မန္တလေးကို ဦးတိုက်လာတော့မည့် တရုတ်အမြန်ရထားလမ်းနှင့် ကြုံတွေ့ရမည့် ကောင်းကျိုးဆိုးပြစ်များ

မောင်တာ (Mandalay In-depth News)

မြန်မာစာ၊ တရုတ်စာနှင့် အင်္ဂလိပ်စကားလုံးများပါသည့် လိမ္မော်ရောင်အင်္ကျီများ ဝတ်ဆင်ထားသော တရုတ်နိုင်ငံသားအချို့ ပြီးခဲ့သည့် မေလအတွင်းက မန္တလေးမြို့အနီးရှိ ရေတံခွန်တောင်ခြေတွင် ခြေရှုပ်နေခဲ့ကြသည်။ အင်္ကျီနောက်ကျောတွင် CREEC ၊ တရုတ်ဘာသာစကားလုံးများနှင့် မူဆယ်-မန္တလေး ရထားလမ်းဆိုသည့် စာသားများကို ထင်ထင်ရှားရှားရေးထိုးထားသည်။ သူတို့က ရေတံခွန်တောင်ခြေသို့ (၄)ကြိမ်ခန့် လာရောက်၍ သုံးချောင်းထောက်တိုင်များ၊ မှန်ပြောင်းများဖြင့် မြေပြင်နှင့် တောတောင်အခြေအနေကို တိုင်းထွာစစ်ဆေးသည်။ ထို့နောက် CPI 168 ၊ BM 168 ဆိုသည့် စာသားပါ ကွန်ကရစ်တိုင်အချို့ကို စိုက်ထူးသွားခဲ့သည်။ ဒေသခံများ၏ အဆိုအရ ရေတံခွန်တောင်ခြေနှင့် ပုသိမ်ကြီးမြို့နယ်အတွင်း အထက်ပါကဲ့သို့ ကွန်ကရစ်တိုင် အနည်းဆုံး(၅)တိုင် ရှိသည်။

ရေတံခွန်တောင်ခြေ ရွှေကျင်ရေရွာတွင် မိသားစုနှင့်အတူ နေထိုင်ပြီး တနိုင်တပိုင် တို့ဟူးခြောက်ကြော်ရောင်းချခြင်းဖြင့် ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေသည့် ကိုကျော်သူက အထက်ပါ ကွန်ကရစ်တိုင်များကြောင့် နေ့စဉ်သောကဖြစ်နေရသည်ဟု ပြောသည်။

“လာသွားတာက တရုတ်တွေကြီးပဲ။ သူတို့ မြေတွေ တိုင်းတယ်။ အခု ဒါတွေ စိုက်သွားတယ်။ ဘာဆက်လုပ်မယ်ဆိုတာ မသိရဘူး။ ကျွန်တော်တို့က ပြောင်းပေးရမှာလား၊ မြေသိမ်းခံရဦးမှာလားပေါ့။ စိုးရိမ်တယ်” ဟု ကိုကျော်သူက ကွန်ကရစ်တိုင်တစ်ခုကို လက်ညိုးထိုးပြရင်း ပြောသည်။

ရေတံခွန်တောင်ခြေတွင်သာမက ပုသိမ်ကြီးနှင့် ပြင်ဦးလွင်မြို့နယ်များရှိ စိုက်ပျိုးမြေများတွင်လည်း ပြီးခဲ့သည့် မတ်လအတွင်းက တရုတ်နိုင်ငံသားအချို့ မြေပြင်တိုင်တာခြင်း၊ စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ ခွင့်ပြုချက်တောင်းခံခြင်း၊ အကျိုးအကြောင်း ပြောဆိုခြင်းမရှိဘဲ ဥယျာဉ်ခြံမြေများအတွင်း ဝင်ရောက်ကာ တိုင်းတာစစ်ဆေးခြင်း၊ မြေသား တူးယူခြင်းများ လုပ်ဆောင်ခဲ့ကြသည်ဟု ဆိုသည်။ ထို့အတွက် ရေနံပိုက်လိုင်းစီမံကိန်းကဲ့သို့ မြေသိမ်းယာသိမ်းပြသာနာများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သည်ဟု ပြင်ဦးလွင်မြို့နယ် ပင်လိမ်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။

