close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့် အစိုးရကို အမေရိကန်ရဲ့ USAID ဝန်ထမ်းတွေ တရားစွဲ

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ဝန်ထမ်းတွေက အဲဒီ အေဂျင်စီရဲ့ လုပ်ငန်းတွေ ရပ်စဲဖို့၊ အေဂျင်စီကို ဖျက်သိမ်းဖို့ အားထုတ်နေတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တရားစွဲဆိုလိုက်ကြပါတယ်။

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ဝန်ထမ်းတွေက အဲဒီ အေဂျင်စီရဲ့ လုပ်ငန်းတွေ ရပ်စဲဖို့၊ အေဂျင်စီကို ဖျက်သိမ်းဖို့ အားထုတ်နေတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တရားစွဲဆိုလိုက်ကြပါတယ်။

USAIDရဲ့ လုပ်ငန်းတွေကို ရပ်စဲဖို့ ထရမ့်က အမိန့်ချမှတ်ခဲ့ပြီး အဲဒီ အေဂျင်စီကို ဖျက်သိမ်းဖို့ပါ စီစဉ်နေတယ် ဆိုတာဟာ ဖွဲ့စည်းပုံ ဥပဒေနဲ့ မညီညွတ်သလို တရားလည်း မဝင်ဘူးလို့ USAIDရဲ့ နိုင်ငံရပ်ခြား ထောက်ပံ့ရေး အရာရှိတွေ၊ အေဂျင်စီရဲ့ ဖက်ဒရယ် အစိုးရ ဝန်ထမ်းတွေ စုပေါင်း တရားစွဲဆိုမှုမှာ စွပ်စွဲ ဖော်ပြထားခဲ့ပါတယ်။

ထရမ့်ရဲ့ လုပ်ရပ်ကြောင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းစဉ်တွေမှာ ကြီးမားတဲ့ ဖရိုဖရဲ ဖြစ်စဉ်တွေ ပေါ်ပေါက်လာစေပြီး USAIDရဲ့ အမေရိကန် နိုင်ငံသား ဝန်ထမ်းတွေ၊ ကန်ထရိုက်တာတွေ၊ ဆက်စပ်ဝန်ထမ်းတွေရဲ့ အလုပ်အကိုင်ကိုပါ ထိခိုက်စေခဲ့တယ်လို့ ဝါရှင်တန်ဒီစီ မြို့တော်၊ ဖက်ဒရယ် တရားရုံးမှာ ဖေဖော်ဝါရီ ၆ ရက်နေ့က တင်သွင်းခဲ့တဲ့ စွဲချက်ထဲမှာ ပါရှိခဲ့ပါတယ်။

USAIDကို ဖျက်သိမ်းဖို့ လုပ်ပိုင်ခွင့် ဆိုတာဟာ အမေရိကန် လွှတ်တော်မှာသာ ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး ထရမ့် အစိုးရရဲ့ ဆောင်ရွက်မှုတွေဟာ ဖွဲ့စည်းပုံ ဥပဒေနဲ့ မညီသလို တရားလည်း မဝင်ဘူးလို့ တရားစွဲဆိုမှု လျှောက်ထားစာမှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အခြေအနေအရ အမေရိကန်ရဲ့ အထက်နဲ့အောက် လွှတ်တော်နှစ်ရပ်မှာ ထရမ့်ကိုယ်စားပြုတဲ့ ရီပတ်ဘလစ်ကန် ပါတီကပဲ အသာစီး ရထားသလို ပါတီရဲ့ ရွေးကောက်ခံ အမတ်အများစုဟာ ထရမ့်ရဲ့ ဩဇာကို မလွန်ဆန်ရဲသူတွေ ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

စုပေါင်း တရားစွဲဆိုမှုကို လုပ်ဆောင်ခဲ့တဲ့ ဝန်ထမ်းသမဂ္ဂတွေက USAIDရဲ့ လက်ရှိ လုပ်ငန်းတွေ လည်ပတ်နေမှုကို ရပ်ဆိုင်းခိုင်းထားတဲ့ ထရမ့်ရဲ့ အမိန့်ကို တားဆီးပေးဖို့၊ ရုံးပြန်ဖွင့်ခွင့်ရဖို့နဲ့ နိုင်ငံတကာ အထောက်အပံ့တွေ ပြန်လည် စတင်နိုင်ဖို့တွေအတွက် တရားရုံးမှာ လျှောက်ထား တောင်းဆိုထားကြပါတယ်။ လက်ရှိမှာတော့ USAID လည်ပတ်မှု ရပ်ဆိုင်းခြင်းနဲ့အတူ ဝန်ထမ်းတွေကိုလည်း အစိုးရက ရုံးမတက်ဘဲ ခွင့်ခံစားခိုင်းထားပါတယ်။

