မောင်မင်းမော်၊ ဇူလိုင်-၂၆
မန္တလေးတိုင်းဒေသကြီးအတွင် ရာသီတုပ်ကွေးရောဂါ (H1N1) သံသယရှိလူနာ (၁၄)ဦး ရှိပြီး စစ်ဆေးချက်များအရ ရောဂါပိုးတွေ့ရှိသူ လေးဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
သို့သော် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်ကမူ မန္တလေးတိုင်းအတွင်း ရာသီတုပ်ကွေး (H1N1)ရောဂါ သံသယရှိလူနာ(၁၅)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ နှစ်ဦးသာ ရှိကြောင်းနှင့် လူနာအများစုမှာ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားပြီဟု ပြောသည်။
“ဒီမှာက သေတဲ့သူ မရှိပါဘူး။ positive (ရောဂါပိုးတွေ့ရှိသူ) ဖြစ်တဲ့ သူတွေကလည်း ကောင်းကောင်းမွန်မွန်နဲ့ ဆေးရုံက ဆင်းသွားပြီ”ဟု ဒေါက်တာသန်းသန်းမြင့်က ပြောသည်။
ရာသီတုပ်ကွေးရောဂါ သံသယဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးကုတင်(၅၅၀)ဆံ့ ကလေးဆေးရုံသို့ ရောက်ရှိလာသည့် လူနာ(၁၂)ဦး၊ ကျောက်ဆည်ဆေးရုံသို့ ရောက်ရှိလာသည့် လူနာ(၃)ဦးရှိကာ လူနာများမှာ မန္တလေး၊ စစ်ကိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
အဆိုပါ သံသယရှိလူနာ (၁၅)ဦးအနက် ရာသီတုပ်ကွေး(H1N1) ရောဂါတွေ့ရှိသူ နှစ်ဦးမှာ လူလတ်ပိုင်းအရွယ် အမျိုးသားများ ဖြစ်သည်ဟု ဒေါက်တာသန်းသန်းမြင့်က ပြောသည်။
လက်ရှိတွင်မူ ကျောက်ဆည်ဆေးရုံတွင် ဆေးဝါးကုသမူ ခံယူနေသူ သုံးဦးမှ လွဲ၍ အခြားလူနားများ အားလုံး ကျန်းမာပြီဖြစ်၍ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရာသီတုပ်ကွေး (H1N1) ရောဂါပိုးသည် ကူးစက်တတ်သော ရောဂါဖြစ်သည့်အတွက် လူသူအများအပြား ဝင်ထွက်သွားလာသည့် လေဆိပ်များတွင် ဆိုက်ရောက်ခရီးသည်များအား သာမိုစကန်(Thermo-Scan)ဖြင့် အဖျားရောဂါ ရှိ၊မရှိ စစ်ဆေးခြင်း၊ သံသယလူနာ တွေ့ရှိပါက ဗဟိုအဆင့် ဆေးရုံကြီးများနှင့် ချိတ်ဆက်ကာ ကုသမုှခံယူစေခြင်းနှင့် လိုအပ်သည့် ပစ္စည်းများ ကူညီထောက်ပံ့ခြင်းများ ဆောင်ရွက်နေကြောင်း ဒုတိယတိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေးဦးစီးမှူး (မန္တလေးဌာန)မှ ဒေါက်တာ သင်းသင်းနွယ်က ပြောသည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် မကြာမီ စတင်တော့မည့် တောင်းပြုံးပွဲတော်တွင်လည်း ပွဲတော်ရက်အတွင်း လာရောက်သည့် ပြည်သူများအား အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Mask)များ ပေးဝေခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အဖျားရောဂါရှိသူများကို စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။
အသက်အရွယ် ကြီးရင့်သူများနှင့် ငယ်လွန်းသူများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ မွေးရာပါ ရောဂါစုများ စသည့် နာတာရှည် ရောဂါအခံရှိသူများတွင် ရာသီတုပ်ကွေးရောဂါ (H1N1) ကူးစက်ခံရပါက သေဆုံးနိုင်ခြေ ပိုများကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် အဆိုပါ ရာသီတုပ်ကွေးရောဂါကြောင့် ၂၀၁၉ဇန်နဝါရီမှ ဇူလိုင်(၂၅)ရက်အထိ H1N1 သံသရှိလူနာ (၉၀၈)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၃၈၉)ဦးရှိကာ သေဆုံးသူ (၇၂)ဦး ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။