မန္တလေး-မူဆယ် အမြန်ရထားလမ်းစီမံကိန်း

မြန်မာနိုင်ငံတွင် နှစ်(၅၀)ကျော်အတွင်း ပထမဆုံးအကြိမ် အများပြည်သူ မဲပေးရွေးချယ်မူဖြင့် အာဏာရလာသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အစိုးရသည် ကြီးမားသည့် စီမံကိန်းများကို တရုတ်အစိုးရနှင့် ပူးပေါင်းအကောင်ထည်ဖော်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ အဆိုပြုသည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင် ပူးပေါင်းပါဝင်ရန် ၂၀၁၇ကတည်းက နှစ်နိုင်ငံအစိုးရချင်း သဘောတူညီချက် ရယူခဲ့သည်။ ပြီးခဲ့သည့် ဧပြီလအတွင်းက တရုတ်နိုင်ငံကျင်းပခဲ့သည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း ဒုတိယအကြိမ်ဖိုရမ်တွင်လည်း  တရုတ် – မြန်မာ စီးပွားရေးစြင်္ကန် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂ဝ၁၉- ၂ဝ၃ဝ) ဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာ-တရုတ်နှစ်နိုင်ငံ တာဝန်ရှိသူများ လက်မှတ်ရေးထိုးခဲ့သည်။

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt & Road Initiative- BRI)ဆိုသည်မှာ တရုတ်နိုင်ငံကို ဗဟိုပြု၍ ကမ္ဘာတဝှန်း ကုန်သွယ်မူဖြန့်ကျက်နိုင်ရန် တရုတ်အစိုးရမှ ဦးဆောင်အကောင်အထည်ဖော်မည့် မဟာစီမံကိန်းကြီး ဖြစ်သည်။ တရုတ်နိုင်ငံနှင့် အာရှ၊ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အမေရိကစသည့် ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀)ခန့်ကို ကုန်းလမ်း၊ရေလမ်းများဖြင့် ဆက်သွယ်ချိတ်ဆက်မည့် စီမံကိန်းဖြစ်သည်။  

အဆိုပါ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI)၏ အစိတ်အပိုင်းအဖြစ် တရုတ်-မြန်မာ စီးပွားရေးသြင်္ကန် (China-Myanmar Economic Corridor –CMEC) ကို နှစ်နိုင်ငံပူးပေါင်း အကောင်အထည်ဖော်မည်မည်ဖြစ်သည်။ CMEC အောက်တွင် နယပ်ကုန်သွယ်ရေးဇုန်များ တည်ဆောက်ခြင်း၊ အမြန်ရထားလမ်း၊ ကးလမ်းများဖောက်လုပ်ခြင်းနှင့် မြို့သစ်တည်ဆောက်ခြင်းများ အပါအဝင် ကုန်သွယ်မူမြင့်တင်ရေး၊ အခြေခံအဆောက်အအုံနှင့် လမ်းပန်းဆက်သွယ်မူ ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံက ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI) အကောင်အထည် ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ပြီး ယင်းကော်မတီ၏ ဥက္ကဌအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်းဆန်းစုကြည်က တာဝန်ယူထားသည်။

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့်ဆက်စပ်၍ မြန်မာနိုင်ငံတွင်း အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံမှ အဆိုပြုသည့် စီမံကိန်း(၄၀)ဝန်းကျင်ရှိပြီး ယင်းတို့အနက် စီမံကိန်း(၉)ခု အကောင်အထည်ဖော်ရေး  ကနဦးအဆင့်လုပ်ငန်းများ လုပ်ဆောင်ရန် နှစ်နိုင်ငံ သဘောတူညီထားသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ BRI အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး ဦးမြင့်သူက ပြောသည်။

CMEC အောက်တွင် အကောင်ထည်ဖော်ရန် နှစ်နိုင်ငံ ကနဦးသဘောတူထားသည့် စီမံကိန်း(၉)ခုတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာနယ်စပ် စီးပွားရေးဇုန်များနှင့် မန္တလေး-မူဆယ် အမြန်ရထားလမ်းစီမံကိန်းများ ပါဝင်သည်ဟု CMEC တာဝန်ခံဝန်ကြီးဌာနဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က ရှင်းပြသည်။

