Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

AAက အရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ရခိုင်မြောက်ပိုင်းဒေသများ ရေယာဉ်များသွားလာမှု ပိတ်ပင်

စစ်ရေးအခြေအနေကို အကြောင်းပြပြီး စစ်ကောင်စီတပ်က မလိုအပ်သည့် တားဆီးပိတ်ဆို့မှုများ ပြုလုပ်ပါက ပြည်သူလူထုများ ဒုက္ခကြုံကြရသကဲ့သို့ စစ်ကောင်စီအတွက်လည်း ထိခိုက်မှုများ ပိုများလာမည်ဟု ဒေသခံက ပြောသည်။

(စစ်တွေမြို့နယ် ရွှေမင်းဂံဆိပ်ကမ်းအနီးရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ ရေတပ်စခန်းအနီးရပ်နားထားတဲ့ရေယာဥ်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - BNA)
(စစ်တွေမြို့နယ် ရွှေမင်းဂံဆိပ်ကမ်းအနီးရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ ရေတပ်စခန်းအနီးရပ်နားထားတဲ့ရေယာဥ်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - BNA)

▪️ဒေသခံများကို အကြပ်ကိုင်၊ ခြိမ်းခြောက်၊ နစ်နာအောင်လုပ်ဆောင်ခြင်းများက စစ်ကောင်စီ၏ စစ်ရာဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုသိသာထင်ရှားစေဟုဆို

▪️မောင်တောမြောက်ပိုင်း၌ ယနေ့နံနက်တွင် ပစ်ခတ်မှုများဆက်ရှိ

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က စစ်ရေးအခြေအနေများကြောင့် ကုန်းလမ်း၊ ရေလမ်းသွားယာဉ်များကို စစ်ဆေးမည်ဟု ယမန်နေ့ (စက်တင်ဘာ ၁၄ရက်)က အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ရခိုင်မြောက်ပိုင်း မြို့နယ်များ၌ ရေယာဉ်များ သွားလာခွင့်ကို ပိတ်ပင်လိုက်ကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

” အဲဒီကြေညာချက်ထုတ်ပြီးနောက်ပိုင်း နာရီပိုင်းအတွင်းမှာပဲ ပြည်နယ်စစ်ကောင်စီရဲ့ ပြည်တွင်း ရေကြောင်း သွားလာရေးက ရခိုင်ပြည်မြောက်ပိုင်း မြို့ ၁၀မြို့နယ်က ရေကြောင်းခရီးတွေ အကုန်လုံးကို ပိတ်ခိုင်းလိုက်တယ်။ ဒီနေ့က စပြီးထွက်လို့မရတော့ဘူး”ဟု ဒေသခံက ပြောသည်။

ထိုသို့ ပိတ်ပင်မှုများကြောင့် မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဍားကျွန်း၊ စစ်တွေ၊ မြောက်ဦး ၊ မင်းပြား ၊ မြေပုံစသည်တို့အပါအဝင် ရခိုင်မြောက်ပိုင်း ရှိ ပြည်သူလူထုများ အနေဖြင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်တို့ အပါအဝင် အခက်အခဲများစွာကြုံကြရမည်ဟုဆိုသည်။ ရခိုင်ဒေသခံပြည်သူများအနေဖြင့် ရေလမ်းခရီးကိုသာ အဓိကအားထားသွားလာနေကြရခြင်းဖြစ်သည်။

” အဓိကတော့ မောင်တောနဲ့ ဘူးသီးတောင် ပိုပြီး ကြုံရတာပေါ့ အစကတည်းက သူတို့က တစ်လကျော်ပြီလေ ဩဂုတ် ၁၃ရက်နေ့ကတည်းက အကုန်လုံးကို ပိတ်ဆို့ခံလိုက်ရတာဆိုတော့ အခုဆိုရင် ပိုပြီး ခက်ခဲကြပ်တည်းလာမှာပေါ့။သူတို့ဘက်က မောင်တောမြောက်ပိုင်း တစ်ခုလုံးသူတို့က လက်လွှတ်ဆုံးရှုံးရမယ့် အခြေအနေ ရောက်နေတော့ အဲဒီနေရာ မကျဖို့အတွက် စစ်အင်အား ဖြည့်နေတာတွေ့တယ်။ မနေ့က မနက်ပိုင်းဆိုရင်လည်း မောင်တောကို ဂျပန်ကလှူထားတဲ့ သင်္ဘောသုံးစီးနဲ့အင်အား ၅၀၀လောက် လက်နက်အင်အား အပြည့်အစုံနဲ့ ရောက်သွားတယ်ဆိုတော့ သူတို့က တစ်နေရာမှာ ဖြစ်နေတဲ့ဟာတွေ အဲဒီလို ဖြစ်ရင် သတင်းအချက်အလက်မရအောင် နောက်ပြီးတော့ တစ်နေရာကလူတွေ တစ်နေရာထွက်ပြေးလို့ မရအောင် အဲဒီလိုမျိုးလုပ်တာလို့ မြင်ပါတယ်”ဟု ရခိုင်ဒေသခံက ပြောသည်။

