုကို ပြောထားပါတယ်။ အထောက်အထား အားလုံးကို ခြုံကြည့်လိုက်တဲ့အခါ လူမျိုးတုံး သတ်ဖြတ်မှုဆိုတဲ့ ကောက်ချက် တစ်ခုတည်းကသာ ကျိုးကြောင်းဆီလျော်တဲ့ ရှင်းလင်းချက် ဖြစ်နေသလားဆိုတာဟာ အဓိက စံနှုန်း ဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စရေးနိုင်ငံအပေါ် စွပ်စွဲထားတဲ့ အထောက်အထားတွေထဲမှာ ဂါဇာဒေသရဲ့ အခြေခံ အဆောက်အအုံ ၉၀ ရာခိုင်နှုန်း ပျက်စီးသွားခဲ့တာနဲ့ သေဆုံးသူဦးရေ ၇၅,၀၀၀ လောက်အထိ ရှိလာခဲ့တယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒီ အရေအတွက်ဟာ ရခိုင်ပြည်နယ်မှာ သေဆုံးခဲ့တယ်လို့ ခန့်မှန်းထားတဲ့ လူ ၁၀,၀၀၀ လောက်နဲ့ ဒုတိယ ကမ္ဘာစစ်အတွင်း ဗြိတိန်နိုင်ငံကို ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ Blitz ကာလက သေဆုံးသူ ၄၃,၀၀၀ လောက်ထက်လည်း ပိုများနေပါတယ်။
ဒီလို အချိုးအစား မညီမျှတဲ့ အခြေအနေတွေကြောင့်ပဲ အစ္စရေးနိုင်ငံဟာ တရားရုံးမှာ ဖြေရှင်းရမယ့် ကိစ္စတစ်ခု ရှိနေပြီလို့ ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံ အမှုမှာ တရားရုံးက လူမျိုးတုံး သတ်ဖြတ်မှုကို ဘယ်လို အထောက်အထားတွေနဲ့ သုံးသပ်ခဲ့သလဲဆိုတာကလည်း အစ္စရေးအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။
လူမျိုးတုံး သတ်ဖြတ်မှုဆိုတဲ့ ကောက်ချက်ကို ပိုမို ခိုင်မာစေဖို့ တရားရုံးက ကလေးငယ်တွေကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်တွေကို အထူး အာရုံစိုက်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေကို သတ်ဖြတ်တာဟာ လူမျိုးတစ်မျိုးရဲ့ နောင်လာ နောက်သားတွေ ဆက်လက် ရှင်သန် ပေါက်ဖွားလာနိုင်မှုကို တားဆီးဖို့ ရည်ရွယ်ချက် ရှိကြောင်း ပြသနိုင်တဲ့ အချက်တစ်ခု ဖြစ်လို့ပါ။
အလားတူ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ လက်နက်ချပြီး ထွက်ပြေးနေတဲ့ စစ်သားတွေကို ပစ်ခတ် သတ်ဖြတ်တာ၊ ဖမ်းဆီးပြီးနောက် သတ်ဖြတ်တာတွေကိုလည်း တရားရုံးက ထည့်သွင်း စဉ်းစားခဲ့ပါတယ်။
ဒီလို ဖြစ်ရပ်တွေက သူတို့ဟာ အကြမ်းဖက်သမားတွေကို ရှင်းလင်းတဲ့ စစ်ဆင်ရေးတစ်ခုကိုသာ လုပ်ဆောင်နေခဲ့တာ မဟုတ်ဘူးဆိုတာကို ပြသနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။
နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုကတော့ နိုင်ငံတစ်နိုင်ငံရဲ့ လုပ်ရပ်တစ်ခုမှာ ရည်ရွယ်ချက် အမျိုးမျိုး ရှိနေနိုင်တယ်ဆိုတာပါပဲ။ အဲဒီ ရည်ရွယ်ချက်တွေထဲမှာ လူမျိုးရေး ဒါမှမဟုတ် ဘာသာရေး မုန်းတီးမှုအပေါ် အခြေခံတဲ့ ရည်ရွယ်ချက်လည်း ပါဝင်နေတယ်ဆိုရင် လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် တရားစွဲဆိုနိုင်တယ်လို့ တရားရုံးက အလေးပေး ပြောကြားခဲ့ပါတယ်။
