မန္တလေးမြို့ သိပ္ပံလမ်းရှိ မြေ(၅)ဧကပေါ်တွင် ကျပ်ဘီလီယံ (၉၀)တန် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်မည်

Mandalay Taungthaman Development ကုမ္မဏီက တင်ဒါပြိုင်ဘက်မရှိ လုပ်ကိုင်ခွင့်ရခဲ့ခြင်းဖြစ်ဟုဆို

Mandalay In-depth သတင်းအဖွဲ့၊ မေ-၃

မန္တလေးမြို့ သိပ္ပံလမ်းရှိ တိုင်းအစိုးရပိုင် မြေ(၅)ဧကကျော်ပေါ်တွင် ကျပ်(၉၀)ဘီလီယံ တန်ကြေးရှိ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတစ်ခု အကောင်ထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းအစိုးရ လျှပ်စစ်၊ စက်မူနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က  တိုင်းလွှတ်တော်သို့ တင်ပြသည်။

အဆိုပါစီမံကိန်းကို Mixed-Use Development Project ဟု အမည်ပေးထားပြီး စီးပွားရေးဆိုင်ရာ အဆောက်အဦးများ၊ ဈေးဝယ်စင်တာများ၊ လူနေဆိုင်ခန်းများ ပါဝင်မည်ဖြစ်ကာ တည်ဆောက်ရေးကာလ (၂)နှစ်ခွဲ ကြာမြင့်မည်ဟု ဆိုသည်။

ယင်းစီမံကိန်းကို မန္တလေးတိုင်းအစိုးရနှင့် Mandalay Taungthaman Development ကုမ္မဏီတို့ ကူးပေါင်း၍ အစိုးရ၊ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့်အစီအစဉ် (Public Private Partnership )အဖြစ် ဆောင်ရွက်နေခြင်းဖြစ်ပြီး ကုမ္မဏီမှ စီမံကိန်းအဆောက်အဦးများ တစ်ဦးတည်းစီမံအုပ်ချုပ်ခွင့်အဖြစ် သက်တမ်းနှစ်(၇၀) ရရှိမည်ဖြစ်သည်ဟု ဝန်ကြီးဦးဇာနည်အောင်က ပြောသည်။

Mixed-Use Development စီမံကိန်း အကောင်ထည်ဖော်မည့် မြေနေရာသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက် ၆၉လမ်းနှင့် လမ်း၇၀ကြား၊ သိပ္ပံလမ်းနှင့် ပိတောက်လမ်းကြားဖြစ်ပြီး စုစုပေါင်း မြေအကျယ် (၅.၆၆၅၂)ဧက ဖြစ်ကာ ယင်းမြေနေရာကို ၁၉၉၅တွင် မြို့ကွက်သစ်အဖြစ် အကွက်ရိုက်ဖော်ထုတ်ထားခြင်းဖြစ်သည်။ ယင်းမြေနေရာသည် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် Mandalay Investment and Development Group Limited တို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် Mandalay Convention and Commercial Complex (MCCC) စီမံကိန်း ဆောင်ရွက်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့သည့် မြေ(၁၄)ဧကကျော်တွင် ပါဝင်ခဲ့သော်လည်း တိုင်းအစိုးရအမည်ပေါက်အဖြစ် ပြန်လည်ရယူခဲ့ခြင်းဖြစ်သည်ဟု ဦးဇာနည်အောင်က မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ပြောသည်။

“ ဒီနေရာမှာ နိုင်ငံတကာ ခေတ်မီအဆောက်အဦးတွေ ရရှိလာဖို့၊ ဒီစီမံကိန်းအားဖြင့် လူငယ်တွေဟာ ပြည်တွင်းပြည်ပ နည်းပညာအသစ်တွေ မျှဝေနိုင်တဲ့ Invonation centre၊ ခေတ်မီပညာရေးကို ပံ့ပိုးနိုင်တဲ့ Education centre၊ မြို့နေလူထုက ကျန်းမာရေး လူမှူရေးကို အစုလိုက်အပြုံလိုက် လှုပ်ရှားဆောင်ရွက်နိုင်တဲ့ Community Centreတွေ ပါဝင်တဲ့ Mixed – Use development Project ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်”ဟု ဦးဇာနည်အောင်က ပြောသည်။

