အပျင်းပြေကံစမ်းသည့်သဘော မဖြစ်စေရန် မန္တလေး တန်ဘိုးမျှအိမ်ယာ ဝယ်ယူခွင့်ရသူများ ကျပ်(၅)သိန်း စပေါ်ငွေပေးသွင်းရမည်

မောင်မင်းမော် ၊ ဇူလိုင်- ၄

ကျပ်သိန်း(၂၀၀)ကျော်တန် မန္တလေး မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းများကို ဝယ်ယူခွင့်ရသူများအနေဖြင့် အာမခံကြေးငွေ ကျပ်ငါးသိန်း ကြိုတင်ပေးသွင်းရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

”တချို့က အပျင်းပြေ ကံစမ်းတဲ့သဘောမျိုးနဲ့ပဲ ဝင်ပြီးတော့ မဲနှိုက်ပြီးတော့မှ  မယူဘဲနဲ့ ထားတဲ့အခါမှာ အမှန်တကယ် နေချင်တဲ့သူတွေအတွက် မနစ်နာအောင် ဆောင်ရွက်တာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

အာမခံကြေးငွေ ကျပ်ငါးသိန်းကို ရတနာပုံဘဏ်သို့ ကြိုတင်ပေးသွင်းရမည်ဖြစ်ကာ တိုက်ခန်းဝယ်ယူခွင့် မဲပေါက်ပြီး ဝယ်ယူခြင်းမရှိပါက ယင်းအာမခံကြေးငွေကို စည်ပင်သာယာမှ သိမ်းယူမည်ဖြစ်သည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် စည်ပင်သာယာမှ အကောင်အထည်ဖော် တည်ဆောက်ထားသည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်း(၅၄၂)ခန်းကို မန္တလေးခရိုင်အတွင်း နေထိုင်သည့် ကိုယ်ပိုင်အိမ်ယာ မရှိသည့် အရပ်ဘက်နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းအငြိမ်းစားများအတွက် ရောင်းချပေးမည်ဖြစ်သည်။

ရောင်းချပေးမည့်တိုက်ခန်းအရေအတွက် (၅၄၂)ခန်းသာ ရှိသော်လည်း တိုက်ခန်းဝယ်ယူခွင့်ရရေး လျှောက်ထားရန် လျှောက်လွှာဝယ်ယူသူ (၁၆၃၃)ဦးအထိ ရှိနေသည်။ တိုက်ခန်းဝယ်ယူခွင့် လျှောက်လွှာများကို ဇူလိုင်(၁၄)ရက်နောက်ဆုံးထားကာ တင်သွင်းရမည်ဖြစ်ပြီး ဇူလိုင်လမကုန်မီ မဲနှိုက်ရောင်းချပေးမည်ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။

မြရည်နန္ဒာတန်ဘိုးမျှ တိုက်ခန်းများကို အမှန်တကယ်နေထိုင်လိုသည့် ဝန်ထမ်းများ ရရှိစေရန် စနစ်တကျ လုပ်ဆောင်မည်ဖြစ်ပြီး တိုက်ခန်းဝယ်ယူခွင့် ရရှိသူအနေဖြင့် ကိုယ်တိုင်နေထိုင်ရမည်ဖြစ်သည်။ လွဲပြောင်းရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက တိုက်ခန်းကို ပြန်လည်သိမ်းယူမည်ဖြစ်သလို အမည်ပျက်စာရင်း,(Black List)သွင်းကာ တိုက်ခန်းလျှောက်လွှာ ထပ်မံတင်ခွင့် ရပ်ဆိုင်းခံရမည်ဖြစ်ကြောင်း စည်ပင်သာယာမှ ထုတ်ပြန်ထားသည်။

မြရည်နန္ဒာ တန်ဘိုးမျှတအိမ်ယာ တိုက်ခန်းများမှ တစ်ခန်းလျှင် (၆၆၁)စတုရန်းပေ ကျယ်ဝန်းပြီး အာရ်စီ(၄)ခန်းတွဲ (၆)ထပ်ဆောင်များ ဖြစ်သည်။ မြေညီထပ် တစ်ခန်းလျှင် ကျပ်(၂၆၇)သိန်းကျော်၊ ပထမထပ် ကျပ်(၂၄၇)သိန်းကျော်၊ ဒုတိယထပ် ကျပ်(၂၂၆)သိန်းကျော်၊ တတိယထပ် ကျပ်(၂၁၆)သိန်းကျော်၊ စတုတ္ထထပ် ကျပ်(၂၀၆)သိန်းကျော်နှင့် မဉ္စမထပ် ကျပ်(၁၉၅)သိန်းကျော် ဈေးနှုန်းသတ်မှတ်ထားသည်။

၂၀၁၈ သြဂုတ်လအတွင်းက မြရည်နန္ဒာတန်ဘိုးမျှတအိမ်ယာ တိုက်ခန်း (၆၇၀)ကျော်ကို ပထမအသုတ် မဲနှိုက်ရောင်းချခဲ့ရာတွင် ဝယ်ယူလိုသူ တစ်သောင်းကျော်အထိ ရှိခဲ့သော်လည်း မဲပေါက်၍ တိုက်ခန်းဝယ်ယူခွင့် ရရှိသူများအနက် ပြန်လည်အပ်နှံသော တိုက်ခန်းနှင့် ပိုင်ရှင်များမှ မဆက်သွယ်၍ ပြန်လည်သိမ်းယူထားသော တိုက်ခန်း (၈၆)ခန်းအထိ ရှိခဲ့သည်ဟု စည်ပင်သာယာ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

မြရည်နန္ဒာ တန်ဘိုးမျှအိမ်ယာတိုက်ခန်းများ။ ဓါတ်ပုံ – YeLwin FB.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်