နိုင်ငံတစ်နိုင်ငံကို လူမျိုးတုံး သတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ သတ်မှတ်နိုင်ခြင်းရဲ့ နောက်ထပ် အားသာချက် တစ်ခုကတော့ အဲဒီနိုင်ငံကို လျော်ကြေးပေးဖို့၊ ပျက်စီးသွားတဲ့ နေရာတွေကို ပြန်လည် တည်ဆောက်ပေးဖို့နဲ့ ထွက်ပြေးသွားရတဲ့ လူမျိုးစုတွေကို မိမိတို့ရဲ့ နေရပ်ဒေသတွေကို ပြန်လာခွင့်ပေးဖို့ အမိန့်ချမှတ်နိုင်တာပါပဲ။
ဒါ့အပြင် လူမျိုးတုံး သတ်ဖြတ်မှုကို ကိုယ်တိုင် အမိန့်ပေးခဲ့တဲ့ နိုင်ငံရေးသမားတွေ၊ စစ်တပ် အရာရှိကြီးတွေကိုလည်း နိုင်ငံတော် အနေနဲ့ တရားစွဲဆို အရေးယူဖို့ အမိန့်ပေးနိုင်ပါတယ်။
ဒီအချက်က အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာ ရာဇဝတ်တရားရုံးမှာ တစ်ဦးချင်းစီကို တရားစွဲတဲ့အချိန်မှာ အဲဒီလူတွေဟာ အာဏာ မရှိတော့တဲ့အပြင် ငွေကြေး အင်အားလည်း မရှိတော့တာ များပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံလို နိုင်ငံတစ်နိုင်ငံ၊ အထူးသဖြင့် အစ္စရေးလို နိုင်ငံတစ်နိုင်ငံမှာတော့ နိုင်ငံတော် အနေနဲ့ အရင်းအမြစ်နဲ့ ငွေကြေး အင်အားတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ဒါဆိုရင် တရားရုံးရဲ့ အမိန့်တွေကို တကယ် အကောင်အထည်ဖော်နိုင်ပါ့မလား။
လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံ ၁၅၄ နိုင်ငံမှာ အဲဒီ အမိန့်တွေကို အကောင်အထည်ဖော်ရာမှာ ကူညီပေးဖို့ တာဝန်ရှိပါတယ်။
ဗြိတိန်နိုင်ငံကတော့ မြန်မာစစ်တပ်ရဲ့ စစ်သံမှူးကို နိုင်ငံမှ နှင်ထုတ်တာမျိုး ချက်ချင်း လုပ်ဆောင်ထားပါတယ်။ ဒါပေမဲ့ အဲဒီထက် အများကြီး ပိုလုပ်ဖို့ စေလိုကြောင်း ဆောင်းပါးမှာ တိုက်တွန်းထားပါတယ်။ ဥပမာ စီးပွားရေး ပိတ်ဆို့မှုတွေ ပြင်းပြင်းထန်ထန် ချမှတ်ဖို့၊ စစ်အာဏာရှင် အဖွဲ့ဝင်တွေနဲ့ သက်ဆိုင်တဲ့ ဘဏ်စာရင်းတွေ၊ ငွေကြေး ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ လိုအပ်ပါတယ်။
နိုင်ငံတကာ တရားရုံးမှာတော့ ကိုယ်ပိုင် ရဲတပ်ဖွဲ့ မရှိပါဘူး။ သူ့ရဲ့ စီရင်ချက်တွေကို အကောင်အထည်ဖော် ပေးရမှာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တာဝန် ဖြစ်ပါတယ်။
ဒါပေမဲ့ လုံခြုံရေးကောင်စီဟာ အခုအချိန်မှာတော့ အင်အား မရှိတဲ့ အဖွဲ့အစည်းတစ်ခုလို ဖြစ်နေပါတယ်။ အကြောင်းကတော့ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေက မိမိတို့ရဲ့ အကျိုးစီးပွားအတွက် ဗီတို အာဏာကို အသုံးပြုနေကြလို့ပါပဲ။ ရုရှားနဲ့ တရုတ်ကလည်း သူတို့ရဲ့ အကျိုးစီးပွားအတွက် အသုံးပြုသလို အမေရိကန်ကလည်း အစ္စရေးကို ကာကွယ်ဖို့ ဗီတို အာဏာကို အသုံးပြုနေပါတယ်။
