မန္တလေးဈေးချိုတော်မှ ဈေးသူဈေးသားများနှင့် တိုင်းအစိုးရအဖွဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ

ဈေးချိုတော်တွင် CCTV များ တိုးချဲ့တပ်ဆင်ခြင်းနှင့် ဈေးချိုတော် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဖွဲ့စည်းပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြောကြား

ထက်အောင်၊ ဇူလိုင်-၂

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် သက်တမ်း (၃)နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မန္တလေးဈေးချိုတော်မှ ဈေးသူဈေးသားများနှင့် ဇူလိုင်(၂)ရက်နံနက်ပိုင်းက သွားရောက်တွေ့ဆုံခဲ့သည်။

တိုင်းအစိုးရအဖွဲ့နှင့် တွေ့ဆုံခွင့်ရရန် ဈေးသူဈေးသားများမှ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံပွဲတွင် ဈေးချိုတော် အဆောက်အဦးများ ကြံ့ခိုင်မူအတွက် စစ်ဆေးပြင်ဆင်ပေးရန်၊ ဈေးအိမ်သာများ ပြင်ဆင်ပေးရန်နှင့် ဈေးချိုတော် မီးဘေးအန္တရာယ်လုံခြုံရေးအတွက် အာမခံထားရှိပေးရန် စသည်တို့ကို ဈေးသူဈေးသားများက တင်ပြခဲ့သည်ဟု မန္တလေးဈေးချိုတော် ဈေးအကျိုးတော်ဆောင် ကော်မတီ တာဝန်ရှိသူများက ပြောသည်။

“ဈေးသူဈေးသားတွေက ဖြစ်ချင်တာလေးတွေ တင်ပြတာနဲ့ ဝန်ကြီးချုပ်ကလည်း ဖြစ်သင့်ဖြစ်ထိုက်တာလေးတွေ လုပ်ဆောင်ပေးမယ်လို့ ပြောသွားတယ်။ အရေးကြီးနေရာတွေမှာ CCTVတပ်ပေးမယ်လို့ ပြောသွားတယ်”ဟု မန္တလေးဈေးချိုတော် ဈေးအကျိုးတော်ဆောင်ကော်မတီ ဥက္ကဌ ဦးအောင်မြင့်သိန်းက ပြောသည်။

ထို့အပြင် ဈေးချိုတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တောင်းဆိုခဲ့ပြီး ဝန်ကြီးချုပ်က ဈေးချိုတော် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဖွဲ့စည်းပေးမည်ဟု ပြောကြားသွားကြောင်း ဈေးအကျိုးတော်ဆောင်ကော်မတီ အတွင်းရေးမှူး ဦးမင်းမင်းက ပြောသည်။

“မန္တလေးဈေးချိုတော် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီပေါ့။ ဒါကတော့ ယာယီအမည်ပါ။ အဲ့ဒီလို ကော်မတီဖွဲ့မယ်။  ကော်မတီမှာ ဝန်ကြီးတစ်ပါး ဦးဆောင်ပါဝင်မယ်။ ပြီးတော့ စည်ပင်ကော်မတီဝင်တွေ၊ ဈေးသူဈေးသားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ စသဖြင့် ဌာနတာဝန်ရှိသူတွေ ပါဝင်ဖွဲ့စည်းမယ်လို့ ပြောပါတယ်။ သူတို့ အမြန်ဆုံးဖွဲ့စည်းပေးမယ်လို့ ပြောသွားပါတယ်” ဟု ဦးမင်းမင်းက ပြောသည်။

ထို့အပြင် ဈေးသူဈေးသားများက မန္တလေးဈေးချိုတော်တွင် ဝန်ထမ်းအင်အား နည်းပါးနေသည့်အတွက် စည်ပင်ဝန်ထမ်းများ ထပ်မံခန့်ထားပေးရန် တင်ပြခဲ့ပြီး ဝန်ကြီးချုပ်ကလည်း စိစစ်လုပ်ဆောင်ပေးမည်ဟု ကတိပြုသွားကြောင်း ဈေးအကျိုးဆောင်ကော်မတီ တာဝန်ရှိသူများက ဆိုသည်။

Photo- HlaTun FB.

မန္တလေး ဈေးချိုတော်သည် မန္တလေးမြို့တွင်သာမက အထက်မြန်မာပြည်၏ အကြီးဆုံးဈေးဖြစ်ပြီး ၁၉၉၄တွင် အဆင့်မြင့်ဈေးကြီးအဖြစ် ပြန်လည်တည်ဆောက်ဖွင့်လှစ်ခဲ့ကာ လက်ရှိ ဈေးချိုတော်တွင် ဈေးရုံ(၈)ရုံနှင့် ဈေးဆိုင်ခန်းအရေအတွက် (၃၂၀၀)ကျော် ရှိသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်