မန္တလေးတွင် အပူရှိန်ကြောင့် ဆိုင်ကယ်စီးနေသည့်အမျိုးသားတစ်ဦး သတိမေ့လဲကျကာ ဆေးရုံရောက်

မောင်မင်းမော်၊ မေ-၆

မန္တလေးမြို့တွင် ဆိုင်ကယ်စီးနေသည့် အမျိုးသားတစ်ဦး အပူရှိန်ကြောင့် လမ်းပေါ် ရုတ်တရက် သတိမေ့လဲကျကာ ဆေးရုံသို့ တင်ပို့ခဲ့ရမူ မေလ(၅)ရက်က ဖြစ်ပွားခဲ့သည်။

မေ(၅)ရက် ညနေ (၆)နာရီကျော်အချိန်က မန္တလေးမြို့ ၈၆လမ်း၊ ၃၅လမ်းနှင့် ၃၆လမ်းကြားတွင် အသက်(၄၀)ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဆိုင်ကယ်စီးနေချိန် ရုတ်တရက်လဲကျကာ သတိမေ့သွားသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု လူနာတင်ယာဉ် ကူညီပေးခဲ့သည့် မဏီစလ လူမှုနာမူကူညီရေးအသင်း (မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မျက်မြင်တွေ ပြောတာကတော့ ဆိုင်ကယ်စီးနေရင်း သူ့ဟာသူ လဲကျသွားတာတဲ့။ လဲကျပြီးတော့ မေ့သွားတာပေါ့။ အဲ့ဒါနဲ့ ကျွန်တော်တို့က ဆေးရုံကို ပို့ပေးလိုက်တာပါ”ဟု ၎င်းက ပြောသည်။

မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာသောလူနာသည် အပူလွန်ကဲမှုကြောင့်သတိမေ့လဲကျခြင်း (Heat Stroke) ဖြစ်သည်ဟု ယူဆရသော်လည်း အတည်မပြုနိုင်သေးဘဲ သက်ဆိုင်ရာ ဆရာဝန်ကြီးများက စမ်းသပ် စစ်ဆေးနေဆဲဖြစ်ကြောင်း  ဆေးလူမှုဆက်ဆံရေးအရာရှိ ဦးမင်းလွင်က ပြောသည်။

“Heat Stroke ကြောင့်လို့တော့ ထင်ရတာပေါ့။ ဆိုင်ကယ်နဲ့လူ မူးလဲသွားတယ်။ ဒါပေမယ့် ကျွန်တော်တို့က ချက်ချင်းကြီး heat stroke လို့တော့ မထုတ်ပြန်သေးဘူး။ ဘာလို့ဆို heat strokeဆိုတဲ့ အနေအထားမှာ ဒီလူက သူ့မှာ တခြားရောဂါအခံရှိလားပေါ့။ ဆီးချိုရှိလား၊ သွေးတိုးရှိလား။ အဲ့ဒါတွေကအစ ပြန်ကြည့်ရတယ်။ ဒါမှမဟုတ် အရက်သောက်ထားလားပေါ့။ အဲ့ဒါလေးတွေကြည့်ပြီးတော့မှ သက်ဆိုင်ရာ လူနာဆောင် အရေးပေါ်ဌာနကနေ (heat stroke)အပူရှပ်ရောဂါလို့ သတ်မှတ်တယ်ပေါ့ “ဟု ဦးမင်းလွင်က ရှင်းပြသည်။

ဧပြီလကုန်ပိုင်းမှ စတင်၍ မန္တလေးမြို့တွင် အပူချိန်ဆက်တိုက်မြင့်တက်လျှက်ရှိရာ ယခု မေလအတွင်း  heat stroke အပူရှပ်ရောဂါ ဖြစ်ပွားသူ (၂)ဦးရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် Heat Stroke ဖြစ်ပွားသည့် လူနားများ ရောက်ရှိလာပါက အမြန်ဆုံးကုသပေးနိုင်ရန် မန္တလေးဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်ထားသည်ဟု ဦးမင်းလွင်က ပြောသည်။

တချိန်တည်းမှာပင် အပူရှိန်ကြောင့် အပူရှပ်ဖျားနာခြင်းများ မဖြစ်ပေါ်စေရေး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍  မန္တလေးတွင် အပူရှောင်စခန်းများ ဖွင့်လှစ်ထားသည်။

မန္တလေးမြို့၏ ယနေ့အမြင့်ဆုံးအပူချိန်မှာ (၄၀)ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး  မေလ(၇)ရက်တွင် အမြင့်ဆုံးအပူချိန် (၄၂)ဒီဂရီ စင်တီဂရိတ်ရှိမည်ဟု မိုးလေးဝသနှင့်ဇလဗေဒဌာနမှ ခန့်မှန်းထားသည်။

ဓါတ်ပုံ – ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်