နောက်ထပ် အံ့ဩစရာ ကောင်းတဲ့ ဖြစ်ရပ် တစ်ခုလည်း ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် လူမျိုးတုံး သတ်ဖြတ်မှု စီရင်ချက် ထွက်ပေါ်လာတဲ့ နေ့မှာပဲ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံထားရတဲ့ ပူတင်၊ ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ သုံးဦးဟာ တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။
သူတို့ဟာ နိုင်ငံတော်ရဲ့ သဘောတူညီမှုနဲ့ နိုင်ငံ့အရာရှိတွေကို တရားစွဲဆိုရာမှာ ပေးထားတဲ့ ကင်းလွတ်ခွင့်တွေကို လေးစားဖို့ အရေးကြီးတယ်ဆိုတဲ့ သဘောတူညီချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။
ဒီစကားတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကတော့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) နဲ့ အလားတူ တရားရုံးတွေဟာ သူတို့ ဒါမှမဟုတ် သူတို့ရဲ့ အရာရှိတွေကို တရားစွဲဆိုတာမျိုး မလုပ်သင့်ဘူးဆိုတဲ့ သဘောပါပဲ။
ပူတင်ဟာ ယူကရိန်းကို ကျူးကျော် ဝင်ရောက်ခဲ့ပြီး စစ်ပွဲကို စတင်ခဲ့တာကြောင့် ကျူးကျော် စစ်ဆင်နွှဲမှုဆိုင်ရာ ရာဇဝတ်မှုကို ကျူးလွန်ခဲ့တယ်လို့ သတ်မှတ်နိုင်ပါတယ်။ အဲဒီ စစ်ပွဲကြောင့် ၂၀၂၂ ခုနှစ်ကစပြီး ရုရှား စစ်သား ၅ သိန်းနီးပါး သေဆုံးခဲ့တယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ထရမ့်ကလည်း အီရန်နိုင်ငံကို တရားမဝင် ကျူးကျော် တိုက်ခိုက်ခဲ့ပြီး ပထမဆုံးနေ့မှာတင် အီရန်ရဲ့ အမြင့်ဆုံး ခေါင်းဆောင်နဲ့ ကလေးငယ် ၁၂၀ ကို သတ်ဖြတ်ခဲ့တယ်လို့ ဆောင်းပါးရှင်က စွပ်စွဲ ရေးသားထားပါတယ်။
ရှီကျင့်ဖျင်ကတော့ ဝီဂါ မွတ်စလင် လူမျိုးတွေကို ဖိနှိပ် ညှဉ်းပန်းမှုတွေအတွက် နိုင်ငံတကာရဲ့ ဝေဖန် ပြစ်တင်မှုကို ရင်ဆိုင်ရနိုင်သလို ထိုင်ဝမ်ကို ကျူးကျော်ဖို့လည်း ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်။
ဒီ ခေါင်းဆောင် သုံးဦးဟာ နိုင်ငံတကာ တရားမျှတမှု စနစ်ကို လက်ခံလိုစိတ် မရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်လို့ ဆောင်းပါးရှင်က သုံးသပ်ထားပါတယ်။
ထရမ့် အစိုးရဟာလည်း မာကို ရူဘီယိုရဲ့ စကားအရ နိုင်ငံတကာ ရာဇဝတ်တရားရုံးကို အားနည်းအောင် လုပ်ဆောင်နေပြီး တရားသူကြီးတွေနဲ့ ဝန်ထမ်းတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ထားပါတယ်။
ဒါပေမဲ့ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကိုတော့ ထရမ့် အနေနဲ့ ဖျက်သိမ်းဖို့ ခက်ခဲပါလိမ့်မယ်။ အကြောင်းကတော့ အမေရိကန်နိုင်ငံက အဲဒီ သဘောတူညီချက်ကို လက်ခံ အတည်ပြုခဲ့တာဟာ သမ္မတ ရော်နယ်ရေဂင် လက်ထက်က ဖြစ်လို့ပါပဲ။
