မန္တလေးမှ လေဘေးသင့်ပြည်သူများကို အစိုးရက တစ်ဦးလျှင် ဆန်နို့ဆီဗူး(၂)ဗူးနှုန်း ထောက်ပံ့

မောင်မင်းမော် ၊ မေ ၊ ၂၅

မန္တလေမြို့အနီး ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကွက်သစ်ပိုင်းမှ လေဘေးဒဏ်သင့် ပြည်သူများကို အစိုးရအဖွဲ့က တစ်ဦးလျှင် ဆန်နို့ဆီဗူး (၂)ဗူးနှုန်း ကူညီထောက်ပံ့ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မေလ (၂၃)ရက် ညက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကွက်သစ်ပိုင်းတွင် လူနေအိမ်(၁၀၀)ကျော် ပြိုကျပျက်စီးခဲ့ပြီး  လူ(၄)ဦးဒဏ်ရာရရှိကာ မွေးကင်းစ ကလေးမိခင်တစ်ဦး သေဆုံးခဲ့သည်။

အဆိုပါ လေဘေးဒဏ်သင့်ပြည်သူများ  စားဝတ်နေရေး အဆင်ပြေစေရန်အတွက် မေလ(၂၄)ရက်ညနေပိုင်းတွင် အစိုးရတာဝန်ရှိသူအချို့ လာရောက်၍ ဘေးသင့်ပြည်သူများအတွက် လူတစ်ဦးလျှင် ဆန်နှစ်ဗူးနှုန်း၊ အိမ်ထောင်စု တစ်စုလျှင် ဆီတစ်ဗူး(တစ်လီတာ)နှုန်းဖြင့် အိမ်ထောင်စု (၁၂၅)စုစာအတွက် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု ဇီးအုပ်ကွက်သစ် ရပ်မိရပ်ဖ ဦးကျော်စွာက ပြောသည်။

တိုင်းဒေသကြီးအစိုးရ၏ ညွှန်ကြားမှုဖြင့် ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုနှင့် တာဝန်ရှိသူများက လာရောက်ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ တစ်ဦးအတွက် ငွေကျပ်(၃)သိန်းနှင့် ထိခိုက်ဒဏ်ရာရသူ (၄)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၅)သောင်းနှုန်းစီ ကူညီထောက်ပံံ့ခဲ့သည်ဟု ၎င်းက ဆိုသည်။

သို့သော် နေအိမ်ပြိုလဲပျက်စီးမူများအတွက် ထောက်ပံ့ပေးခြင်းမရှိဟု လေဘေးသင့်ပြည်သူများက ဆိုသည်။

“ထောက်ပံ့တဲ့အနေအထားကတော့ ပြောမယ်ဆိုရင် ဒါသူတို့က နှမ်းဖြူးသလိုပေါ့။ လူကြားကောင်းအောင်ပါပဲ”ဟု လေဘေးသင့်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် လေဘေးသင့်ပြည်သူများအား ပရဟိတအဖွဲ့များနှင့် ကုသိုလ်ရှင်များမှ ဆန်၊ ဆီနှင့် ထမင်းထုပ်များ လာရောက်လှူဒါန်းမူ ရှိသော်လည်း ဇီးအုပ်ကွက်သစ်တွင် နေထိုင်သူအများစုမှာ လက်လုပ်လက်စား ဆင်းရဲသားများဖြစ်ပြီး စားဝတ်နေရေးနှင့် သောက်သုံးရေအတွက် အကူအညီများ လိုအပ်နေဆဲဖြစ်သည်ဟု ၎င်းက ပြောသည်။

အဆိုပါ လေပြင်းဒဏ်ခံခဲ့ရသည့် ဇီးအုပ်ကွက်သစ်ပိုင်းမှ နေအိမ်များမှာ ကျူးကျော်အိမ်များဖြစ်ကြောင်း ပြောဆိုမှုများရှိနေပြီး ကျူးကျော်အိမ်များဖြစ်ပါက သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှု ရှိလာလျှင်လည်း ထောက်ပံ့ပေးမည်မဟုတ်ဘဲ သေဆုံးမူနှင့် ထိခိုက်ဒဏ်ရာရရှိမူ အတွက်သာ ထောက်ပံ့မည်ဟု လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်နှင့် မိတ္ထီလာခရိုင်တို့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ ထိခိုက်ပျက်စီးခဲ့သည်။

လေပြင်းကြောင့် နေအိမ်ပြိုလဲ ပိမိကာ သေဆုံးခဲ့သည့် အမျိုးသမီး၏ နေအိမ်နှင့် လေဘေးသင့်နေအိမ်များ။ ဓါတ်ပုံ – သေတ္တာ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်