close
Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်မှူးကြီးစောထူးထူးလေးကွယ်လွန်ခြင်းမှာ တော်လှန်ရေးအတွက်ကြီးမားသည့်ဆုံးရှုံးမှုဟု KNUပြော

ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟို၏ စစ်ရေး၊ နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီးစောထူးထူးလေး ကွယ်လွန်ခြင်းအပေါ် KNUဗဟိုက ယနေ့ (မေလ ၂၀ရက်)တွင် ထုတ်ပြန်ခဲ့ရာ ၎င်းအား ဆုံးရှုံးရမှု သည် ကရင်အမျိုးသားတော်လှန်ရေးအတွက် ကြီးမားသည့်ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပြီး ကျန်ရစ်သူ မိသားစုနှင့် ထပ်တူဝမ်းနည်းရကြောင်း ဖော်ပြသည်။

ဗိုလ်မှူးကြီးစောထူးထူးလေးနှင့် NUGမှ တာဝန်ရှိသူများနှင့် အတူတွေ့ရစဉ်။ ဓာတ်ပုံ − Lwin Ko Latt/FB

မေ ၂၀၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟို၏ စစ်ရေး၊ နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီးစောထူးထူးလေး ကွယ်လွန်ခြင်းအပေါ် KNU ဗဟိုက ယနေ့ (မေလ ၂၀ရက်)တွင် ထုတ်ပြန်ခဲ့ရာ ၎င်းအား ဆုံးရှုံးရမှု သည် ကရင်အမျိုးသားတော်လှန်ရေးအတွက် ကြီးမားသည့်ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပြီး ကျန်ရစ်သူ မိသားစုနှင့် ထပ်တူဝမ်းနည်းရကြောင်း ဖော်ပြသည်။

မေလ ၁၇ရက်ညပိုင်းက ကွယ်လွန်ခဲ့သည့် ဗိုလ်မှူးကြီးစောထူးထူးလေး အတ္ထုပ္ပတ္တိနှင့် တော်လှန်ရေးဖြတ်သန်းမှုသမိုင်းကို ယနေ့ ထုတ်ပြန်ခဲ့ရာ အထက်ပါအတိုင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

၂၀၁၂မှ ကွန်လွန်ချိန်အထိ KNU ဗဟို၏ အကြံပေးတာဝန်ထမ်းဆောင်ခဲ့သည့် KNUတွဲဖက် အတွင်းရေးမှူး(၁)ဟောင်း ဗိုလ်မှူးကြီးစောထူးထူးလေးသည် ကွယ်လွန်ချိန်၌ အသက်(၇၈)နှစ်အရွယ် ရှိပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

KNU၏ ယနေ့ ထုတ်ပြန်ချက်တွင် ဗိုလ်မှူးကြီးစောထူးထူးလေး၏ တော်လှန်ရေးခံယူချက် ကိုဖော်ပြထားရာ ဗိုလ်မှူးကြီးစောထူးထူးလေးသည် ကရင်အမျိုးသားရေးအတွက် မျိုးချစ်စိတ် အပြည့်အဝရှိသူ တစ်ဦးဖြစ်ပြီး ပေးအပ်သော စစ်ရေးတာဝန်များကိုကျေပွန်စွာ တာဝန် ထမ်းဆောင်ခဲ့ဟု ဖော်ပြသည်။

ထို့ပြင် နအဖစစ်အစိုးရ၊ ဦးသိန်းစိန်အစိုးရ၊ NLDအစိုးရများနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် KNU ကိုယ်စားလှယ်အဖြစ် တာဝန်အဆင့်ဆင့်ပေးအပ်သဖြင့် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးမှ ချမှတ်ထားသော ငြိမ်းချမ်းရေးမူလမ်းစဉ်အတိုင်းရပ်တည်၍ နိုင်ငံရေးစကားဝိုင်းများတွင် ရွတ်ရွတ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်ဟု ဆိုသည်။

ဗိုလ်မှူးကြီး စောထူးထူးလေးကွယ်လွန်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

ဗိုလ်မှူးကြီးစောထူးထူးလေး ကွယ်လွန်ခြင်းသည် ကျန်ရစ်သူမိသားစုအတွက်သာမက ကရင်အမျိုးသားထုကြီး တရပ်လုံးနှင့် မြန်မာ့နိုင်ငံရေးအတွက် အစားထိုးမရသည့် ကြီးမားသောဆုံးရှုံးမှု ဖြစ်ကြောင်း NUG၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ဗိုလ်မှူးကြီးထူးထူးလေး ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း လူမှုကွန်ရက်၌ ရေးသားခဲ့သည်။