တကယ်တော့ လူမျိုးတုံး သတ်ဖြတ်မှုဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုလည်း ပိုမို ကျယ်ပြန့်အောင် ပြန်လည် သတ်မှတ်သင့်ပါတယ်။ လူမျိုးရေးအတွက်သာမက နိုင်ငံရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းပြချက်တွေနဲ့ လူအုပ်စုတစ်စုကို ဖျက်ဆီးတာမျိုးတွေကိုလည်း ထည့်သွင်း သတ်မှတ်သင့်တယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
အခုလို နိုင်ငံတကာ တရားမျှတမှု စနစ်အတွက် ခက်ခဲတဲ့ ကာလမှာတောင် လက်ရှိ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ဟာ နိုင်ငံတွေကို အခြားနိုင်ငံတွေရဲ့ ပြင်းထန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံစေနိုင်တဲ့ အရေးကြီးတဲ့ ဥပဒေတစ်ခု ဖြစ်နေဆဲပါပဲ။
နိုင်ငံတကာ တရားရုံးက အစ္စရေးနိုင်ငံဟာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်မလားဆိုတာကိုတော့ ၂၀၂၈ ခုနှစ်လောက်မှာ သိရနိုင်ပါတယ်။
အဲဒီလို ဆုံးဖြတ်ချက် ထွက်လာခဲ့ရင်တောင် ထရမ့်သာ အမေရိကန် သမ္မတအဖြစ် ဆက်ရှိနေသေးရင် အမေရိကန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတို အာဏာသုံးပြီး အရေးယူမှုတွေကို တားဆီးနိုင်ပါတယ်။
ဒါပေမဲ့ ကုလသမဂ္ဂရဲ့ အရေးယူ ဆောင်ရွက်မှု စနစ်မှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာနဲ့ နိုင်ငံတကာ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ အကျိုးမရှိဘူးလို့တော့ မဆိုလိုပါဘူး။
နိုင်ငံတကာ တရားရုံးဟာ နိုင်ငံတကာ ဥပဒေမှာ ဘယ်အရာက တရားဝင်တယ်၊ ဘယ်အရာက တရားနဲ့ ဆန့်ကျင်တယ်ဆိုတာကို သတ်မှတ်ပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
အာဏာရှင် အစိုးရတွေ၊ ခေါင်းဆောင်တွေက တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ကြလို့ ဘယ်လောက်ပဲ ဆန့်ကျင် ငြင်းပယ်နေပါစေ၊ အာဏာနဲ့ အမှန်တရားကို ဖျောက်ဖျက်လို့ မရသလို တရားမျှတမှုကိုလည်း အနိုင်ယူလို့ မရဘူးဆိုတာ၊ လက်နက် အင်အားနဲ့ အာဏာကို လက်ကိုင်ထားပြီး လူသားတွေအပေါ် ရက်စက်ခဲ့သမျှတွေကို ကမ္ဘာကြီးက ကြည့်နေရုံနဲ့ ပြီးသွားမှာ မဟုတ်ဘဲ တရားဥပဒေရဲ့ ပြင်းထန်တဲ့ တရားစီရင်မှုနဲ့အတူ သမိုင်းရဲ့ တရားခံအဖြစ် ထာဝရ အမည်းစက် ထင်ကျန်ရစ်ခဲ့လိမ့်မယ်ဆိုတာကို ဒီ ဆုံးဖြတ်ချက်က ထင်ထင်ရှားရှား သက်သေပြလိုက်တာပါပဲ။
ကိုးကား — ကုလသမဂ္ဂ အယူခံ တရားသူကြီးဟောင်း ဖြစ်ပြီး World of War Crimes – Eyeless in Gaza and Beyond စာအုပ်ကို ရေးသားသူ Geoffrey Robertson ရဲ့ The Guardian မှ ဆောင်းပါးကို ကိုးကားခြင်း ဖြစ်ပါတယ်။
























































