ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးဝေဟင်ပေါ်တွင် စစ်ကောင်စီတပ်က ယမန်နေ့ည ၁ နာရီကျော်တွင်ဂျက်တိုက်လေယာဥ်နှစ်စီး ပျံသန်းသွားကြောင်းဒေသခံအချို့က ပြောသည်။
“၁ နာရီ ၁၀ မိနစ်လောက်မှာ အသံမည်လာတယ် ။ ပြီးတော့မှ လေယာဥ်သံကြားတယ် ပြီးတော့ ပြန်လှဲ့သွားတယ် ။နှစ်ခေါက်လောက် ဝဲပြီးပြန်လှည့်သွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။
အဆိုပါလေယာဥ်သည် ယမန်နေ့ည (ယနေ့နံနက်အစောပိုင်း)တွင်ဗန်းမောက်အလွန်တွင် ဗုံးကျဲသွားကြောင်းလည်းဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်၏လေကြောင်းအချက်အလက်များကို ပြည်သူများသိရှိရန်အချိန် နှင့်အမျှဖော်ပြပေးနေသောEAR( Enemy Air Route )က တံတားဦးလေတပ်မှ ဂျက်ဖိုက်တာသုံးစင်းသည် ယမန်နေ့ည ၁၂ နာရီ ၂၆ မိနစ်နှင့် ၁၂ နာရီ ၃၂ မိနစ်တွင် မြောက်ဘက် သို့ပျံသန်းသွားကြောင်းသတိပေးထားသည်။အဆိုပါလေယာဥ်များသည် နံနက် ၁ နာရီ ၄၆ မိနစ် ၊ ၁ နာရီ ၅၀ မိနစ်နှင့် ၁ နာရီ ၅၄ မိနစ်တွင် တံတာဦးလေတပ်သို့ ပြန်လည်ဆင်းသက်ကြောင်းလည်းသိရသည်။ တံတားဦးမှ လေယာဥ် ၃ စီးထွက်ပြီး လိုင်ဇာမြို့အနီး ၂ စီးပျံသန်းပြီး ကျန် ၁ စီးမှာ မည်သည့်ဘက်ပျံသန်းသည်ကိုမူ မသိရပေ။
ထိုအပြင် စစ်ကောင်စီ၏ကင်းထောက်လေယာဥ်ဟုယူဆရသောလေယာဥ်တစ်စင်းသည် ယမန်နေ့ည မွန်းလွှဲပိုင်းကလည်းလိုင်ဇာမြို့အနီး လာရောက်ပျံသန်းခဲ့ကြောင်းဒေသခံများကပြောသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် ချန်နယ်များက အောက်တိုဘာ ၂၇ ရက်တွင် စစ်ကောင်စီတပ်က KIA ခေါင်းဆောင်နှင့် AAခေါင်းဆောင်များ၏ နေအိမ်များကိုအတိအကျသိကြောင်း ၊ဗုံကျဲလိုပါကကျဲနိုင်ကြောင်း၊အချို့စစ်ကောင်စီထောက်ခံသောအကောင့်များက ဗုံကျဲရန်တိုက်တွန်းသောစာများကို ပုံများနှင့်တကွတင်၍ ခြိမ်းခြောက်ဝါဒဖြန့်ခဲ့သည်။ထိုသို့ ဝါဒဖြန့်ပြီးနောက်တစ်ရက်တွင်လိုင်ဇာမြို့အနီးစစ်ကောင်စီ လေယာဥ်များပျံဝဲခဲ့ခြင်းဖြစ်သည်။
ထိုအပြင် အောက်တိုဘာ ၂၃ ရက်ညက ဖားကန့်မြို့နယ် အနန့်ပါဒေသတွင် KIO နှစ်ပါတ်လည်အကြို ဂီတအကြိုပွဲပြုလုပ်နေစဥ် စစ်ကောင်စီတပ်က တိုက်လေယာဥ်များဖြင့်ဗုံးကျဲတိုက်ခိုက်၍ အနုပညာရှင်များ ၊လုပ်ငန်းရှင်များ၊ပြည်သူများအပါအဝင်စုစုပေါင်း သေဆုံးဒဏ်ရာရသူ ၁၀၀ ကျော်ရှိခဲ့သည်။အဆိုပါတိုက်ခိုက်မှုမှာ အရပ်သားများရှိနေသောနေရာကိုပင်ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်သော စစ်ရာဇဝတ်မှုအဖြစ်နိုင်ငံတကာကပြင်းထန်စွာပစ်တင်ထားသည်။ စစ်ကောင်စီဘက်ကမူ KIA ၏တပ်စခန်းဖြစ်၍တိုက်ခိုက်ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပြီး ၊KIO ကအနန့်ပါဒေသသည် KIA စစ်စခန်းမဟုတ်ဘဲ ခရီးသွားများတစ်ထောက်နားရာနေရာဖြစ်ကြောင်းထုတ်ပြန်ရှင်းလင်းထားသည်။
ကချင်ပြည်နယ်မိုးမောက်မြို့နယ်အပါအဝင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများပြင်ထန်နေသည်။ ၁၀ ရက်ကြာပြီဖြစ်သောမိုးမောက်တိုက်ပွဲတွင် KIA နှင့် PDFများပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကာင်စီတပ်သေဆုံးထိခိုက်မှုများပြီးအထိနာနေသည်။