close
Connect with us

Hi, what are you looking for?

သတင်း

ဦးမင်းဇင်ကို မတရားဖမ်းဆီးထားကြောင်း အမေရိကန် စွပ်စွဲချက်ကို တရုတ်ပယ်ချ

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့-မြန်မာ (ISP-Myanmar) ထူထောင်သူ၊ အမေရိကန် နိုင်ငံသား ဦးမင်းဇင်ကို တရုတ်က ဖမ်းဆီးမှုဟာ ‘မတရားဖမ်းဆီး ထိန်းသိမ်းခံရမှု’လို့ အမေရိကန်က စွပ်စွဲခဲ့တဲ့အပေါ် တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

ဓာတ်ပုံ - LinkedIn

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့-မြန်မာ (ISP-Myanmar) ထူထောင်သူ၊ အမေရိကန် နိုင်ငံသား ဦးမင်းဇင်ကို တရုတ်က ဖမ်းဆီးမှုဟာ ‘မတရားဖမ်းဆီး ထိန်းသိမ်းခံရမှု’လို့ အမေရိကန်က စွပ်စွဲခဲ့တဲ့အပေါ် တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

ဦးမင်းဇင်ကို ဖမ်းဆီးမှုဟာ မတရား ဖမ်းဆီးထိန်းသိမ်းမှုအဖြစ် ဩဂုတ် ၂၀ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြီး ရှုတ်ချခဲ့တာနဲ့ ပတ်သက်လို့ ဩဂုတ် ၂၁ ရက်နေ့မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ လင်ကျန်းက တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ဟာ တရားဥပဒေ စိုးမိုးမှု ပြည့်ဝတဲ့ နိုင်ငံဖြစ်ပြီး မတရား ဖမ်းဆီးထိန်းသိမ်းမှု ဆိုတာမျိုး မရှိဘူးလို့ သူက ဆိုပါတယ်။ အခုဖြစ်ရပ်မှာ ဆက်နွှယ် ပတ်သက်နေတဲ့ အမေရိကန် နိုင်ငံသား (ဦးမင်းဇင်)ဟာ တရုတ်ရဲ့ အမျိုးသား လုံခြုံရေးအတွက် ခြိမ်းခြောက်မှု ဖြစ်စေခဲ့သလို တရုတ်ဥပဒေတွေကို ချိုးဖောက်ခဲ့တယ်လို့ ယုံကြည်ရတဲ့အတွက် ထိန်းသိမ်းခံရတာလို့ လင်က ပြောပါတယ်။

ဦးမင်းဇင်ဟာ မတရားဖမ်းဆီး ထိန်းသိမ်းခံရသူလို့ တရားဝင် သတ်မှတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးရဲ့ Facebook စာမျက်နှာက ဩဂုတ် ၂၁ ရက် မနက်ပိုင်းမှာ မျှဝေထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အမေရိကန်နိုင်ငံသား မင်းဇင်အား မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရသူအဖြစ် တရားဝင် သတ်မှတ်လိုက်ပြီဖြစ်ပါသည်။ ဘေဂျင်းအစိုးရအနေဖြင့် တရုတ်နိုင်ငံတွင် မတရားဖမ်းဆီးထိန်းသိမ်း ခံထားရသော သို့မဟုတ် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံထားရသော အမေရိကန်နိုင်ငံသားအားလုံးကို ပြန်လွှတ်ပေးရန် မိမိတို့ တိုက်တွန်းအပ်ပါသည်”လို့ သံရုံး ထုတ်ပြန်ချက်မှာ မြန်မာဘာသာနဲ့ ဖော်ပြထားပါတယ်။ ပြီးတော့ အမေရိကန် နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးဟာ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အဓိက ဦးစားပေး ကိစ္စရပ် ဖြစ်ကြောင်းလည်း ရေးသားထားပါတယ်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ၊ အတွေးအခေါ် ပညာရှင် တစ်ဦးဖြစ်တဲ့ ဦးမင်းဇင်ဟာ ဇွန်လ ၃ ရက်နေ့တုန်းက တရုတ်ပညာရေး အဖွဲ့အစည်း တစ်ခုရဲ့ ဖိတ်ကြားမှုအရ ယူနန်ပြည်နယ်၊ ကူမင်းမြို့ လေဆိပ်ကို သွားရောက်ချိန်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်စေနိုင်တယ်လို့ သံသယရှိတဲ့အတွက် ဦးမင်းဇင်ကို ထိန်းသိမ်းထားကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ အခုတော့ အဲဒီဖမ်းဆီးမှုကို မတရား ထိန်းသိမ်းမှုလို့ အမေရိကန်ဖက်က တုံ့ပြန် ကြေညာလာခဲ့တာ ဖြစ်ပါတယ်။

