ဧပြီလကုန်နှင့် မေလအတွင်း စစ်ကောင်စီတပ် စခန်းနှင့် တပ်စွဲရာနေရာ ၈ခုထက်မနည်းသိမ်းပိုက်ထား
မေ ၁၆၊၂၀၂၅။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဖားအံ(ဘားအံ)ခရိုင် တပ်မဟာ(၇)နယ်မြေရှိ စစ်ကောင်စီ၏ မော်ကွီးလုတပ်စခန်းကို ယနေ့(မေလ ၁၆ရက်) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ခလရ(၂၄)တပ်ရင်းမှ အခြေစိုက်တပ်စွဲထားသည့် အဆိုပါ မော်ကွီးလုတပ်စခန်းကို တပ်မဟာ(၇) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)တို့က ယနေ့ နံနက် ၅နာရီခွဲတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှု၊ လက်နက်ခဲယမ်းရရှိမှု အခြေအနေများ ဖော်ပြမထားသော်လည်း တပ်စခန်းအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေပြ မှတ်တမ်းဓာတ်ပုံများ ဖော်ပြထားသည်။
KNUသည် မေလ ၁၃ရက်ကလည်း တပ်မဟာ(၇) နယ်မြေရှိ ခလရ(၂၄)နှင့် အမတ(၃၁၁)တင်ရင်း တပ်စွဲထားသည့် တညာကျိုး ခေါ် တာလယ်ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ် ဗိုလ်ကြီးအပါအဝင် ၉ဦး သေဆုံးပြီး ဒုတပ်ရင်းမှူးနှင့်အဖွဲ့ ထွက်ပြေးသွားကြောင်း အသိပေးထားသည်။
မေလ ၉ရက်ကလည်း တပ်မဟာ(၄)နယ်မြေရှိ ထီးခီးနယ်စပ်စစ်ကောင်စီစခန်း၊ တပ်မဟာ(၇) နယ်မြေရှိ လေးပနာဒီ(ခေါ်) တခေါ်ဘီခွီး စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားကြောင်း KNUက အသိပေးထားသည်။
ပြီလကုန်ပိုင်းကလည်း ခလရ(၆၀) ၊ ခလရ(၇၃)တပ်ရင်း ပူးပေါင်းတပ် ခြေကုတ်ယူထားသည့် KNU ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ်အတွင်းရှိ နောင်ကုန်း၊ ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်း၊ တောင်စုကျေးရွာတို့ကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထို့အပြင် မေလ ၈ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် KNLA ပူးပေါင်းတပ်များက တပ်မဟာ(၃)နယ်မြေ ရွှေကျင်အခြေစိုက် ခမရ(၅၉၈)တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
KNU အနေဖြင့် ဧပြီလကုန်ပိုင်းနှင့် မေလတွင် စစ်ကောင်စီတပ်စွဲရာ နေရာနှင့်တပ်စခန်း ၈ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ရေးအရှိန်မြှင့်တင်လျက်ရှိသည်။
စစ်ကောင်စီကလည်း တိုက်ပွဲဖြစ်ပွားရာဒေသများသာမက တိုက်ပွဲဖြစ်ပွားမှုမရှိသည့် KNU အုပ်ချုပ်နယ်မြေရှိ ပြည်သူလူထုနေထိုင်ရာ နေရာများသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများလုပ်ဆောင်နေ၍ ပြည်သူများ ထိခိုက်သေဆုံးမှုများလည်းရှိနေသည်။



















































