Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KIO အထိမ်းအမှတ်နေ့ အကြို ဂီတပွဲကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အနုပညာရှင်၊ လုပ်ငန်းရှင်နှင့် ပြည်သူများ အပါအဝင် သေဆုံးထိခိုက်သူ ၅၀ကျော်ရှိဟု ဒေသခံပြော

ဗိုလ်မှူးကြီးနော်ဘူက သေဆုံးထိခိုက် ၃၀ကျော်၊ ၅၀ကျော်၊ ၆၀ကျော် ဟူ၍ သတင်းများ တွေ့ရသော်လည်းအရေအတွက် အတိအကျ အတည်ပြုပေးနိုင်သည့် စာရင်းများမရသေးဟုဆိုသည်။

(စစ်​ကောင်စီတပ်ကဗုံးကျဲ၍ကွယ်လွန်ခဲ့​သောကချင်တိုင်းရင်းသားအနုပညာရှင်များ)
(စစ်​ကောင်စီတပ်ကဗုံးကျဲ၍ကွယ်လွန်ခဲ့​သောကချင်တိုင်းရင်းသားအနုပညာရှင်များ)

▪︎လူမဆန်တဲ့လုပ်ရပ်ဟု KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူ​ပြော

▪︎စစ်ဆေးရေးနှင့်တိုက်ပွဲမရှိဘဲ လူထုနှင့်အတူ စုဝေးချိန် တိုက်ခိုက်ခြင်းဖြစ်၊ ဒဏ်ရာရသူများစွာရှိနေစဉ် စစ်ကောင်စီတပ်က ဖားကန့် အဝင်အထွက်ပိတ်ပင်ထား

▪︎“သေချာပေါက်ကတော့ စစ်ပွဲကြီးလာဖို့ရှိတယ်”ဟုကချင်​ဒေသခံ​ပြော

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေတပ်မတော်(KIO/KIA) အထိမ်းအမှတ်နေ့အတွက် အကြိုဂီတပွဲကျင်းပနေစဉ် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့၍ အနုပညာရှင်၊ လုပ်ငန်းရှင်နှင့် ပြည်သူများ အပါအဝင် သေဆုံးထိခိုက်အများအပြား ရှိခဲ့ကြောင်း ကချင်ဒေသခံနှင့် KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံတို့က ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၃ရက်ည ၈နာရီကျော် အချိန်တွင် စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဉ်များဖြင့် KIAဖားကန့်မြို့နယ်ရှိ တပ်မဟာ(၉)နယ်မြေရှိ အခမ်းအနားကျင်းပရာနေရာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“KIO နှစ်ပတ်လည်နေ့ အကြိုနေ့ညဖြစ်ပါတယ်။ အရပ်ဘက်က အနုပညာရှင်တွေ တခြား စီးပွားရေးလုပ်ငန်းရှင်တွေရော အားလုံးစုဝေးနေတဲ့ အချိန်ကာလဖြစ်ပါတယ်။ ဒါက သိလျက်နဲ့ စီအစဉ်ရှိရှိနဲ့ လာပစ်တယ်လို့ ပြောလို့ရမှာပေါ့။ စစ်ဆင်ရေးလည်းမရှိဘူး တိုက်ပွဲလည်းမရှိဘူး နောက်ပြီးတော့ ညသန်းခေါင်ယံလည်းဖြစ်နေတယ်။ဆိုတော့ တမင်တကာ အစီအစဉ်ရှိရှိနဲ့ ကျွန်တော်တို့ပြည်သူလူထုနဲ့ အတူတူ နေတဲ့ အချိန်လာပစ်တယ်လို့ပြောလို့ရပါတယ်” ဟု KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် အနုပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ပြည်သူလူထုများ နှင့် KIA စစ်ဘက် မှ ပုဂ္ဂိုလ်များ ထိခိုက်ကျဆုံး အများအပြား ရှိသည်ဟု ကချင်ဒေသခံက ပြောသည်။

(စစ်​ကောင်စီတပ်ကဗုံးကျဲ၍ကွယ်လွန်ခဲ့​သောကချင်တိုင်းရင်းသားအနုပညာရှင်များ)
(စစ်​ကောင်စီတပ်ကဗုံးကျဲ၍ကွယ်လွန်ခဲ့​သောကချင်တိုင်းရင်းသားအနုပညာရှင်များ)