မူဆယ်-မန္တလေး အမြန်ရထားလမ်းစီမံကိန်း ဘယ်လိုဖောက်မှာလဲ။

မန္တလေး-မူဆယ် အမြန်ရထားလမ်း ဖောက်လုပ်နိုင်ရေး ဖြစ်နိုင်ခြေလေ့လာရန် မြန်မာ့မီးရထားဌာနနှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group Co.ltd (CREEC) တို့ ၂၀၁၈နှစ်ကုန်ပိုင်းက နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်အရ မူဆယ်-မန္တလေး အမြန်ရထားလမ်း ဖောက်လုပ်နိုင်ရေး ဖြစ်နိုင်ခြေလေ့လာမူများကို CREEC ကုမ္မဏီမှ တာဝန်ယူ၍ ၂၀၁၉ ဇန်နဝါရီမှ မေလအတွင်း လုပ်ဆောင်မည်ဖြစ်ပြီး တွေ့ရှိချက်များကို မြန်မာ့မီးထားဌာနသို့ တင်ပြမည်ဖြစ်သည်။ လက်ရှိတွင် ဖြစ်နိုင်ခြေလေ့လာမူ ပြီးဆုံးပြီဖြစ်ကာ CREEC မှ လေ့လာတွေ့ရှိချက်များကို မြန်မာ့မီးရထားသို့ တင်ပြထားပြီးဖြစ်သည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောသည်။

မူဆယ်-မန္တလေး အမြန်ရထားလမ်း ဖောက်လုပ်နိုင်ခဲ့ပါက ယင်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော နယ်စပ်ဖြတ်ကျော် ချိတ်ဆက်နိင်သည့် ရထားလမ်းပိုင်းတစ်ခုဖြစ်လာမည်ဟု ဦးဝင်းခန့်က ဆိုသည်။

မူဆယ်-မန္တလေး အမြန်ရထားလမ်းသည် နယ်စပ်ဖြတ်ကျော်ကာ တရုတ်နိုင်ငံအတွင်း ဖောက်လုပ်ထားပြီးဖြစ်သည့်  ဘေဂျင်း-ကူမင်း အမြန်ရထားလမ်းပိုင်းနှင့် ချိတ်ဆက်မည်ဖြစ်သည်။ ထို့အပြင် မူဆယ်-မန္တလေးမှတဆင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းအထိ အမြန်ရထားလမ်းချိတ်ဆက်နိုင်ပါက ယင်းသည် တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် နှစ်ပေါင်းများစွာ ရည်ရွယ်ခဲ့သည့် ကူမင်း-မန္တလေး-ကျောက်ဖြူအမြန်ရထားလမ်းအဖြစ် ပုံပေါ်လာမည်ဖြစ်သည်။

သို့သော် မူဆယ်-မန္တလေး အမြန်ရထားလမ်းစီမံကိန်းကို တရုတ်တို့၏ ရပ်ဝန်းနှင့် ပိုလမ်းမစီမံကိန်းအတွက် အဓိကထားဖောက်လုပ်ခြင်းမဟုတ်ဘဲ မန္တလေးမှတဆင့် မန္တလေး-ရန်ကုန် အမြန်ရထားလမ်းအဖြစ် ချိတ်ဆက်နိုင်ရန်နှင့် မန္တလေးမှ အိန္ဒိယနယ်စပ်အထိ ချိတ်ဆက်မည့်  အာရှမီးရထားလမ်းကွန်ယက် (Trans-Asian Railway Network) အတွက်ပါ ဖောက်လုပ်ခြင်းဖြစ်သည်ဟု ဦးဝင်းခန့်က ပြောသည်။

အာရှမီးရထားလမ်းကွန်ရက်ဆိုသည်မှာ ကမ္ဘာ့ကုလသမဂ္ဂ အာရှ-ပစိဖိတ် စီးပွားရေးနှင့်လူမှုရေး ကော်မရှင်မှ အကောင်ထည်ဖော်မည့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများကြား ချိတ်ဆက်မည့် ရထားလမ်းစီမံကိန်းဖြစ်သည်

“Plan အရတော့ ကျောက်ဖြူကိုမဆက်လည် အိန္ဒိယကို ဆက်ရလိမ့်မယ်။ Trans-Asian Railway အရ မူဆယ်က ဝင်လာမယ်။ မန္တလေးကိုသွားပြီး တမူး၊အိန္ဒိယကို ဆက်သွားမယ်။ အခု BRI နဲ့တွဲလိုက်တာ၊ ဆွဲထည့်လိုက်တာပေါ့။ ကိုယ်တို့က အစကတည်းက Trans-Asian Railway ရှိတယ်လေ။ အကိုတို့က ဘာလို့သဘောတူလိုက်လဲဆိုတော့ Tran-Asian Railway ရဲ့ တစ်ဝက်ဖြစ်တဲ့အတွက် မန္တလေးအထိ သဘောတူလိုက်တာ။ ပြီးတော့မှ BRI အတိုင်းဆက်လုပ်ရင် ကျောက်ဖြူကို ဘယ်လိုဆက်မလဲဆိုတာ စဉ်းစားရမယ်။ ရန်ကုန်ကနေ ဆင်းပြီးတော့ ဆက်မလားပေါ့။ သီလဝါကြီးသာ ဖွံဖြိုးတိုးတက်မယ်ဆိုရင် နိုင်ငံအတွက်က အများကြီးအကျိုးရှိမယ်”ဟု ဦးဝင်းခန့်က ဆိုသည်။