အိမ်ဖြူတော်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဧည့်ခံကြိုဆိုမယ့် အစီအစဉ် မတိုင်ခင်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဆီက အခုထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။ ဒါကြောင့် စက်တင်ဘာ ၂၄ ရက်နေ့မှာ နှစ်နိုင်ငံ သမ္မတနှစ်ဦး တွေ့ဆုံကြတဲ့အခါ ဦးမင်းဇင် လွတ်မြောက်ရေးကိုလည်း အမေရိကန်ဖက်က ထည့်သွင်း အဆိုပြုလာနိုင်ခြေ ရှိနေပါတယ်။

လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ ဦးမင်းဇင် လွတ်မြောက်ရေးအတွက် တရုတ်အပေါ် ပိုမိုဖိအားပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုထားကြပါတယ်။

ဦးမင်းဇင်ဟာ မြန်မာ့အရေးကို အထူးအာရုံစိုက် လေ့လာတဲ့ သုတေသန အဖွဲ့အစည်း ISP-Myanmarကို ထူထောင်ပြီး အမှုဆောင် ဒါရိုက်တာအဖြစ် တာဝန်ယူထားပါတယ်။ တရုတ်ရဲ့ ဖမ်းဆီးမှုကို မခံရခင်တုန်းက ဦးမင်းဇင်ဟာ ထိုင်းနိုင်ငံမှာ အဓိက အခြေချခဲ့သလို အမေရိကန်နဲ့ မြန်မာတို့မှာလည်း နေထိုင်ခဲ့ပါတယ်။ သူဟာ အရင်ကလည်း ထိုင်းကို ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေ တက်ရောက်ဖို့ သွားရောက်လေ့ ရှိခဲ့ပြီး တရားဝင် ဗီဇာ ရထားကြောင်း သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးကတော့ ဦးမင်းဇင်ဟာ လေဆိပ်မှာ အဖမ်းခံခဲ့ရပြီးတဲ့နောက် ၁၁ ပတ်လောက်ကြာအောင် အကြိမ်ကြိမ် အဖန်ဖန် စစ်ဆေး မေးမြန်းမှုတွေ၊ သီးသန့်ခွဲပြီး ချုပ်နှောင်ခံရတာတွေ ကြုံနေရကြောင်း ပြောပါတယ်။

သူဟာ လေဆိပ်ကို ရောက်ပြီဆိုတာ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေဆီ ဖုန်းဆက် အသိပေး အကြောင်းကြားခဲ့တဲ့နောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း၊ နောက်ထပ် ၄၈ နာရီလုံးလုံး သူဘယ်ရောက်နေသလဲ ဆိုတာကို မိသားစုရော၊ လုပ်ဖော်ကိုင်ဖက်တွေပါ မသိခဲ့ရကြောင်း၊ အသက်ရှင်နေသေးရဲ့လား၊ ဘယ်သူက ဖမ်းသွားတာလဲ ဆိုတာကိုတောင် သိခွင့်မရခဲ့ကြကြောင်း အဲဒီ အရာရှိက ဆိုပါတယ်။