AAနှင့် စစ်ကောင်စီတပ်တို့သည် ဩဂုတ်လလယ်မှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ ချင်းပြည်နယ် ပလက်၀ စသည့် ဒေသများ၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း အချို့ကို AAက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီတပ်ကလည်း လေကြောင်း ပစ်ကူများ၊ လက်နက်ကြီး ပစ်ကူများ အသုံးပြုပြီး တုံ့ပြန်တိုက်ခိုက်လျက်ရှိရာ ယနေ့နံနက်တွင်လည်း မောင်တောမြို့နယ်၌ ပစ်ခတ်မှုများ ဆက်ရှိနေသည် ဟု ဆိုသည်။

“ဒီမနက် ၆နာရီလောက်ကတည်းက မောင်တောမြောက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်တာလား တစ်ဖက် သတ်ပစ်တာလားတော့ မသိဘူး။ လက်နက်ကြီး ပစ်သံတွေတော့ တောက်လျှောက်ကြားနေရတယ်”ဟု ဒေသခံက ပြောသည်။

စစ်ရေးအခြေအနေကို အကြောင်းပြပြီး စစ်ကောင်စီတပ်က မလိုအပ်သည့် တားဆီးပိတ်ဆို့မှုများ ပြုလုပ်ပါက ပြည်သူလူထုများ ဒုက္ခကြုံကြရသကဲ့သို့ စစ်ကောင်စီအတွက်လည်း ထိခိုက်မှုများ ပိုများလာမည်ဟု ဒေသခံက ပြောသည်။

“ဘူးသီးတောင် မောင်တောမှာ ရခိုင်တစ်ခုတည်း ရှိတာမဟုတ်ဘူး နိုင်ငံတကာက အာရုံစိုက်နေတဲ့ မွတ်ဆလင်တွေလည်း ရှိနေတယ်ဆိုတော့လေ နိုင်ငံတကာဖိအားတွေလည်း အများကြီးခံရမှာပဲ။AAကို လုပ်မယ်ဆိုရင် AA စစ်ရေးပစ်မှတ်တစ်ခုတည်း လုပ်ရမှာ။ စစ်ရေးပစ်မှတ်နဲ့ မသက်ဆိုင်တဲ့ ပြည်သူလူထုတွေ လမ်းပမ်းဆက်သွယ်ရေးတွေ ခရီးသွားတွေကို အဲဒီလိုလုပ်တာကတော့ သူတို့ရဲ့ စစ်ရာဇဝတ်မှု ချိုးဖောက်နေတဲ့ဟာ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ဟာကို ပိုပြီးတော့ သိသာထင်ရှား စေတာပေါ့”ဟု ရခိုင်ဒေသခံက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စက်တင်ဘာ ၁၄ရက် နံနက်၆နာရီခွဲတွင်လည်း နဂါးတွင်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဦးတာဘူးပစ်သတ်ခံရသည့်ဖြစ်စဥ်သည် ယမန်နေ့(စက်တင်ဘာ ၁၄ရက်) ညနေ ၃နာရီခန့်က ဖြစ်ခဲ့ပြီး ယခုအခါ စစ်ကောင်စီတပ်က ပုသိမ် - ရေကြည် - ဟင်္သာတ လမ်းပိုင်းတစ်လျှောက် စစ်ဆေးမှုများ တင်ကျပ်ထားသည်ဟု သတင်းရရှိသည်။

သတင်း

ရွာသစ်ကြီးအုပ်ချုပ်ရေးမှူးသည် သာရေးနာရေးလုပ်မည်ဆိုလျှင် ပြည်သူများထံမှ ကျပ် ၃၀,၀၀၀၊ ထောက်ခံစာလုပ်လျှင် ကျပ် ၁၅,၀၀၀၊ ခရီးသွားထောက်ခံစာလုပ်လျှင် ကျပ် ၅,၀၀၀ ကောက်ခံနေလျှက်ရှိသည်ဟု ဆိုသည်။

သတင်း

လက်ရှိတွင် ဂျပန်ရောက်မြန်မာနိုင်ငံသားများက အထက်ပါ ဗီဇာကိစ္စရပ်များကို စစ်ကောင်စီသံရုံးနှင့် ချိတ်ဆက်ဆောင်ရွက်လိုသည့် ဆန္ဒမရှိကြောင်းလည်း NUG ဂျပန်ကိုယ်စားလှယ်ရုံးထံ စာရေးသားတင်ပြတိုင်ကြားမှုများ လက်ခံရရှိထားသောကြောင့် ဂျပန်နိုင်ငံမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပြီးဖြစ်ကြောင်း ဖော်ပြသည်။