မန္တလေး-စစ်ကိုင်းလမ်းဘေးရှိ ကိုးအိမ်တန်းကို စည်ပင်မှ ဖျက်သိမ်းစဉ် ရုန်းရင်းဆန်ခတ်ဖြစ်မူ ဒေသခံသုံးဦးကို ဖမ်းဆီးပြီး ပုဒ်မလေးခုဖြင့် အမူဖွင့်

မောင်မင်းမော်၊ ဇူလိုင်-၂၇

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ် စစ်ကိုင်း-မန္တလေးကားလမ်ဘေးရှိ ကိုးအိမ်တန်းခေါ် နေအိမ်အချို့ကို  ကျူးကျော်ဟုဆိုကာ စည်ပင်သာယာက ဖျက်သိမ်းရှင်းလင်းစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့မူနှင့်ပတ်သက်၍ ဖမ်းဆီးထားသည့် ဒေသခံသုံးဦးကို ပုဒ်မလေးခုဖြင့် အမူဖွင့်လိုက်သည်။

ကိုးအိမ်တန်းတွင် နေထိုင်သည့် အသက်(၂၇)နှစ်နှင့် (၅၅)နှစ်အရွယ် အမျိုးသမီးနှစ်ဦး၊ အသက်(၃၂)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ကို အရေးယူပေးရန် မန္တလေးမြို့တော်စည်ပင် ဌာနစုမှူးတစ်ဦးက တရားလိုပြုလုပ် တိုင်တန်းခဲ့ပြီး ချမ်းမြသာစည်မြို့နယ် မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၈၆၊ ၃၅၃၊ ၂၉၄၊ ၁၁၄ (တာဝန်ဝတ္တရား ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းကို နှောင့်ယှက်ဟန့်တားမူ၊ ညစ်ညမ်းစွာ ဆဲဆိုကြိမ်းမောင်းမူ၊ အားပေးကူညီမူ) တို့ဖြင့် အမူဖွင့်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းမှ သတင်းရရှိသည်။

ယနေ့(ဇူလိုင်၂၇) နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် ကန်တော်ကြီးအနီး စစ်ကိုင်း-မန္တလေးကားလမ်းဘေးရှိ ကိုးအိမ်တန်းခေါ် နေအိမ်ကိုးလုံးကို ကျူးကျော်ဟုဆိုကာ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဦးဆောင်သည့် ဖယ်ရှားရှင်းလင်းရေးအဖွဲ့မှ ဖျက်သိမ်းရှင်းလင်းခဲ့သည်။

ထိုသို့ နေအိမ်များကို ဖျက်သိမ်းရှင်းလင်းစဉ် ဒေသခံအချို့က အကြော်ကြော်သည့် မုန့်နှစ်ရည်များဖြင့် ပက်ဖျန်းခြင်း၊ အော်ဟစ်ဆဲဆိုခြင်းနှင့် တာဝန်ဝတ္တရား နှောက်ယှက်ခြင်းများ ပြုလုပ်သည်ဟုဆိုကာ ရဲတပ်ဖွဲ့က ဒေသခံသုံးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ယခုကဲ့သို့  ပုဒ်မ (၄)ခုဖြင့် အမှုဖွင့်ခြင်း ဖြစ်သည်။

“မျိုးကြီး” အဖျော်ယမကာ ရောင်းဝယ်ရေးဆိုင်  ဖွင့်လှစ်လုပ်ကိုင်နေပြီး နေအိမ်ဖျက်သိမ်းခံခဲ့ရသည့် ကိုမျိုးမင်းသန့်ကမူ ၎င်းတို့ကို လမ်းမြေနှင့်မလွတ်သည့်အတွက် ဖျက်သည်ဟုဆိုလျှင် တရားမျှတမူရှိစေရန် အဆိုပါကားလမ်းဘေးရှိ အခြားနေအိမ်များကိုပါ  ဖျက်သိမ်းသင့်ကြောင်း ပြောသည်။

၎င်းတို့ မိဘများလက်ထက်ကတည်းက ယခုနေအိမ်တွင် နေထိုင်ခဲ့ပြီး ယခင်အစိုးရများ လက်ထက်ကလည်း ကျူးကျော်ဟုဆိုကာ ဖျက်သိမ်းရန် လာရောက်ခဲ့ဖူးပြီး ၎င်းတို့ဖက်မှ စာရွက်စာတမ်း၊ အထောက်အထားများ ပြသနိုင်၍ အဖျက်မခံခဲ့ရဟု ကိုမျိုးမင်းသန့်က ပြောသည်။

“အခု ဝန်ကြီးချုပ်လက်ထက်မှ ကျွန်တော်တို့အိမ် တကယ်အဖျက်ခံရတာ။ တရားမျှတမှုလည်း မရှိဘူး။ ကွက်ကြားမိုးရွာတာ။ ဒါက တစ်ဦးတစ်ယောက် ကောင်းစားရေးအတွက် လုပ်တဲ့ကိစ္စကြီးပါ”ဟု ၎င်းက ပြောသည်။

အဆိုပါ နေအိမ်အချို့သည် ပိုင်ဆိုင်မူ အထောက်အထား မရှိဘဲ လမ်းမြေပေါ် ကျူးကျော်နေသဖြင့် ဖယ်ရှားပေးရန် သတိပေးစာများ ထုတ်ပြန်ခဲ့ပြီး သတ်မှတ်ရက်အတွင်း ဖျက်သိမ်းခြင်း မရှိသဖြင့် စည်ပင်သာယာကော်မတီမှ ဖွဲ့စည်းပေးထားသည့် ဖယ်ရှားရှင်းလင်းရေးအဖွဲ့မှ ဝင်ရောက်ဖျက်သိမ်းခြင်းဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ဦးသက်နိုင်ထွန်းက ပြောသည်။

“အများသူငါသွားတဲ့ လမ်းမြေပေါ်ကတော့ ကျွန်တော်တို့က မဖြစ်မနေ ရှင်းရမှာပါ။ အဓိက လမ်းမြေဖြစ်လို့ ရှင်းတာ ဖြစ်ပါတယ်”ဟု ဖယ်ရှားရှင်းလင်းရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်သူ ဦးသက်နိုင်ထွန်းက ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် လမ်းဘေးကျူးကျော် နေအိမ်များကို စီမံချက်ဖြင့် ဖယ်ရှားရှင်းလင်းနေသည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ချမ်းမြသာစည်မြို့နယ် လေယာဉ်ကွင်းဟောင်းအနီးရှိ အုံးအင်းကွင်းတွင် နေထိုင်သူများကို ကျူးကျော်ဟုဆိုကာ စည်ပင်သာယာ ဖယ်ရှားရှင်းလင်းရေးအဖွဲ့မှ ဖျက်သိမ်းရှင်းလင်းခဲ့ရာ ဒေသခံများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး  ရဲတပ်ဖွဲ့က ဒေသခံငါးဦးကို ဖမ်းဆီးအမှုဖွင့်ခံခဲ့သည်။

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်