ဇွန်-၁၁၊၂၀၂၅။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြန်မာ-ထိုင်းနယ်စပ်ရှိ ဘောဒီ ခေါ် အမို နယ်စပ် စစ်ကောင်စီတပ်စခန်းကို ဇွန်လ ၁၀ရက်မနက်က သိမ်းပိုက်ခဲ့ရာ စစ်သားအများစုမှာ လက်နက်များယူပြီး ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးသွားကြောင်း KNU တပ်မဟာ(၄) နှင့် တော်လှန်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။
အင်အား ၆၀ ခန့် တပ်စွဲထားသည့် ပွိင့် ၂၅၆၆ စခန်း ခေါ် ဘောဒီနယ်စပ်(အမိုနယ်စပ်) စခန်းကို ဇွန်လ ၁၁ ရက်မနက်တွင် KNU/KNLA၏ စစ်ရေးဦးဆောင်မှုဖြင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“မနေ့ကစခန်းသိမ်းတဲ့တိုက်ပွဲမှာ ရန်သူက ဖမ်းမိတာမရှိဘူး။ သူတို့ ထိုင်းဘက် အကုန်ထွက်ပြေးတယ်။ သူတို့က ယူသွားတာပေါ့ လက်နက်တွေ။ ဒါပေမဲ့ ထိုင်းဘက်ရောက်တော့ တချို့ကပါတယ်လို့ထင်တယ်။ တချို့က သူတို့ လျှို့ဝှက်ထားတာလားမသိဘူး” ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

Public Service Announcement
KNU မြိတ် -ထားဝယ်ခရိုင် ကရင်လူငယ်အစည်းရုံးအတွင်းရေးမှူး စောအယ်ထီးကော်ကလည်း ဘောဒီစစ်ကောင်စီတပ်စခန်းသိမ်းပိုက်မှု တွင်လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၁၀လက်ခန့်ရသည်ဟု သိရကြောင်း ပြောပြသည်။
“လက်နက်ကတော့တချို့တဝက်ပဲသိမ်းဆည်းရတာပေါ့နော်။ ထိုင်းဘက် ပြေးတယ်လို့တော့ ပြောတယ် ဒါပေမဲ့ထိုင်းဘက်မှာလည်း သတင်းတော့ မထွက်သေးဘူးပေါ့နော်။ လက်နက်အပါအဝင် သူတို့ ထွက်ပြေးသွားတာ။ ဒါပေမဲ့ ဒီစခန်းမှာ ကျန်ရှိလက်နက်တွေတော့ ကျနော်တို့ သိမ်းဆည်းရရှိတာပေါ့နော်။ လက်နက်ကတော့ ဒီလောက်ပဲရထားတာပေါ့ ၆၀ မမ ၂လက်နဲ့လက်နက်ငယ် ၇လက်၊ ၈လက် အဲဒီလောက်ပဲရတယ်။ “ ဟု စောအယ်ထီးကော်က ပြောသည်။
သိမ်းပိုက်ရရှိခဲ့သည့် လက်နက်များသည် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ကျဆုံးခဲ့သူများ၏ လက်နက်ဖြစ်သည်ဟုသိရသည်။
“စခန်းမှာကျတာရှိတယ်။ ဒရုန်းနဲ့ ချတဲ့အချိန်မှာ ဒီလောက်ကျသွားတာ။” ဟုစောအယ်ထီးကော်ကပြောသည်။
စခန်းသိမ်းတိုက်ပွဲ၌ပါဝင်သည့်ဒရုန်းတပ်ဖွဲ့ Force for Federal Democracy(FFD) ဒုတာဝန်ခံ ကိုအောင်အောင်က လည်း “ဘောဒီနယ်စပ်စခန်းက ထိုင်း-မြန်မာ နယ်စပ်မှာ ရှိနေပြီးတော့ စတုရန်းမီတာ ၁၀၀ မီတာခန့် ကျယ်ဝန်းတယ်။ ခြံစည်းရိုးသုံးထပ်နဲ့ ဖွဲစည်းထားတဲ့ စခန်းဖြစ်တယ်။ စခန်းရဲ့ တဝက်လောက်က ထိုင်းနိုင်ငံရဲ့ ဘော်ဒါဘက်ခြမ်းထဲကို ဝင်နေတယ်လို ပြောလိုရပါတယ်” ဟု ပြောသည်။
