လူကုန်ကူးမူ လျှော့ကျရေး “ထီ” အရောင်းဆိုင်များနှင့်ချိတ်ဆက်၍ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ယခုနှစ် (၆)လအတွင်း ရဲတပ်ဖွဲ့မှ ဖော်ထုတ်နိုင်သည့် လူကုန်ကူးမူ (၁၂၆)မူရှိခဲ့ပြီး ရှမ်း၊ ရန်ကုန်နှင့် မန္တလေးတိုင်းတို့တွင် အများဆုံးဖြစ်

ထက်အောင်၊ ဇူလိုင်-၄

လူကုန်ကူးမူ လျှော့ကျရေး အသိပညာပေး လက်ကမ်းစာစောင်များကို မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်ဒေသများ၊ ဝေးလံဒေသများအထိ ရောက်ရှိစေရန် အောင်ဘာလေထီ အရောင်းဆိုင်များ၊ ထီအရောင်းကိုယ်စားလှယ်များနှင့် ချိတ်ဆက်ကာ ဖြန့်ဝေလျှက်ရှိကြောင်း လူကုန်ကူးမူ တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ ဒု-ရဲမှူးကြီးသက်နောင်က ပြောသည်။

ထိုသို့ ထီဆိုင်များနှင့်ချိတ်ဆက်၍ လူကုန်ကူးမူ လျှော့ကျရေး အသိပညာပေး လက်ကမ်စာစောင်ဖြန့်ဝေခြင်းကို ၂၀၁၈ကတည်းက စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိတွင်  “မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ” ထီဆိုင်နှင့် ချိတ်လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။

“မိုးယံက တာဝန်ရှိသူနဲ့ချိတ်ဆက်ပြီး လက်ကမ်းစာစောင် ဖြန့်ဝေတာလုပ်ချင်တယ်လို့ ပြောတယ်။ သူတို့ကလည်း လက်ခံတယ်။ ကူညီမယ်ပြောတယ်။ ထီကားတွေ၊ ဆိုင်ကယ်တွေက နယ်ဘက်အထိရောက်တယ်။ သူတို့ဆီက ဖြန့်ဝေတာ ဒေသတော်တော်များများကို ပြန့်တယ်”ဟု ဒုရဲမှူးကြီးသက်နောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈အတွင်း ထီဆိုင်များနှင့်ချိတ်ဆက်၍ လူကုန်ကူးမူ လျှော့ကျရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို  စစ်ကိုင်းတိုင်းဒေသကြီးတွင် ဦးစားပေးလုပ်ဆောင်ခဲ့ပြီး ၎င်းဒေသတွင် နယ်စပ်ဖြတ်ကျော် အလုပ်လုပ်ကိုင်မှု များပြားနေသည့်အတွက်  နယ်စပ်ဖြတ်ကျော်အလုပ်လုပ်ကိုင်မှုသည် တရားမဝင်ဖြစ်ကြောင်း၊ လူကုန်ကူးခံရနိုင်ကြောင်း အသိပညာပေးနေခြင်းဖြစ်သည်ဟု ဒုရဲမှူးကြီးသက်နောင်က ဆိုသည်။

ထို့အပြင် လူကုန်ကူးမှုနှင့်ပတ်သက်၍ အသိပညာပေးမှုများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေပြီး ရဲတပ်ဖွဲ့မှ အသိပညာပေး ဟောပြောပွဲများ လုပ်ဆောင်ခြင်း၊ ထီဆိုင်များ၊ ထီအရောင်းကိုယ်စားလှယ်များနှင့် ချိတ်ဆက်လုပ်ဆောင်နေခြင်း အပါအဝင် အခြားအဖွဲ့အစည်း အများအပြားနှင့်လည်း ချိတ်ဆက်လုပ်နေသည်ဟု ၎င်းက ပြောသည်။

“ဆေးရုံတွေကနေလည်း ဖြန့်ဝေတယ်။ အဓိက ကျေးလက်နေပြည်သူတွေ အားကိုးအားထားပြုရတဲ့ ဆေးရုံတွေကနေ ဝေတယ်။ ရခိုင်မှာဆိုရင် ပရဟိတအသင်းတွေနဲ့ ဆောင်ရွက်တယ်၊ မကွေးမှာလည်း ဆောင်ရွက်ခဲ့တယ်။ ကချင်မှာဆိုလည်း ခရစ်ယာန်တရားဟောဆရာတွေနဲ့ ချိတ်ဆက်ပြီးတော့ စစ်ဘေးရှောင်စခန်းတွေကတစ်ဆင့် ဖြန့်ဝေခဲ့တယ်”ဟု ဒုရဲမှူးကြီးသက်နောင်က ပြောသည်။

ယခုနှစ် ဇန်နဝါရီမှ ဇွန်လကုန်အထိ (၆)လအတွင်း မြန်မာနိုင်ငံတွင် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ် (၁၂၆)မှု ရှိခဲ့သည်။ အဆိုပါ လူကုန်ကူးမူ ဖြစ်စဉ်များအတွင်း ရဲတပ်ဖွဲ့မှ ကယ်တင်နိုင်ခဲ့သူ ကျား(၁၆)ဦး၊ မ(၁၂၄)ဦးနှင့် ကလေး(၂၄)ဦး စုစုပေါင်း (၁၆၄)ဦး ရှိခဲ့သည်ဟု မြန်မာနိုင်ငံ လူကုန်းကူးမူ တားဆီးရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

အဆိုပါ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် လူကုန်ကူးမူများတွင် အများဆုံးပါဝင်ခဲ့သည့် ပြည်နယ်မှာ ရှမ်းပြည်နယ်ဖြစ်ပြီး (၃၆)မှုအထိ ရှိခဲ့ကာ ရန်ကုန်တိုင်းမှ (၃၂)မှုနှင့် မန္တလေးတိုင်းတွင် (၁၆)မှု ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လူကုန်ကူးမူများအနက် အများဆုံးဦးတည်သည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး အဓိကအားဖြင့် မြန်မာအမျိုးသမီးများအား တရုတ်အမျိုးသားများနှင့် အဓမ္မ ထိမ်းမြားလက်ထပ်စေရန် လူကုန်ကူခြင်းဖြစ်သည်။ ယခုနှစ် (၆)လအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် လူကုန်ကူးမူ (၁၂၆)မူအနက် (၁၀၇)မှုမှာ တရုတ်နိုင်ငံသို့ ဦးတည်သည့် လူကုန်ကူးမူများဖြစ်ကြောင်း လူကုန်တားရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ လူကုန်တားရဲတပ်ဖွဲ့အနေဖြင့် လူကုန်ကူးမှုနှင့်ပတ်သက်သည့် အသိပညာပေးမှုများကို နည်းလမ်းပေါင်းစုံနှင့် လုပ်ဆောင်မည်ဖြစ်ပြီး  အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေလိုကြောင်း ဆက်သွယ်လာသူများရှိပါကလည်း နေရာဒေသမရွေး ပေးပို့နေကြောင်း ဒုရဲမှူးကြီး သက်နောင်က ပြောသည်။

လူကုန်ကူးမူ တားဆီးရေး ရဲတပ်ဖွဲ့ဝင်များမှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေနေစဉ်။ ဓါတ်ပုံ – လူကုန်တားရဲတပ်ဖွဲ့။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်