အဆိုပါ မူဆယ်-မန္တလေးရထားလမ်းမှတဆင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းအထိ ဆက်လက်ဖောက်လုပ်ပြီး ကူမင်း-ကျောက်ဖြူ အမြန်ရထားလမ်းအဖြစ် ချိတ်ဆက်နိုင်မည်ဖြစ်သလို အိန္ဒိယနိုင်ငံသို့ပါ ချိတ်ဆက်ဖောက်လုပ်နိုင်ရန် အစီစဉ်ရှိသည်ဟု ဦးဝင်းခန့်က ဆိုသည်။

“ဒီစီမံကိန်းကို ရည်ရွယ်ချက်အကြီးကြီးနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်”ဟု ဦးဝင်းခန့်က ပြောသည်။

မူဆယ်-မန္တလေး ရထားလမ်း ဘယ်လောက်ရှည်မလဲ၊ ဘယ်လောက်မြန်မလဲ။

CREEC ကုမ္မဏီမှ လုပ်ဆောင်ခဲ့သည့် (၃)လကြာ ဖြစ်နိုင်ခြေလေ့လာမူများအပေါ် အခြေခံ၍ မူဆယ်-မန္တလေးရထားလမ်း အကွာအဝေးကို အကြမ်းဖျဉ်း တိုင်းတာသတ်မှတ်ပြီးဖြစ်သည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ပြောသည်။

မူဆယ်-မန္တလေးအမြန်ရထားလမ်းသစ်သည် ကီလိုမီတာ ၅၀၀ (မိုင်-၃၁၀ကျော်) ရှည်လျှားမည်ဖြစ်ပြီး တစ်နာရီ ကီလိုမီတာ(၁၆၀)နှုန်းဖြင့် မောင်းနှင်နိုင်ရန် ဖောက်လုပ်ဖွယ်ရှိသည်ဟု ဦးဘမြင့်က ပြောသည်။ လက်ရှိ မြန်မာနိုင်ငံတွင်းရှိ ရထားလမ်းများ၏ အမြန်နှုန်းမှာ မန္တလေး-မြစ်ကြီးနား တစ်နာရီကီလီမီတာ(၄၀)နှုန်းခန့်နှင့် မန္တလေး-ရန်ကုန်ရထားလမ်းပိုင်းမှာ တစ်နာရီ ကီလိုမီတာ(၆၀)ဝန်းကျင် ခုတ်မောင်းနိုင်သည်။

“အကြမ်းဖျင်းအားဖြင့် တစ်နာရီ ၁၆၀ကီလိမီတာနှုန်းနဲ့ ပြေးမယ်။ လမ်းကိုလည်း Single လိုင်းကို သုံးမယ်။ Double လိုင်းအတွက်ကို လျာထားမယ်။ တံတားတွေ၊ ဥမင်တွေကိုလည်း ကနဦးတစ်လမ်းသွားဖောက်ပြီး နှစ်လမ်းသွားသံလမ်းတင်လို့ရအောင် လျာထားတယ်”ဟု ဦးဘမြင့်က ပြောသည်။

မူဆယ်-မန္တလေး အမြန်ရထားလမ်း၏ မြန်နှုန်းနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေ(၄)ခုရှိပြီး တစ်နာရီ (၂၂၀)ကီလိုမီတာနှုန်း၊ တစ်နာရီ (၂၀၀)ကီလိုမီတာနှုန်းနှင့် တစ်နာရီ(၁၆၀)ကီလိုမီတာနှုန်းများဖြင့် ဖောက်လုပ်နိုင်ကြောင်း လေ့လာဆန်းစစ်ထားသည်ဟု ဆိုသည်။ ရထားလမ်းစီမံကိန်းနှင့်ပတ်သက်၍ စစ်တမ်းလုပ်ထားသည့် စာရွက်စာတမ်းများမှာ ဖြန့်ခင်းလျှင် စားပွဲ(၂)လုံးစာမက ရှိသည်ဟု ဦးဘမြင့်က ဆိုသည်။