အဆိုပါဘောဒီ တပ်စခန်းကို ဇွန်လ ၈ရက်က စတင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၀ရက်၌ အပြီးတိုင်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစခန်း၌ အထိုင်တပ်မှာ ခလရ(၂၅) ဖြစ်ပြီး ထီးထာဗျူဟာ၏ ကွပ်ကဲမှုအောက်၌ ရှိသည့် စခန်းဖြစ်သည်။
KNU တပ်မဟာ(၄) ပူးပေါင်းတပ်သည် ထီးထဗျူဟာကို ဧပြီလတွင် သိမ်းပိုက်ခဲ့ပြီး အနီးရှိ ထီးခီး(မယ်သမီးခီး) စခန်းကို မေလတွင် သိမ်းပိုက်ခဲ့သည်။
ဘောဒီနယ်စပ်စခန်းတွင် မူလက အင်အား ၂၈ ဦးခန့်သာရှိသော်လည်း စစ်ကောင်စီကလေကြောင်းမှ စစ်ကူချပေးပြီးနောက် အင်အား ၆၀ ခန့်ရှိနိုင်ကြောင်း FFD ဒုတာဝန်ခံကပြောသည်။
ထီးထဗျူဟာအမှတ်(၁)၏ စစ်ရေးကွပ်ကဲမှုအောက်တွင် စစ်ကောင်စီတပ်စခန်း ၁၀ခုကျော်ရှိသည်ဟု သိရသည်။
“ထီးခီးရယ်ပြီးတော့မောထ၊ မောထက မနှစ်ကတည်းကတက်သိမ်းခဲ့တာ။ဒီဘက်မှာကျတော့ထီးခီးရယ် ဗောဒီရယ် အကုန်လုံး ၆ခုကျသွားတာ။အကုန်လုံးသူ့ရဲ့ဗျူဟာအောက်မှာစခန်း၁၀ကျော်တယ်။ ၁၀ကျော်မှာ ဟိုးနာရီတောင်အထိပါတယ်။ နာရီတောင်စခန်းလည်း ဗျူဟာ(၁)ရဲ့အောက်မှာ ရှိတယ်။ ဆိုတော့ ကျန်တဲ့စခန်းတွေလည်း သိမ်းဖို့ အစီအစဉ်ရှိတယ်။ ” ဟု KNU တပ်မဟာ(၄) သတင်းရင်းမြစ်တဦးက ပြောသည်။
ဘောဒီစစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲအတွင်း ကြိုးပမ်းခဲသည့် စစ်ဘက်ရေးရာ အရာရှိ အရာခံ အကြပ်စစ်သည်များ၊ မဟာမိတ်တပ်ပေါင်းစုများ ၊ရပ်ရွာခေါင်းဆောင်များ ၊ဒေသခံ ပြည်သူများနှင့်တကွ အဘက်ဘက်မနှ ဝိုင်းဝန်း ပံ့ပိုးပေးခဲ့ကြသူများအား အထူးပင် ကျေးဇူးတင်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ကဇွန်၁၀ ရက်တွင် ထုတ်ပြန်ထားသည်။
မြန်မာ-ထိုင်းနယ်စပ်တလျှောက်စခန်းသိမ်းတိုက်ပွဲများတွင် စစ်သားများသည် ထိုင်းနိုင်ငံဘက်သို့အများဆုံးထွက်ပြေးကြသည်။KNU တပ်မဟာ ၆ နယ်မြေ မြဝတီမြို့တောင်ဘက်ရှိ နယ်စပ်စစ်စခန်းများကို KNLA ဦးဆောင်သောပူးပေါင်းတပ်များက ထိုးစစ်ဆင်ရာတွင်လည်း စစ်သားအများစုသည်ထိုင်းသို့ထွက်ပြေးကြပြီး ထိုင်းစစ်တပ်ကမြဝတီမြို့အနီးရှိ နယ်စပ်ဂိတ်ဖြစ်သည့် ၁၆ ဂိတ်မှတဆင့် မြန်မာနိုင်ငံဘက်သို့ပြန်ပို့နေသည်။ထိုကြောင့်ထိုင်းထွက်ပြေးစစ်သားများမှာ မြဝတီမြို့စောင့်တပ်ဟုခေါ်သော ခလရ (၂၇၅)သို့ရောက်နေပြီး ယခင်စစ်သားများနှင့် ထွက်ပြေးစစ်သားပေါင်း အင်အား ၆၀၀ ကျော်ရှိနေကြောင်း KNU စစ်ရေးသတင်းရင်းမြစ်ကပြောသည်။



















































