မန္တလေးမြို့ မြရည်နန္ဒာ တန်ဖိုးမျှတိုက်ခန်း ဝယ်ယူခွင့်အတွက် မဲလက်မှတ် ထုတ်ယူသူနည်းပါး

တိုက်ခန်း(၅၀၀)ကျော် ရောင်းချပေးမည်ဖြစ်သော်လည်း မဲလက်မှတ်ထုတ်ယူသူ (၁၁၀၀)ကျော်သာရှိ

ကိုနေကို၊ ဇူလိုင် – ၂၉

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာ တန်ဘိုးမျှတိုက်ခန်းများအား ဝယ်ယူခွင့်ရရန် လျှောက်လွှာတင်သူဦးရေ (၄၁၀၀)ကျော် ရှိခဲ့သော်လည်း မဲလက်မှတ်ထုတ်ယူသူ (၁၁၀၀)ကျော်သာ ရှိနေသေးရာ မဲနှိုက်ရောင်းချမည့် ဇူလိုင်(၃၀)ရက်အထိ မဲလက်မှတ်များ ဆက်လက်ထုတ်ပေးမည်ဖြစ်ကြောင်း  မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြေငြာသည်။

“အိမ်ခန်းမဲနှိုက်ခွင့် မဆုံးရှုံးစေရန် အမြန်ဆုံး လာရောက်လဲလှယ်ကြရန်နှင့် နောက်ကျနေသူများအား ၃၀-၇-၂၀၁၉ရက်အထိ လဲလှယ်ပေးပါမယ်” ဟု မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင် က သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်း(၅၄၂)ခန်းကို မန္တလေးခရိုင်အတွင်း နေထိုင်သည့် ကိုယ်ပိုင်အိမ်ယာ မရှိသည့် အရပ်ဘက် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းအငြိမ်းစားများအတွက် ရောင်းချပေးမည်ဖြစ်ပြီး တိုက်ခန်းဝယ်ယူခွင့်အတွက် ပွင့်လင်းမြင်သာစွာ မဲနှိုက်ရောင်းချပေးမည်ဖြစ်ကြောင်း ကြေငြာထားသည်။

တိုက်ခန်းဝယ်ယူခွင့် လျှောက်လွှာတင်သွင်းထားသူများ အနေဖြင့် လျှောက်လွှာလက်ခံဖြတ်ပိုင်းနှင့် မှတ်ပုံတင်မူရင်းများ တင်ပြကာ ဇူလိုင်(၂၇)ရက်မှ (၂၉)အတွင်း မဲလက်မှတ်များ လဲလှယ်ထုတ်ယူရမည်ဖြစ်သည်။ သို့သော် ဇူလိုင်(၂၉)ရက်အထိ တိုက်ခန်းဝယ်ယူခွင့် လျှောက်ထားသူ(၄၁၀၀)ကျော်အနက် မဲလက်မှတ်လဲလှယ်ထုတ်ယူသူ (၁၁၀၀)ကျော်သာ ရှိနေသေးရာ အချိန်ထပ်တိုး၍ မဲနှိုက်ရောင်းချပေးမည့် ဇူလိုင်(၃၀)ရက်အထိ မဲလက်မှတ်လဲလှယ်နိုင်ကြောင်း စည်ပင်သာယာမှ ထပ်မံအသိပေး ကြေညာခြင်းဖြစ်သည်။

မြရည်နန္ဒာ တန်ဘိုးမျှတအိမ်ယာ တိုက်ခန်းများမှာ တစ်ခန်းလျှင် (၆၆၁)စတုရန်းပေ ကျယ်ဝန်းကာ အာရ်စီ(၄)ခန်းတွဲ (၆)ထပ်ဆောင်များ ဖြစ်သည်။ မြေညီထပ် တစ်ခန်းလျှင် ကျပ်(၂၆၇)သိန်းကျော်၊ ပထမထပ် ကျပ်(၂၄၇)သိန်းကျော်၊ ဒုတိယထပ် ကျပ်(၂၂၆)သိန်းကျော်၊ တတိယထပ် ကျပ်(၂၁၆)သိန်းကျော်၊ စတုတ္ထထပ် ကျပ်(၂၀၆)သိန်းကျော်နှင့် မဉ္စမထပ် ကျပ်(၁၉၅)သိန်းကျော် ဈေးနှုန်းသတ်မှတ်ထားသည်။

တိုက်ခန်းဝယ်ယူခွင့်အတွက် ဇူလိုင်(၃၀)ရက် နံနက်ကိုးနာရီမှ စတင်ကာ မန္တလေးမြို့တော်ခန်းမတွင် ပွင်းလင်းမြင်သာစွာ မဲနှိုက်ရွေးချယ်ပေးမည်ဖြစ်သည်။

တိုက်ခန်းဝယ်ယူခွင့် မဲပေါက်သူများသည် သြဂုတ်(၂)ရက်နောက်ဆုံးထားကာ သုံးရက်အတွင်း အာမခံစပေါ်ငွေ ကျပ်(၅)သိန်း ပေးသွင်းရမည်ဖြစ်ပြီး သြဂုတ်(၆)ရက်တွင် တိုက်ခန်းနံပါတ် ထပ်မံမဲနှိုက် ရွေးချယ်ရမည်ဖြစ်သည်။ တိုက်ခန်းဝယ်ယူခွင့် မဲပေါက်ပြီး ငွေသွင်းဝယ်ယူခြင်းမရှိပါက အာမခံကြေးငွေ(၅)သိန်းကို စည်ပင်သာယာမှ သိမ်းယူမည်ဖြစ်သည်။

တန်ဘိုးမျှတိုက်ခန်းများအား အမှန်တကယ်နေထိုင်လိုသည့် ဝန်ထမ်းများသာ ရရှိစေရန် စနစ်တကျလုပ်ဆောင်မည်ဟု စည်ပင်တာဝန်ရှိသူများက ပြောသည်။ တိုက်ခန်းဝယ်ယူခွင့် ရရှိသူသည် ကိုယ်တိုင်နေထိုင်ရမည်ဖြစ်ပြီး လွဲပြောင်းရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက တိုက်ခန်းကို ပြန်လည်သိမ်းယူမည်ဖြစ်သလို အမည်ပျက်စာရင်း,(Black List)သွင်းကာ တိုက်ခန်းလျှောက်လွှာ ထပ်မံတင်ခွင့် ရပ်ဆိုင်းခံရမည်ဖြစ်ကြောင်း စည်ပင်သာယာမှ ထုတ်ပြန်ထားသည်။

၂၀၁၈ သြဂုတ်လအတွင်းက မြရည်နန္ဒာတန်ဘိုးမျှတအိမ်ယာ တိုက်ခန်း (၆၇၀)ကျော်ကို ပထမအသုတ် မဲနှိုက်ရောင်းချခဲ့ရာတွင် ဝယ်ယူလိုသူ တစ်သောင်းကျော်အထိ ရှိခဲ့သည်။ သို့သော် မဲပေါက်ပြီးမှ  ပြန်လည်အပ်နှံသူနှင့် မဆက်သွယ်သူများကြောင့် တိုက်ခန်း(၈၆)ခန်းကို စည်ပင်သာယာမှ ပြန်လည်သိမ်းယူခဲ့ရသည်။

မြရည်နန္ဒာ တန်ဘိုးမျှအိမ်ယာတိုက်ခန်းများ။ ဓါတ်ပုံ – YeLwin FB.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်