စီမံကိန်းစတင်လုပ်ကိုင်ရန် ၂၀၁၇ဒီဇင်ဘာတွင် စိတ်ဝင်စားမူ အဆိုပြုလ့ာ ခေါ်ယူခြင်း၊  နိုင်ငံတကာအကြံပေးကုမ္မဏီငှားရမ်း၍ စိစစ်ခြင်းနှင့် ၂၀၁၈ ဇူလိုင်တွင် နောက်ဆုံးအဆင့် တင်ဒါခေါ်ယူခြင်းများ လုပ်ဆောင်ခဲ့ရာ Mandalay Taungthaman Development ကုမ္မဏီက ပြိုင်ဘက်မရှိ တစ်ဦးတည်းတင်ဒါတင်သွင်းသူအဖြစ်ဖြင့် စီမံကိန်းလုပ်ကိုင်ခွင့် ရရှိခဲ့သည်ဟု ဦးဇာနည်အောင်က ပြောသည်။

တိုင်းအစိုးရနှင့် Mandalay Taungthaman Development ကုမ္မဏီတို့ကြား စီမံကိန်းမြေဧရိယာ ပိုင်ဆိုင်မူနှင့်ပါတ်သက်၍ လာမည့်ဧပြီလနောက်ဆုံးထားကာ သဘောတူစာချုပ်ချုပ်ဆိုမည်ဟု ၎င်းက ပြောသည်။

စီမံကိန်း တည်ဆောက်မူ ကုန်ကျစရိတ်မှာ ကျပ်ငွေ(၉၀)ဘီလီယံ ဖြစ်ပြီး စီမံကိန်းစတင်လည်ပါတ်ချိန်မှ တစ်လအတွင်း ကုမ္မဏီမှ မြေအသုံးချစရိတ်အဖြစ် ကျပ်သန်း(၂၀၀၀)ကို တိုင်းအစိုးရအဖွဲ့ထံ ပေးသွင်းရမည်ဖြစ်သည်။ ထို့အပြင် စီမံကိန်းတွင် ပါဝင်လာမည့် ဈေးဝယ်စင်တာများ ငှားရမ်းခအဖြစ် ကုမ္မဏီမှ တိုင်းအစိုးရသို့ နှစ်စဉ် ကျပ်သန်း(၁၀၀၀) ပေးသွင်းရမည်ဖြစ်သလို Retail Mall (လက်လီအရောင်းစင်တာ) ငှားရမ်းခမှ အသားတင်အမြတ်ငွေ၏ (၅)ရာခိုင်နှုန်းကိုလည်း တိုင်းအစိုးရမှ ရရှိမည်ဟု ဆိုသည်။

ကုမ္မဏီသည် လူနေအိမ်ခန်းများနှင့် ဈေးဆိုင်ခန်းများကို အပျောက်ရောင်းချခွင့် ရရှိမည်ဖြစ်သလို စီမံကိန်း၏ Commercial Component  နှင့် Residential Component တို့အတွက် တစ်ဦးတည် စီမံအုပ်ချုပ်ခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမူကော်မရှင်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း နှစ်(၅၀)နှင့် ထပ်ဆောင်း (၁၀)နှစ် နှစ်ကြိမ် စုစုပေါင်း နှစ်(၇၀) ရရှိမည်ဖြစ်သည်။ ထို့အပြင် ကုမ္မဏီမှ စုပေါင်းအိမ်ယာပိုင်ဆိုင်မူ ဥပဒေအရ လူနေအိမ်များအတွက် မြေယာပိုင်ဆိုင်ခွင့် ရရှိမည်ဖြစ်သည်ဟု ဆိုသည်။

Mandalay Taungthaman Development ကုမ္မဏီသည် ရန်ကုန်တိုင်းအခြေစိုက် ပြည်တွင်းကုမ္မဏီတစ်ခုဖြစ်ပြီး ၂၀၁၇ အောက်တိုဘာ(၃၁)ရက်တွင် တရားဝင်မှတ်ပုံတင်ခဲ့ခြင်းကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမူနှင့် ကုမ္မဏီများညွှန်ကြားမူ ဦးစီးဌာန၏ ဝက်ဘ်ဆိုဒ် (DICA)တွင် ဖော်ပြထားသည်။

မန္တလေးမြို့တွင် တည်ဆောက်မည့် Mixed-Use Development စီမံကိန်း အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့က တိုင်းလွှတ်တော်သို့ တင်ပြခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခွင့်မရရှိခဲ့ပေ။

“ဒါနဲ့ ပါတ်သက်လို့ ကျွန်တော်တို့ ဘာမှ ဆွေးနွေးခွင့်မရခဲ့ပါဘူး”ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ဓါတ်ပုံ – Mixed-Use Development စီမံကိန်း ပုံစံငယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်