” ကရင်လူမျိုးတွေအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်သလို၊NUG၊ PDF တွေအပေါ် အကောင်းဆုံး ကူညီဆောင်ရွက်ပေးခဲ့၊ ရပ်တည်ပေးခဲ့၊ အကြံဉာဏ်ပေးခဲ့သည့် ခေါင်းဆောင်တစ်ဦးလိုလည်း ဆိုနိုင်ပါတယ်”ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ရေးသားထားသည်။

ဗိုလ်မှူးကြီးစောထူးထူးလေး၏ တော်လှန်ရေးဖြတ်သန်းမှု သမိုင်းကိုလည်းဖော်ပြခဲ့ရာ ဥပဒေဘွဲ့ရတဦးဖြစ်သည့် ၎င်းသည် ၁၉၇၆တွင် ဖားအံမြို့သို့ ရောက်ရှိလာပြီး မြို့နယ်ရုံးတွင် ဥပဒေအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဟု ဖော်ပြသည်။

တာဝန်အရကျေးရွာများသို့ လိုက်လံလှည့်လည်စဉ် ကျေးရွာများ၌ မြန်မာ့တပ်မတော်မှ ကျေးရွာ သူ၊ ကျေးရွာသားများကို ညှင်းပန်းနှိပ်စက်ခြင်း၊ တပ်သားများအတွက် အတင်းအဓမ္မလုပ်အား ပေးစေခိုင်းခြင်း၊ ပစ္စည်းများသိမ်းယူခြင်းနှင့် ရွာသားများအတွက် လုံခြုံမှုမရှိခြင်း များကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးနောက် နိုင်ငံရေးတွင် ပိုမိုသတိချပ်၍တက်ကြွစွာပါဝင်လာပြီး ကရင်လူငယ်များကို နိုင်ငံရေးအသိရှိလာရန် လှုံဆော်ပေးခဲ့သည်ဟု ဆိုသည်။

၁၉၇၇နှောင်းပိုင်းတွင် ထိုင်းမြန်မာနယ်စပ်အနီးရှိ ကရင်အမျိုးသားအစည်းအရုံးဌာနချုပ် သို့ ရောက်ရှိလာပြီး KNUနှင့် UGလှုပ်ရှားမှုများ စတင်လုပ်ဆောင်ခဲ့ရာ မြန်မာစစ်တပ်ထောက်လှမ်းရေးများ၏ စောင့်ကြည့်ခြင်းခံ ရသည့်အတွက် ၁၉၇၉ဇွန်လ ၁၇ ရက်တွင် မိသားစုနှင့်အတူ ဖားအံမြို့မှ ထွက်ခွာပြီး ကေအဲန်ယူ-တပ်မဟာ(၆) အုပ်ချုပ်နယ်မြေ၊ဖလူးသို့ ရောက်ရှိလာခဲ့ပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၁၀၁)၌ အမျိုးသားတော်လှန်ရေးအား ထဲထဲဝင်ဝင် စတင်လုပ်ဆောင်ခဲ့ဟု ဖော်ပြသည်။

၁၉၈၀ မတ်လတွင် ဖာပွန်ဒေသစစ်မျက်နှာသို့ တာဝန်ပေးခြင်းခံရပြီး ဧပြီတွင် ကတိုင်တိတိုက်ပွဲ အတွင်း နားဒဏ်ရာရရှိခဲ့ရာ မာနယ်ပလောဌာနချုပ်သို့ ပြန်လည်ဆေးကုသမှုခံယူခဲ့သော်လည်း ဘယ်ဘက် နားအကြားအာရုံ ဆုံးရှုံးခဲ့ရဟု ဆိုသည်။

ထို့နောက် ဗိုလ်ကြီးအဆင့်သို့ ရာထူးတိုးမြှင့်ခံခဲ့ရပြီး တရားစီရင်ရေးဌာနသို့ ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့ကြောင်း၊ ထို့ပြင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ စစ်ရေးဌာနတွင်လည်း ကူညီခဲ့ပြီး ဖားအံခရိုင်၊ တပ်မဟာ(၇) တရားရေး အကြံပေးအဖြစ်တာဝန်ယူခဲ့သည်ဟု ဖော်ပြသည်။

၁၉၈၄၌ နယ်စပ်ဒေသတွင် တိုက်ပွဲများပြင်းထန်လာပြီး ကရင်ပြည်သူများ ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံနေရသည့်အတွက် KNUသည် ကရင်ဒုက္ခသည်များကို ကူညီရန် Karen Refuge Committee (KRC) အားဖွဲ့စည်းခဲ့ရာ ဗိုလ်မှူးကြီးစောထူးထူးလေးကို KRCတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။

