မိုးခေါင်နေသည့် မန္တလေးတွင် နှစ်ရက်ဆက်မိုးရွာမည်

မောင်မင်းမော်၊ သြဂုတ်-၆

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် မန္တလေးမြို့တွင် သြဂုတ်(၇)ရက်မှစတင်ကာ နှစ်ရက်ဆက် မိုးရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်ချိုချိုရှိန်းက ပြောသည်။

“မန္တလေးမြို့ပေါ်ကတော့ မိုးတစ်ကြိမ်နှစ်ကြိမ် ထစ်ချုန်းရွာမယ်၊ ရွာရန် ရာနှုန်းပြည့် ပေးထားပါတယ်”ဟု ဒေါ်ခင်ချိုချိုရှိန်းက ပြောသည်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)ကြောင့် မြန်မာတစ်ပြည်လုံး နေရာအနှံ့ပြားတွင် မိုးရွာသွန်းမည်ဖြစ်ပြီး မန္တလေးမြို့ပေါ်တွင် မနက်ဖန် (သြဂုတ်၇ရက်)မှစတင်ကာ သြဂုတ်(၈)ရက် ကြာသာပတေးနေ့အထိ မိုးရွာသွန်းမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောသည်။

မိုးရွာသွန်းမှုနှင့်အတူ လေပြင်းပါတိုက်ခတ်နိုင်ပြီး သစ်ပင်ကြီးများ ပြိုလဲနိုင်သည့် အန္တရာယ်ရှိသလို မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်းနှင့် မြစ်ရေကြီးခြင်း အန္တရာယ်များလည်း ဖြစ်ပေါ်လာနိုင်သည့်အတွက် သတိထားရန်လိုကြောင်း ၎င်းက ဆိုသည်။

မုန်တိုင်းငယ်(Depression)သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့ရှားလာမည့် အခြေအနေ မရှိသေးသော်လည်း ယင်းမုန်တိုင်း အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမူ ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ထို့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း ကျရောက်ခြင်း၊ လှိုင်းကြီးခြင်းများ ကြုံရမည်ဖြစ်ကာ တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ လေပြင်းတိုက်ခတ်နိုင်ပါသလို မြန်မာ့ကမ်းရိုးတန်းတလျှောက် လှိုင်းအမြင့် (၁၀)ပေမှ (၁၅)ပေခန့် ရှိနိုင်ကြောင်း မိုး၊ဇလဌာနမှ ထုတ်ပြန်သည်။

အဆိုပါ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုကြောင်း မိုး၊ဇလဌာနမှ ထုတ်ပြန်ထားသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်