■ပြည်တွင်းရှိ ကုမ္ပဏီအားလုံး၏ ၃၂ ရာခိုင်နှုန်းဖြစ်
■အရပ်သားအစိုးရလက်ထက်၂၀၁၇ မှ ၂၀၂၀ အတွင်း ဖျက်သိမ်းခံရသည့်ကုမ္ပဏီ ၆၀၀ ခန့်သာရှိ
၂၀၂၄ ခုနှစ်အတွင်း ကုမ္ပဏီ ၂၀,၀၀၀ ခန့်ကို စစ်ကောင်စီက ဖျက်သိမ်းခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနက စာရင်းများအရသိရသည်။

Public Service Announcement
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ကုမ္ပဏီပေါင်း ၁၉၁၀၀ ကျော်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခဲ့ပြီး ထိုကုမ္ပဏီမှ ဒါရိုက်တာများကိုလည်း ကုမ္ပဏီအသစ် ထူထောင်ခွင့်မပေးတော့ကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှသိရသည်။
ကုမ္ပဏီမှတ်ပုံတင်စာရင်းပယ်ဖျက်သည့် စာရင်းများအရ ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလများတွင် ကုမ္ပဏီပေါင်း ၇၅၀ နှင့် ၆၀၀ ခန့်ရှိခဲ့သော်လည်း မတ်လမှစတင်ပြီး ကုမ္ပဏီ ဖျက်သိမ်းသည့်စာရင်းပိုများလာခြင်းဖြစ်သည်။ ဇူလိုင်လတစ်လတည်းတွင် ကုမ္ပဏီပေါင်း ၂၅၀၀ ကျော်ကို စစ်ကောင်စီကဖျက်သိမ်းခဲ့သည်။
၂၀၂၄ခုနှစ်အတွင်း စစ်ကောင်စီဖျက်သိမ်းခဲ့သည့် ကုမ္ပဏီ ပမာဏသည် မြန်မာပြည်တွင်းရှိကုမ္ပဏီစုစုပေါင်း၏ ၃၂ ရာခိုင်နှုန်းခန့်ရှိသည်။ပြည်တွင်း၌ ကုမ္ပဏီပေါင်း ၆၀,၀၀၀ ကျော်ရှိသည်။
၂၀၁၇မှ ၂၀၂၀ ခုနှစ်အထိ သုံးနှစ်တာအတွင်း ဖျက်သိမ်းခံရသည့် ကုမ္ပဏီ အရေအတွက်မှ ၆၀၀ ခန့်သာရှိသည်ဟု ကုမ္ပဏီမှတ်ပုံတင်ရေးဆောင်
ရွက်နေသူတစ်ဦးကပြောသည်။ ထိုကြောင့် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်ကထက် ဖျက်သိမ်းခံရသောကုမ္ပဏီ အရေအတွက်မှာ အဆပေါင်း ၃၃ ဆပိုများလာခြင်းဖြစ်သည်။
“အခုဖျက်သိမ်းခံရတဲ့ ပမာဏက အရမ်းများတယ်။ စံချိန်တင်လို့ပဲပြောရမယ်။ အများစုက ဆောက်လုပ်ရေး၊ ကုန်သွယ်ရေးနဲ့ ပို့ကုန်လုပ်ငန်းတွေဖြစ်တယ်။ ခရီးသွားကုမ္ပဏီတချို့လည်းပါတယ်”ဟု ၎င်းကပြောသည်။
ငွေဖောင်းပွခြင်း ၊ လျှပ်စစ်မီးပျက်ခြင်း ၊အထွေထွေကုန်ဈေးနှုန်းကြီးဖြင့်ခြင်း ၊ နယ်စပ်ကုန်သွယ်ရေးများရပ်တန့်သွားခြင်း ၊စက်သုံးဆီဈေးကြီးခြင်း ပြည်ပရင်းနှီးမြှပ် နှံမှု နှင့် ကမ္ဘာလှည့်ခရီးသွားလျော့ကျခြင်း၊စစ်မှုထမ်းဥပဒေကြောင့် လူငယ်များအလုပ်ထွက်သွားကြခြင်း ၊ စစ်ကောင်စီကမူဝါဒအမျိုးမျိုးပြောင်းလဲကာ လုပ်ငန်းရှင်များကို ခြိမ်းခြောက်လာခြင်းစသည်တို့ကြောင့် ပြည်တွင်း၌ လုပ်ငန်းများလုပ်ကိုင်လည်ပတ်ရန် ပိုမိုခက်ခဲလာကြောင်း လုပ်ငန်းရှင်များကပြောသည်။
စစ်ကောင်စီကထိန်းချုပ်ထားသည့် ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားချက်အရ ၂၀၂၃ ဇန်နဝါရီလတွင် ကုမ္ပဏီအသစ် ၇၀၀ ကျော်မှတ်ပုံတင်ခဲ့သည်ဟုဆိုထားသည်။ ထိုနောက်ပိုင်းတွင် ကုမ္ပဏီအသစ်မှတ်ပုံတင်ခြင်းကို ထုတ်ပြန်ကြေညာခြင်းမရှိတော့ပေ။















