နောက်ပိုင်းကျမှ ယူနန်ပြည်နယ်ထဲက အာဏာပိုင်တွေက ဦးမင်းဇင်ကို အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု သံသယရှိတဲ့အတွက် ရာဇဝတ်ကြောင်းဆိုင်ရာ စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်နေကြောင်း အမေရိကန် သံရုံးဆီ အကြောင်းကြားခဲ့ပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေကတော့ တရုတ်ဟာ ဓားစာခံ ဒစ်ပလိုမေစီကို ကာလကြာရှည် ကျင့်သုံးနေခဲ့ကြောင်း စွပ်စွဲကြပါတယ်။ အဓိပ္ပါယ်ကတော့ နိုင်ငံခြားသားတွေကို ဖမ်းဆီးထားပြီး သက်ဆိုင်ရာ နိုင်ငံနဲ့ ဆွေးနွေး စကားပြောရာမှာ အသာစီးယူတဲ့ နည်းမျိုးကို အသုံးပြုနေတယ်လို့ ဆိုလိုတာပါ။

ဦးမင်းဇင် လွတ်မြောက်ရေး တောင်းဆိုသူတွေနဲ့ ထရမ့်ရဲ့ အကြံပေး အရာရှိဟောင်းတချို့က ဦးမင်းဇင် လွတ်မြောက်ရေးအတွက် အာရုံစိုက်ပေးဖို့လည်း ထရမ့်အစိုးရဆီ တိုက်တွန်း တောင်းဆိုထားကြပါတယ်။

၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားမှုကြီးမှာ ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့တဲ့ ဦးမင်းဇင်ဟာ ဘာကလေမြို့၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို လေ့လာဆည်းပူး သင်ယူပြီး ပါရဂူဘွဲ့ ရခဲ့ပါတယ်။ အဲဒီနောက် သူဟာ မြန်မာနိုင်ငံမှာ ISP-Myanmarကို ထူထောင်ခဲ့ပြီး ၂၀၂၁ အာဏာသိမ်းမှု အပြီးမှာတော့ နိုင်ငံရပ်ခြားဆီ ရွှေ့ပြောင်း အခြေစိုက်ခဲ့ပါတယ်။

ISP-Myanmarက ထုတ်ဖော်ရေးသားခဲ့တဲ့ ဆောင်းပါးတွေနဲ့ သုတေသန တွေ့ရှိချက်တွေမှာတော့ တရုတ်ဟာ မြန်မာ့နယ်စပ် ဧရိယာတွေမှာ ဩဇာလွှမ်းမိုးဖို့ ဘယ်လိုတွေ လုပ်ဆောင်နေသလဲ ဆိုတာတွေကို အသေးစိတ် ဖော်ပြခဲ့သလို အမျိုးသား အကျိုးစီးပွားနဲ့ ကိုက်ညီအောင် လက်နက်ကိုင် အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးနေကြောင်းလည်း ထောက်ပြခဲ့ဖူးပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

အီရန်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ သမိုင်းတလျှောက် ကြုံဖူးသမျှ အပြင်းထန်ဆုံး ဖြစ်လာစေမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆန့်က ပြောကြားခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံသားတွေကို ပြည်ပ အလုပ်အကိုင်ကောင်းတွေနဲ့ သွေးဆောင်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေဆီ ရောင်းစားခဲ့တယ်လို့ စွပ်စွဲခံရတဲ့ လူကုန်ကူးဂိုဏ်းသား ၁၇ ဦးကို တရုတ်က တရားစွဲဆိုလိုက်ပါတယ်။

သတင်း

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့-မြန်မာ (ISP-Myanmar) ထူထောင်သူ၊ အမေရိကန် နိုင်ငံသား ဦးမင်းဇင်ကို တရုတ်က ဖမ်းဆီးမှုဟာ ‘မတရားဖမ်းဆီး ထိန်းသိမ်းခံရမှု’လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရားဝင် သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်း စစ်ရေးလေ့ကျင့်နေချိန်နဲ့ တိုက်ဆိုင်ပြီး မြောက်ကိုရီးယားက တာတို ပဲ့ထိန်းဒုံးကျည် ၁၀ စင်းထက်မနည်း စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။