၁၉၈၆ ကွန်ကရက်တွင် ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၁၉၈၇တွင် ဘုရားသုံးဆူဒေသတွင် မွန်-ကရင် ပူးတွဲအုပ်ချုပ်ရေးကို ဖွဲ့စည်းခဲ့ရာ ဗိုလ်မှူးကြီး စောထူးထူးလေးသည် မွန်-ကရင် ပူးတွဲအုပ်ချုပ်ရေး ကေအဲန်ယူ-ကရင်အမျိုး သားအစည်း အရုံး ကိုယ်စားလှယ်အဖြစ် တာဝန်ပေးခန့်အပ်ခြင်း ခံရသူဖြစ်သည်။

၁၉၉၀တွင် မာနယ်ပလောဌာနချုပ်သို့ ပြန်လည်ခေါ်ယူခဲ့ရပြီး မြစ်ဝကျွန်း ပေါ်စစ် ဆင်ရေး တခုတွင် ကရင့်တော်လှန်ရေးတပ်ဖွဲ့ကို ဦးဆောင်ရန်တာ ဝန်ပေးခြင်းခံခဲ့ရသည်။ ၁၉၉၁ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်မှူးကြီး အဆင့်သို့ ရာထူးတိုးခဲ့ပြီး ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ ဒုစစ်ဦးစီးချုပ် နှင့် တရားရေးဌာန တာဝန်ခံအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

၁၉၉၅ ဩဂုတ် ၂၁ ရက်တွင် ကျင်းပသော KNU ကရင်အမျိုးသားအစည်းအရုံး (၁၁)ကြိမ်မြောက် ကွန်ကရက်တွင် တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) အဖြစ်ရွေးချယ်ခံခဲ့ရသည်။

၁၉၉၇တွင် ဗိုလ်မှူးကြီး စောထူးထူးလေးသည် အမေရိကန်ရေတပ်အမှုထမ်းဟောင်း တစ်ဦးဖြစ်သူ ဒေ့ဗစ်ယူဘန်း (David Eubank)နှင့် တွေ့ဆုံဆွေးနွေးပြီး ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များကို လူမှုကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးအကူအညီများ ပေးနိုင်ရန်အတွက် Free Burma Rangerကိုတည်ထောင်ခဲ့သည်ဟု ဖော်ပြသည်။

၂၀၀၀ ဇန်နဝါရီ (၁၂)ကြိမ်မြောက်ကွန်ကရက်တွင် တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)အဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး ၂၀၀၄ နိုဝင်ဘာက KNU၏ (၁၃)ကြိမ်မြောက်ကွန်ကရက်တွင် တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)အဖြစ် ပြန်လည်အရွေးခံရသည်ဟု ဆိုသည်။

၂၀၁၂ နိုဝင်ဘာ ၂၇ရက်မှ ဒီဇင်ဘာ ၂ရက်အထိ ကျင်းပသော KNU ကရင်အမျိုး သားအစည်းအရုံး (၁၅)ကြိမ်မြောက်ကွန်ကရက်မှစ၍ ကွယ်လွန်သည့်အချိန်အထိ ဗိုလ်မှူးကြီး စောထူးထူးလေးအား KNU ကရင်အမျိုးသားအစည်းအရုံး၏ စစ်ရေးနှင့်နိုင်ငံရေး အကြံပေးအဖြစ် တရားဝင်ပေးအပ်ပြီး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း တစ်ခုကို မေလ ၂၀ ရက်နေ့မှာ ကရင် လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေက သိမ်းယူနိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာန Enquirerက ဖော်ပြသွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့က ထိုင်း - မြန်မာ နယ်စပ်အနီးမှာရှိတဲ့ မော်ဖိုးခီ့( မော်ဖိုးကေ) စခန်းကို ဒီနေ့ (မေလ ၁၉ ) မှာ နေ့ တပိုင်းခန့် တိုက်ခိုက်ပြီး KNU ကသိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့က ထိုင်း - မြန်မာ နယ်စပ်အနီးမှာရှိတဲ့ မော်ဖိုးခီ့( မော်ဖိုးကေ) စခန်းကို ဒီနေ့ (မေလ ၁၉ ) မှာ KNU တပ်မဟာ (၇) ကစတင်တိုက်ခိုက်နေတယ်လို့ ထိုင်းနယ်စပ်သတင်းတွေအရသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ၊ လူသောမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ လယ်မူပလောတပ်စခန်း ကို KNU တပ်မဟာ (၅) က ဝန်းရံပိတ်ဆို့ထားပြီး စတင်တိုက်ခိုက်နေပြီလို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

Facebook