USAIDရဲ့ နိုင်ငံတကာ လုပ်ငန်းတွေထဲက အရေးကြီးတဲ့ ရာထူးကြီး ဝန်ထမ်း ၆၀၀ လောက်ရဲ့ တာဝန်တွေကို မရပ်ဆိုင်းဖို့ စာရင်းတင်ပြခဲ့ပေမယ့် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကတော့ အဲဒီထဲက ၃၀၀ အောက် အရေအတွက်ကိုသာ လက်ခံပေးခဲ့ပါတယ်။ အခုဆိုရင် USAID ဝန်ထမ်း စုစုပေါင်း ၁၃၀၀၀ ကျော်ဟာ အလုပ်အကိုင် အနာဂတ် မရေရာမှုတွေ ကြုံနေရပြီ ဖြစ်ပါတယ်။

ထရမ့်ရဲ့ လုပ်ရပ်ထက် ပိုရူးမိုက်တဲ့ ဉာဏ်ရည်နိမ့်ပါးမှုမျိုး ရှာလို့တောင် မတွေ့တော့ဘူးလို့ နာမည်မဖော်ချင်တဲ့ USAID ဝန်ထမ်း တစ်ယောက်က စိတ်ပျက်လက်ပျက် ပြောပါတယ်။ အေဂျင်စီ တစ်ခုလုံးကို ပိတ်သိမ်းပြီးရင် လက်ကျန် ဆက်ခန့်ထားတဲ့ ဝန်ထမ်း ၂၉၀ လောက်နဲ့ ဘာမှ အလုပ်လုပ်လို့ မရနိုင်ဘူးလို့ တခြား USAID အရာရှိ တစ်ယောက်ကလည်း ပြောပါတယ်။ သူက သတင်းမီဒီယာတွေနဲ့ စကားပြောခွင့် ပိတ်ပင်ခံထားရတာကြောင့် နာမည်မဖော်ဘဲ NPRဆီ မှတ်ချက်ပေးခဲ့တာပါ။

လောလောဆယ် USAIDရဲ့ အကြီးအကဲ တာဝန်ကို ယာယီ လက်လွှဲယူထားတဲ့ နိုင်ငံခြားရေး ဝန်ကြီး ရူဘီရိုကတော့ ထရမ့်ရဲ့ မူဝါဒတွေကို ကာကွယ် ပြောဆိုခဲ့ပြီး ပြည်ပရောက် အမေရိကန် ဝန်ထမ်းတွေအတွက် တခြား အဆင်ပြေတဲ့ ရွေးချယ်မှုတွေ ရှိလာမှာပါလို့ ပြောကြားထားပါတယ်။ အစိုးရဟာ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဘဝတွေ ထိခိုက်အောင် အနှောင့်အယှက်ပေးဖို့ ရည်ရွယ်မထားကြောင်း သူက ဆိုပါတယ်။

ထရမ့်ဟာ USAIDရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေဟာ ထိရောက်မှုနည်းပြီး မလိုလားအပ်တဲ့ ငွေကြေးယိုပေါက်တွေ အများကြီး ရှိနေကြောင်း ကာလရှည်ကြာ ဝေဖန်ခဲ့ဖူးသလို သူသမ္မတ ဖြစ်လာပြီး ချက်ချင်းဆိုသလိုပဲ USAIDရဲ့ နိုင်ငံတကာ ထောက်ပံ့ရေး မစ်ရှင်တွေကို ရပ်တန့်ဖို့ စတင် လုပ်ဆောင်ခဲ့ပါတယ်။

ကိုးကား: NPR

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်ရဲ့ နိုင်ငံတကာ အထောက်အပံ့တွေကို ပိတ်ပင်မယ့် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်နဲ့အတူ မြန်မာ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ မီဒီယာဆိုင်ရာ ထောက်ပံ့ကြေး ဒေါ်လာ သန်း ၄၀ နီးပါး ဖြတ်တောက် ခံရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် လမ်းစဉ်ကိုလိုက်ပြီး အာဂျင်တီးနား အစိုးရဟာလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကနေ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို တိုက်ဖျက်ရေး သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မူဝါဒတွေအရ အမေရိကန်က နှင်ထုတ်လိုက်တဲ့ အိန္ဒိယ နိုင်ငံသား ၁၀၀ ကျော်ဟာ ဇာတိနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ကြပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသကို အမေရိကန်က ဝင်ရောက် ထိန်းချုပ်ထားဖို့ ဆန္ဒရှိကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့ တွေ့ဆုံပြီးချိန်မှာ ပြောကြားခဲ့ပါတယ်။