ဆွစ်ဇာလန်နိုင်ငံက စစ်အုပ်စုထိန်းချုပ်ထားသည့်မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်း လူ့အခွင့်အရေး အဖွဲ့ Justice For Myanmar က အသိပေးသည်။
MOGE အပေါ် ဆွစ်ဇာလန်၏ဒဏ်ခတ်ပိတ်ဆို့မှုများသည် မြန် မာပြည်သူများအပေါ် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက် စစ်ဆင်ရေးအတွက် ဘဏ္ဍာငွေဖြည့်တင်းရန် ရေနံ နှင့်သဘာဝဓါတ်ငွေ့ကဏ္ဍမှဘဏ္ဍာငွေ ရှာဖွေရရှိနေသည့် စစ်အုပ်စု၏ ကယ်ပေါက်တစ်ခုအား ပိတ်ပင်ရာတွင် အရေးပါကြောင်း JFM ကဖော်ပြသည်။
“အီးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ကိုက်ညီနေတဲ့ မြန်မာနိုင်ငံက MOGE ကို နောက်ဆုံးမှာ ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆွစ်ဇာလန်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်”ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောသည်။

Public Service Announcement
ဆွစ်ဇာလန်၏အရေးယူမှူသည် လေးနှစ်ကျော်ကြာ အာဏာသိမ်းခဲထားသောစစ်အုပ်စုကို ဆန့်ကျင်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများနှင့် အတူတသားတည်းရှိကြောင်း သတင်း စကားပါး လိုက်ခြင်းဟု လည်းဖော်ပြထားသည်။
ထို့အတူ ကနေဒါ၊ ယူကေနှင့် ဩစတြေးလျနိုင်ငံတို့ ကလည်း ဆွစ်ဇာလန်ကဲ့သို့ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ အလျင်အမြန် ပြုလုပ်ရန်လည်း JFMက တောင်းဆိုသည်။
စစ်အုပ်စု၏ အချက်အလက်များအရမြန်မာ့သဘာဝဓါတ်ငွေ့တင်ပို့မှုမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ သုံးလအတွင်းအမေရိကန်ဒေါ်လာ ၈၄၁ ဒသမ ၇ သန်းရရှိခဲ့ကြောင်းသိရသည်။
ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍသည် စစ်အုပ်စုအ တွက် နိုင်ငံခြားငွေဖြင့် အခွန်ဝင်ငွေအများဆုံး ရရှိနေသည့် ရင်းမြစ်တစ်ခု ဖြစ်သည်။စစ်တပ်သည် ထိုဝင်ငွေများဖြင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် လိုအပ်သည့် စစ်လက် နက်များ၊ လေယာဉ်ဆီနှင့် အခြားအထောက်အကူပြုပစ္စည်းများကို စစ်အုပ်စုကဝယ်ယူအသုံးပြုနေကြောင်းလည်း JFM ကအသိပေးထားသည်။
ဆွစ်ဇာလန်ဘဏ်များသည် မြန်မာ့နိုင်ငံပိုင်ဘဏ်များနှင့်သမိုင်းစဉ်လာဆက်နွှယ်မှုများရှိခဲ့ပြီး ၂၀၁၈ ခုနှစ် အစီရင်ခံစာတွင် MOGE က နိုင်ငံတကာငွေလွှဲမှုများအတွက် အသုံးပြုခဲ့သည်။ လက်ရှိစစ်အုပ်စု ထိန်းချုပ်ထားသော မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ်(MFTB)သည် ဆွစ်ဇာလန်နိုင်ငံတွင် အပြန်အလှန် ငွေလွှဲဘဏ်စနစ် ဆက်ဆံရေးများ ရှိခဲ့သည်။ဆွစ်အာမခံလုပ်ငန်းများသည်လည်း မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍနှင့် ဆက်နွှယ်မှုများရှိကြောင်း Justice For Myanmar ကဖော်ပြထားသည်။

















































