မန္တလေးတွင် စည်ပင်ဘီးခွန်၊ မော်တော်ယာဉ်ဆိုင်ရာ စာရွက်စာတမ်းများနှင့် ယာဉ်နံပါတ်ပြား အတုပြုလုပ်နေသူ (၈)ဦး ဖမ်းမိ

အမ်တီ၊ သြဂုတ်-၂၉

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများထားရှိကာ စည်ပင်ဘီးခွန်၊ မော်တော်ယာဉ်ဆိုင်ရာ စာရွက်စာတမ်းများနှင့် နံပါတ်ပြားများ အတုပြုလုပ်နေသည့် အမျိုးသား(၈)ဦးကို ယနေ့ နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မန္တလေးမြို့ မြစ်ငယ်ရဲစခန်းတွင် ဖမ်းဆီးထားသည့် လိမ်လည်မူ၊ အတုပြုလုပ်မူများနှင့် ဆက်စပ်၍ ကွင်းဆက်အဖြစ် ထပ်မံဖော်ထုတ်ခဲ့ရာမှ အုပ်စုဖွဲ့ကာ မော်တော်ယာဉ်ဆိုင်ရာ စာရွက်စာတမ်းနှင့် ယာဉ်နံပါတ်ပြား အတုပြုလုပ်နေသူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

အဆိုပါ အတုပြုလုပ်သူ (၈)ဦးထံမှ မန္တလေးနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဘီးခွန်စာရွက်အတုများ၊ ယာဉ်နံပါတ်ပြားအတု (၁၀၀)ကျော်၊ ယာသ်လိုင်စင်စာအုပ်အတု(၂၅)အုပ်၊ ဦးစီးအရာရှိ အမည်ပါ တံဆိပ်တုံးအတုနှင့် ကညနတံဆိပ်ပါ ရောင်ပြန်စတေကာများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

သြဂုတ်(၂၉)ရက် နံနက်ပိုင်းက မန္တလေး ကျွဲဆည်ကန်ကားကွင်းအနီးရှိ လ္ဘက်ရည်ဆိုင်သို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဘီးခွန်အတုများ လာရောက်ပေးပို့မည်ဖြစ်ကြောင်း သတင်းအရ တိုင်းမှုခင်းအကူ ဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များနှင့် မြစ်ငယ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများသည် အသိသက်သေများနှင့်အတူ စောင့်ဆိုင်းနေစဉ် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ၎င်းထံမှ စည်ပင် ဘီးခွန်အတု(၃)ခု ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် အဆိုပါ အမျိုးသား၏ ညီဖြစ်သူ ထပ်မံရောက်ရှိလာပြီး ၎င်းထံမှလည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမူဦးစီးဌာနမှ (ခ)လိုင်စင်အတုဖြင့် ထုတ်ထားသောယာဉ်မောင်းလိုင်စင်(၂)ခု ထပ်မံဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ကို စစ်ဆေးရာ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ကန်တော်မင်္ဂလာဘုန်းကြီးကျောင်းတွင် မော်တော်ယာဉ်ဆိုင်ရာ စာရွက်စာတမ်းများနှင့် ယာဉ်နံပါတ်ပြား အတုပြုလုပ်သည့် ဆက်စပ်ပစ္စည်းများ ထားရှိကြောင်း ထွက်ဆိုသဖြင့် အဆိုပါ ဘုန်းကြီးကျောင်းသို့ မြို့နယ်သံဃာ့နာယကအဖွဲ့ ဆရာတော်များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာမှ မော်တော်ယာဉ်ဆိုင်ရာ စာရွက်စာတမ်းအတုများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အထက်ပါ ဘုန်းကြီးကျောင်းဝန်းအတွင်းမှ မော်တော်ယာဉ်ဆိုင်ရာ စာရွက်စာတမ်း အတုပြုလုပ်ရာတွင် အသုံးပြုသည့် HP အမျိုးအစား ခဲရောင်လက်ပ်တော့(၁)လုံး၊ Esponကာလာပရင်တာ(၁)လုံးနှင့် ထုတ်လက်စပရင်တာ(၁)လုံး၊ Jelist လက်ဆွဲမီးစက်(၁)လုံး၊ Cannonစကင်ဖတ်စက်(၁)လုံး၊ ပလပ်စတစ်လောင်းစက်(၁)လုံး၊ ဖောင်းကြွစားလုံးများဖြင့် ပြုလုပ်ထားသောဂဏန်းမျိုးစုံ ရေးသားထားသောဖြူ၊နက် မော်တော်ယာဉ်နံပတ်ပြား (၉၈)ပြား၊ အနီရောင် မော်တော်ယာဉ်နံပတ်ပြား (၁၇)ပြား၊ မြန်မာ့အာမခံလုပ်ငန်းတံဆိပ်ပါ စာအုပ်(၁၃၅)အုပ်၊ မော်တော်ယာဉ်မှတ်ပုံတင် စာအုပ်မျက်နှာဖုံး(၁၅)ခု၊ ယာဉ်အမှတ်မျိုးစုံရေးသားထားသော မော်တော်ယာဉ်စာအုပ်(၅)အုပ်၊ ဦးစီးအရာရှိ နာမည်ပါ တံဆိပ်တုံး(၁)ခု၊ ကညနတံဆိပ်ပါရောင်ပြန်စတစ်ကာ(၃၀)ပါ (၁)ခု၊ မန္တလေးစည်ပင်သာယာ(၂)နှစ်အတွက် ဘီးခွန်ကောက်တံဆိပ်ပါ စာရွက်(၂၅)ရွက်၊ ရန်ကုန်စည်ပင်သာယာရေးကော်မတီ ဘီးခွန်ပါစာရွက်(၂၀)ရွက်၊ ကုန်စည်စင်းလုံးဌား ပို့ဆောင်ခွင့်(၅)ခု၊ ပို့ဆောင်ခွင့်လိုင်စင်(၄)အုပ်နှင့် ဖုန်းဆင်းကဒ်များ၊ အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ မော်တော်ယာဉ်ဆိုင်ရာ စာရွက်စာတမ်းအတုများ၊ ယာဉ်နံပါတ်ပြားအတုများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမူနှင့်ပတ်သက်၍ အမျိုးသား(၈)ဦးကို ဖမ်းဆီးထားပြီး ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်