မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီးအဖြစ်ခန့်အပ်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဒုညွှန်မှူး ဒေါ်လှမြင့်ကို အမည်စာရင်းတင်

ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တိုင်းဝန်ကြီးချုပ်တို့ နှစ်ဦးလုံးမှ အဆိုပြုခံရသူဖြစ်ဟုဆို

ထက်အောင်၊ ဇူလိုင်-၁၁

မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်အပ်နိုင်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဒုတိယညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်နေသည့် ဒေါ်လှမြင့်ကို အမည်စာရင်းတင်သွင်းခဲ့သည်။

ဇူလိုင်(၁၁)ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် လစ်လပ်နေသည့် မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီးနေရာအတွက် ဒေါ်လှမြင့်ကို အတည်ပြုခန့်အပ်နိုင်ရန် တိုင်းဝန်ကြီးချုပ်က တိုင်းလွှတ်တော်သို့ အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။

ဒေါ်လှမြင့်သည် အသက်(၅၆)နှစ်အရွယ် အိမ်ထောင်မရှိသူဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့ ဇာတိဖြစ်သည်။ ၎င်းသည် ဥပဒေပညာနှင့် ကျောင်းပြီးထားပြီး လက်ရှိတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သည်။

ဒေါ်လှမြင့်သည် ၂၀၁၇မှ ၂၀၁၉အထိ မန္တလေးခရိုင်တရားရုံး တွဲဘက်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး တရားရုံးချုပ်(စည်းကမ်းဆု) ဒုတိယ(၁၉၉၄)၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်(၂၀၁၃)နှင့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် (၂၀၁၇)တို့ကို ရရှိထားသူဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေသည့် ၎င်း၏ ကိုယ်ရေးမှတ်တမ်းတွင် ဖော်ပြထားသည်။

ယခင် တိုင်းတရားလွှတ်တော် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူမှာ အငြိမ်းစားယူသွားပြီဖြစ်၍ ဒေါ်လှမြင့်ကို အစားထိုးခန့်အပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းတရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်နိုင်ရန် တိုင်းဝန်ကြီးချပ်သည် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ညှိနိုင်း၍ အမည်စာရင်းပြုကာ တိုင်းလွှတ်တော်သို့ တင်ပြရမည်ဖြစ်ပြီး ထိုသို့ တင်ပြလာသူကို အရည်အချင်းနှင့် ကိုက်ညီပါက တိုင်းလွှတ်တော်မှ အတည်ပြုခန့်အပ်ပေးရမည်ဖြစ်သည်။

မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်နိုင်ရန်အတွက် ပြည်ထောင်စုတရားသူကြီးချုပ်မှ အမည်စာရင်းတင်ပြသူ(၂)ဦးရှိခဲ့သလို ၎င်းကိုယ်တိုင်လည်း အမည်စာရင်းပြုစုရွေးခဲ့သူ (၂)ဦးရှိခဲ့ပြီး အဆိုပါစာရင်းနှစ်ခုလုံးတွင် ဒေါ်လှမြင့် ပါဝင်နေသည့်အတွက် ယခုကဲ့သို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု မန္တလေးတိုင်းဝန်ကြီးချူပ် ဒေါက်တာဇော်မြင့်မောင်က လွှတ်တော်အပြီးတွင် သတင်းမီဒီယာများကို ပြောသည်။

“ဒီနေ့ အမည်စာရင်းတင်သွင်းတဲ့ ဒေါ်လှမြင့်က ပြည်ထောင်စုတရားသူကြီးချုပ်က သဘောတူတယ်။ ကျွန်တော်ကလည်း သဘောတူတယ်”ဟု ဒါက်တာဇော်မြင့်မောင်က ဆိုသည်။

ဒေါ်လှမြင့်အား မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်နိုင်ရန် အမည်စာရင်းတင်သွင်းထားမှုကို ကန့်ကွက်လိုပါက ယနေ့ (ဇူလိုင်၁၁) နေ့လည် ၂နာရီနောက်ဆုံးထား၍ ကန့်ကွက်နိုင်ကြောင်း တိုင်းလွှတ်တော်ဥက္ကဌက ကြေညာထားပြီး နောက်တနေ့ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်မည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးတရားလွှတ်တော်တွင် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် အပါအဝင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများဦးရေ အနည်းဆုံး(၃)ဦးမှ အများဆုံး(၇)ဦးအထိ ခန့်အပ်နိုင်ကြောင်း ပြဌာန်းထားသည်။

လက်ရှိမန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်မှာ ဦးစိုးသိန်းဖြစ်ပြီး တိုင်းတရားလွှတ်တော် တရားသူကြီးများ (၆)ဦး ခန့်အပ်ထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။ ဦးစိုးသိန်းအား ပြီးခဲ့သည့် အစိုးရသက်တမ်းအတွင်း ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိုးသိန်း၊ တိုင်းတရားလွှတ်တော် တရားသူကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဒေါ်လှမြင့်အပါအဝင် မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီးများအဖွဲ့အား ပြီးခဲ့သည့်မေလက တံတားဦးလေဆိပ်တွင် တွေ့ရစဉ်။ ဓါတ်ပုံ – ပြည်ထောင်စုတရားလွှတ်တော်ချုပ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်