မိုးရွာသွန်းချိန်တွင် ပုပ္ပါးတောင်ကလပ်မှ ကျောက်တုံးပြိုကျမူ နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး သတိထားရန်လိုဟုဆို
မောင်မင်းမော်၊ စက်တင်ဘာ-၂၄
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုပ္ပါးတောင်ကလပ်တွင် တောင်နံရံမှ လုံးပါတ်ငါးပေကျော် အရွယ်အစားရှိ ကျောက်တုံးတစ်လုံး ပြိုကျခဲ့မူ စက်တင်ဘာ(၂၂)ရက် ညသန်းခေါင်ကျော် အချိန်က ဖြစ်ပွားခဲ့ကြောင်း ပုပ္ပါးတောင်ကလပ်ရွာ အုပ်ချုပ်ရေးမှူး ဦးတင်လှက ပြောသည်။
အဆိုပါ ကျောက်တုံးပြိုကျမှုကြောင့် တောင်ကလပ်ပေါ်တက်သည့် လှေကားစောင်းတန်း နှစ်ခန်း ပျက်စီးခဲ့ပြီး တောင်တက်လမ်း ခေတ္တပိတ်ကာ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်ဟု ၎င်းက ပြောသည်။
“မိုးတွေရွာတော့ ဖြစ်တာပါ။ အပေါ်ရောက်ခါနီး သုံးပုံနှစ်ပုံလောက်မှာ ဖြစ်သွားတာ။ လူတွေဘာတွေတော့ထိခိုက်မှု မရှိပါဘူး၊ မနေ့က နေ့လည်လောက်ကတည်းက အကုန်ရှင်းပြီးသွားပါပြီး”ဟု ဦးတင်လှက ပြောသည်။

ပုပ္ပါးတောင်ဒေသသည် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်း ပါဝင်ပြီး စက်တင်ဘာ(၂၂)ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းချိန် ပုပ္ပါးတောင်ကလပ် တောင်ထိပ်အနီးရှိ နံရံမှ လုံးပတ် ငါးပေကျော်အရွယ် ကျောက်တုံးတစ်လုံး ပြိုကျခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
မိုးရာသီ မိုးများချိန်တွင် ယခုကဲ့သို့ ပုပ္ပါးတောင်ကလပ်နံရံမှ ကျောက်တုံးပြိုကျမှု နှစ်စဉ် တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ဖြစ်ပွားလေ့ရှိကြောင်း ပုပ္ပါးချစ်သူများအသင်း ဥက္ကဌ ဦးကျော်ဝင်းဆွေက ပြောသည်။
ယခုနှစ် ကျောက်တုံးပြိုကျမူဖြစ်စဉ်မှာ ညပိုင်းအချိန်ဖြစ်နေ၍ ဘုရားဖူးပြည်သူများ ထိခိုက်မှုမရှိသော်လည်း ယခင်နှစ်က ဖြစ်ပွားခဲ့သည့် ကျောက်တုံးပြိုကျမူဖြစ်စဉ်တွင် ကျောက်ခဲစထိမှန်ကာ ဘုရားဖူးကလေးငယ်တစ်ဦး လက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့အတွက် နေ့ခင်းပိုင်း ဘုရားဖူးလာသူများချိန်တွင် ပုပ္ပါးတောင်ကလပ်မှ တောင်ပြိုကျမူ ဖြစ်ပေါ်ခဲ့ပါက လူသူ ထိခိုက်မည်ကို စိုးရိမ်ရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပြုပြင်ထိန်းသိမ်းမူများ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပုပ္ပါးချစ်သူများအဖွဲ့ ဥက္ကဌ ဦးကျော်ဝင်းဆွေက ပြောသည်။
“ဘူမိဗေဒ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ကျောက်ကြိုကျောက်ကြား အင်္ဂတေလောင်းပြီးတော့ သံဇကာ ခတ်တဲ့နည်းနဲ့ အဲ့ဒီလို လုပ်ဖို့တော့ ကျွန်တော်တို့ကို ရှင်းပြဖူးတယ်။ ခုထိတော့ အကောင်အထည် ပေါ်မလာသေးဘူးဗျ။ ဘူမိဗေဒပညာရှင်တွေနဲ့ အက်ဂျင်နီယာတွေ ပေါင်းပြီးတော့ ကာကွယ်နိုင်ဖို့တော့ အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်ဗျ။ ရေရှည်အတွက်ဆိုရင်တော့ အစိုးရရောပါမှ အဆင်ပြေမှာပေါ့”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ အောက်တိုဘာက ပုပ္ပါးတောင်ကလပ်အနီး အောင်သိဒ္ဓိကုန်းရှိ ဆိုင်ခန်း၊နေအိမ်နှင့် တောင်တက်ကားလမ်းများတွင် မြေသားအက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ရာ မြန်မာနိုင်ငံ ဘူမိဗေဒပညာရှင်များမှ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရသေးသည်။
ပုပ္ပါးတောင်ကလပ်နံရံမှ ခဲလုံးပြိုကျနေသည်ကို စက်တင်ဘာ၂၃ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – ဦးကျော်ဝင်းဆွေ