“အဲဒီမှာ ဘယ်လိုလုပ်ပြီးမှ လောပန်းတွေ အဆိုတော်တွေရောက်နေလဲဆိုတော့ မနက်ဖြန် KIO အထိမ်းအမှတ်နေ့ဆိုတာရှိတယ်။အဲဒီ အထိမ်းအမှတ်နေ့မှာ နှစ်တိုင်းကျင်းပနေကျပုံစံ အထိမ်းအမှတ်နေ့မှာ သူတို့ရဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ပတ်သက်တာတွေအသိအမြင် ပြည်သူလူထုကို ချပြတဲ့ဟာပေါ့။ အဲဒီလို အစီအစဉ်လုပ်ဖို့။ ဘာပဲဖြစ်ဖြစ် စိတ်ဓာတ်ရေးရာပိုင်း သီချင်းတွေ ဆိုကြတာပေါ့။အခု ကျွန်တော်ကြားရတာ KIO အထိမ်းအမှတ်နေ့ လုပ်ဖို့ ပြည်သူလူထုကို ဖိတ်ခေါ်ပြီးတော့ ဟောပြောပွဲ လုပ်တယ်။ အဲဒါလုပ်တဲ့အချိန်မှာ အနုပညာရှင်တွေပါဝင်တယ်။ ပြည်သူလူထုကို ခေါ်တော့ သူဌေးတွေက အစ အကုန်တက်လာတယ်။ တက်လာတဲ့အချိန်မှာ ညမှာ အဲဒီလိုဖြစ်တယ် ပြောတယ်” ဟု ကချင်ဒေသခံက ပြောသည်။

သေဆုံးထိခိုက်အရေအတွက် အတိအကျ မသိရသေးသော်လည်း သေဆုံးသူ ၅၀ ကျော်ရှိပြီဟုသိရကြောင်း၎င်း ကဆက်​ပြောသည်။

(စစ်​ကောင်စီတပ်ကဗုံးကျဲ၍ကွယ်လွန်ခဲ့​သောကချင်တိုင်းရင်းသားအနုပညာရှင်များ)
(စစ်​ကောင်စီတပ်ကဗုံးကျဲ၍ကွယ်လွန်ခဲ့​သောကချင်တိုင်းရင်းသားအနုပညာရှင်များ)

“ သေဆုံး ၅၀၊ ဒဏ်ရာရ ၅၀ သေဆုံးထပ်တိုးလာတယ် အဲဒီလိုကြားရတယ်။ ဒါကတော့ သူတို့သက်ဆိုင်ရာဘက်က KIOဘက်က ထုတ်ပြန်လာမလားပေါ့။စောင့်ကြည့်နေတယ်။ မနက်ဖြန် အခမ်းအနားဆိုတော့ အခမ်းအနားအကြိုအနေနဲ့ စိတ်ဓာတ်ရေးရာ မြှင့်တင်တဲ့ ဂီတရှိုးပွဲ ရှိမှာပေါ့။ ဂီတရှိုးပွဲဆို သိတဲ့အတိုင်း စက်သံတွေ ဆူညံနေမှာပဲလေ။ ဆိုတော့ ဘာပဲဖြစ်ဖြစ် လေယာဉ်ပျံလာတဲ့အသံလည်း ကြားဖို့ခက်ခဲမှာပဲ။ အဲဒါတွေကို သူတို့က သေချာတွက်ချက်ပြီး ကွက်တိ စစ်ဆင်ရေးလှုပ်တယ်လို့ ယူဆစရာရှိတယ်” ဟု ကချင်ဒေသခံက ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက သေဆုံးထိခိုက် ၃၀ကျော်၊ ၅၀ကျော်၊ ၆၀ကျော် ဟူ၍ သတင်းများ တွေ့ရသော်လည်းအရေအတွက် အတိအကျ အတည်ပြုပေးနိုင်သည့် စာရင်းများမရသေးဟုဆိုသည်။

ထို့ပြင် ဖားကန့်၌ စစ်ကောင်စီတပ်က စစ်ဆေးမှုများ ပြုလုပ်ပြီး ဂိတ်များမှသွားလာခွင့်မပြုကြောင်း သိရသည်ဟု ၎င်း က​ပြောသည်။