မူဆယ်-မန္တလေးအမြန်ရထားလမ်းသစ် လမ်းအူကြောင်း အပြီးသတ် ရွေးချယ်ရခြင်းမရှိသေးသော်လည်း လက်ရှိ မန္တလေး-လားရှိုး ရထားလမ်းဟောင်းကို အသုံးပြုမည်မဟုတ်ဘဲ လမ်းပိုင်းတစ်ခုလုံး အသစ်ဖောက်လုပ်မည်ဟု ၎င်းက ဆိုသည်။ လမ်းအူကြောင်း အပြီးသတ်ရွေးချယ်ရန် ဌာနတာဝန်ရှိသူများ ဆွေးနွေးတိုင်ပင်နေဆဲဖြစ်ပြီး (၂)လ(၃)လအတွင်း ပြီးစီးနိုင်သလို မကျေလည်သည့်အချက်အလက်များ တွေ့ရှိပါက ယခုနှစ်ကုန်ပိုင်းတွင်မှ လမ်းအူကြောင်းရွေးချယ်မူ ပြီးစီးဖွယ်ရှိသည်ဟု ဦးဘမြင့်က ပြောသည်။

“လမ်းအူကြောင်းတွေ ရွေးနေတုန်းပါ။ နမ့်ဖက္ကာမှာ လမ်းပိုင်း (၃)နေရာရွေးထားတယ်။ လူနေကျဲတဲ့နေရာ၊ နောက်တစ်ခုက သဘာဘေးအန္တရာယ်ကိစ္စတွေ ထည့်သွင်းစဉ်းစားရတယ်။ ရေလမ်းကြောင်းဖြတ်ပြီး ဖောက်တဲ့နေရာဆို ရေတိုက်စားမှာကိုလည်း စိုးရိမ်ရတာရှိတယ်။ အဲဒီအတွက် လမ်းကြောင်းတွေ အများကြီးရွေးထားတယ်။ ပြင်ဦးလွင်မှာဆိုရင်လည်း (၃)နေရာလောက် ရွေးထားတယ်။ ပြင်ဦးလွင်နဲ့ (၁၅)ကီလိုမီတာအဝေး၊ (၅)ကီလိမီတာအဝေးနဲ့ (၂ဒသမ၅)ကီလိုမီတာလောက်အဝေးမှာ တစ်ခုရှိတယ်။ ဘယ်ဟာရွေးမလဲဆို တိုင်ပင်ကြရပါတယ်။  Root (လမ်းအူကြောင်း)ကတော့ မပြီးသေးပါဘူး”ဟု ဦးဘမြင့်က ရှင်းပြသည်။

ရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်လာမည့် ဥမင်လှိုင်များနှင့် တံတားများ မည်သို့ဆောက်လုပ်မည်ကို တိုင်ပင်ဆွေးနွေးနေဆဲ ဖြစ်သလို ရထားလမ်းပိုင်းတလျှောက် ထားရှိမည့် ဘူတာအရေအတွက်ကိုလည်း ညှိနိုင်းဆဲဟု ၎င်းက ဆိုသည်။ ထို့အပြင် အမြန်ရထားလမ်းသည် မန္တလေးတွင်လည်း လက်ရှိဘူတာကြီးသို့ သွားရောက်ပေါင်းဆုံမည်မဟုတ်ဘဲ ဘူတာသစ်ဆောက်လုပ်ရမည်ဖြစ်သည်ဟု ဦးဘမြင့်က ပြောသည်။

“ဘူတာကလည်း မန္တလေးဘူတာဆိုပေမယ့် မန္တလေးတောင်ခြေလို၊ ပလိပ်(မြို့)လို နေရာမှာ မြေလွတ်တဲ့နေရာမှာ Junction City အနေနဲ့ ဖော်ဆောင်မှာဖြစ်ပါတယ်”ဟု ဦးဘမြင့်က ဆိုသည်။

ကနဦးတွက်ချက်မူများအရ မူဆယ်-မန္တလေး အမြန်ရထားလမ်းဖောက်လုပ်မူအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ (၈ဒသမ၉)ဘီလီယံခန့် ကုန်ကျမည်ဟု ၎င်းက ဆိုသည်။

(ဒုတိယပိုင်း ဆက်လက်ဖတ်ရှု့ပါရန်)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်