မိတ္ထီလာတွင် ရဲတပ်သားအချင်းချင်း လက်သီးဖြင့်ထိုးရာမှ တစ်ဦးသေဆုံး

မောင်မင်းမော်၊ စက်တင်ဘာ-၂

မိတ္ထီလာမြို့နယ် အလယ်ရွာရဲကင်းစခန်းတွင် ရဲတပ်သားအချင်းချင်း လက်သီးဖြင့်ထိုးရာမှ အသက်(၃၂)နှစ်အရွယ် ရဲတပ်သားတစ်ဦး သေဆုံးမူ သြဂုတ်(၂၉)ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။  

စခန်းမှူး မရှိခိုက် အရက်သေစာ သောက်စားထားသည့် ရဲတပ်သားက စတင်ရန်ပြုရာမှ အလှည့်ကျ ကင်းစောင့်နေသည့် ရဲတပ်သားက ပြန်လည်ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူ ရဲတပ်သားသည် သြဂုတ်(၂၉)ရက်က အလည်ရွာ ရဲကင်းစခန်းမှူးနှင့် အခြားရဲတပ်သား(၂)ဦးတို့နှင့်အတူ မိတ္ထီလာမြို့နယ် တရားရုံးသို့ သွားရောက်ခဲ့ပြီး အပြန်တွင် အရက်သောက်ခဲကြောင်း၊ ညနေ ညနေ(၆)နာရီခန့်တွင် ရဲကင်းစခန်းသို့ ပြန်ရောက်ခဲ့ပြီး အရက်မူးနေသဖြင့် ကင်းရုံဘေးတွင် အိပ်ပျော်နေခဲ့သည်ဟု ဆိုသည်။

ထို့နောက် ၎င်းရဲတပ်သား၏ ဇနီးမှ နေအိမ်သို့ ပြန်အိပ်ရန် လာရောက်နှိုးချိန်တွင် အိပ်ယာမှထလာပြီး ကင်းအလှည့်ကျ တာဝန်ဆောင်ရွက်နေသည့် ရဲတပ်သားကို လက်သီးဖြင့်ထိုးခဲ့သည်။ ကင်းစောင့်နေသည့် ရဲတပ်သားက နောက်ကျောအား ပြန်လည်ထိုးကြိတ်ရာမှ ကင်းရုံအတွင်း မှောက်လျက် လဲကျသွားခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပာဖြစ်စဉ်နှင့်ပတ်သက်၍ အသက်သေသည်အထိ လက်သီးဖြင့် ထိုးခဲ့သည့် ရဲတပ်သားကို မိတ္ထီလာမြို့နယ် အလည်ရွာရဲကင်းစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း တိင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်