“ကျွန်တော်တို့ဘက်က ဒဏ်ရာရတဲ့သူတွေကို ပြုစုတာတွေ ကုသပေးတာတွေ နောက်တစ်ခုရှိတာကတော့ ကျဆုံးသွားတဲ့ အလောင်းတွေ ပြန်ကောက်ပြီး သဂြိုလ်ဖို့ အစီအစဉ်ရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

(စစ်​ကောင်စီတပ်ကဗုံးကျဲ၍ကွယ်လွန်ခဲ့​သောကချင်တိုင်းရင်းသားအနုပညာရှင်များ)
(စစ်​ကောင်စီတပ်ကဗုံးကျဲ၍ကွယ်လွန်ခဲ့​သောကချင်တိုင်းရင်းသားအနုပညာရှင်များ)

စစ်ကောင်စီ၏ ယခု လုပ်ရပ်သည် စစ်ရာဇဝတ်မှု မြောက်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“လူမဆန်တဲ့ကိစ္စလို့ပဲ တုံ့ပြန်ပြောရမှာပဲ။ ဘာကြောင့်လဲဆိုတော့ ရန်သူအချင်းချင်းတိုက်ခိုက်တာမဟုတ်ဘူး။ ပြည်သူလူထုနဲ့ရောပြီးနေတဲ့ဟာသိပြီးသားဖြစ်နေတယ်။ ဆိုတော့ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒါက စစ်ရာဇဝတ်မှု မြောက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ KIO အနေနဲ့ တော့ ဒီနေ့ကတော့ ဝမ်းနည်းတဲ့ အထိမ်းအမှတ်နေ့ သတ်မှတ်ပြီးမှ ကျွန်တော်တို့ ကချင်နိုင်ငံတော် အလံတွေကိုလည်း တစ်ဝက်ပဲ လွှင့်ထူပြီးမှ အလေးပြု ဝမ်းနည်းကြောင်းပေါ့ လေးပြုနေတဲ့နေ့လည်းဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ကချင်ဒေသခံတစ်ဦးကလည်း ယခု ဖြစ်ရပ်ကြောင့် ကချင်ဒေသ တိုက်ပွဲများ ပိုမိုကြီးများပြင်းထန်လာမည်ဟု ပြောကြားသည်။

“ရှေ့မှာ KIAက လက်ရှိ ဖြစ်နေတဲ့ ပြည်တွင်း ပဋိပက္ခ မှာ KNU လိုမျိုးတိုက်စစ်ဂွင် ဖွင့်ပြီး ကစားတဲ့ဟာမတွေ့ရသေးဘူး။ ဒီဖြစ်စဉ်ပြီးသွားတဲ့နောက်ပိုင်းမှာ အနေအထားတွေ ပြောင်းလာနိုင်တယ်။ KIA ဘက်က တိုက်စစ်ဖွင့်ပြီး ကစားတာမျိုး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာတာမျိုးရှိလာနိုင်တယ်။သေချာပေါက်ကတော့ စစ်ပွဲကြီးလာဖို့ရှိတယ်” ဟု ကချင်ဒေသခံက ပြောသည်။

(စစ်​ကောင်စီတပ်ကဗုံးကျဲ၍ကွယ်လွန်ခဲ့​သောကချင်တိုင်းရင်းသားအနုပညာရှင်များ)

Facebook

You May Also Like

သတင်း

ပြည်သူလူထုအနေဖြင့် KIOက ခေါ်သည်ဖြစ်စေ ၊ စစ်တပ်က ခေါ်သည်ဖြစ်စေ ခေါ်ပါက သွားရလေ့ရှိကြောင်း အဆိုပါဒေသ အခြေအနေကို ပြောပြသည်။

သတင်း

လူထုလူတန်းစားအဖွဲ့အစည်း အသီးသီး အနေဖြင့်လည်း နည်းလမ်းပေါင်းစုံဖြင့် အဆိုပါလုပ်ရပ်အား ဆန့်ကျင်ကြောင်း တောင်းဆိုလှုံ့ဆော်မှုများ ပြုလုပ်ပေးကြရန် NUG က တိုက်တွန်းသည်။

သတင်း

လေကြောင်းတိုက်ခိုက်ခံရ၍ အသက်ဆုံးရှုံးထိခိုက်ခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ်လည်း ၎င်းတို့၏ Facebook စာမျက်နှာ ပရိုဖိုင်ကို အမည်းရောင်ချိန်းထားသည်။