မောင်မင်းမော် ၊ ဇူလိုင်- ၃
အာဇာနည်နေ့မတိုင်မီ သုံးရက်ကြိုတင်၍ မန္တလေးတိုင်းအတွင်း၌ တောရောမြို့ပါမကျန် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ၊ အာဇာနည်နေ့နှင့်သက်ဆိုင်သည့် အကြောင်းအရာများနှင့် ဂုဏ်ပြုတေးသီချင်းများကို အသံချဲ့စက်ဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
အာဇာနည်နေ့အကြို အသံချဲ့စက်ဖွင့်ရာတွင် အသံချဲ့စက် ဥပဒေနှင့်အညီ ဖွင့်ရမည်ဟု ၎င်းက ဆိုသည်။
“ဒီနှစ်ကတော့ ထူးထူးခြားခြားပေါ့၊ ဇူလိုင် ၁၆၊ ၁၇၊ ၁၈ သုံးရက်မှာ ဗိုလ်ချုပ်မိန့်ခွန်းတွေရော၊ အာဇာနည်နေ့နဲ့ သက်ဆိုင်တဲ့ တေးသီချင်းတွေရော တိုင်းအတွင်းမှာရှိတဲ့ ထွေ၊အုပ်ရုံးတွေမှာ ကြိုဖွင့်မယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေအထိ အားလုံးပါမယ်။ သက်ဆိုင်ရာ အသံချဲ့စက်ဥပဒေနဲ့အညီ ဖွင့်ရမှာ ဖြစ်ပါတယ်၊ ပြန်၊ဆက်ရုံးတွေ အားလုံးမှာလည်း ရုံးချိန်အတွင်းမှာ ဖွင့်စေချင်တယ်။ ၁၈ရက် ညက စတင်ပြီး LED ဘုတ်တွေမှာ ပြမယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် အာဇာနည်နေ့နှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သည့် ဖက်ဒရယ်စနစ်နှင့် ဗိုလ်ချုပ်၏ သဘောထားကို တိုင်းရင်းသားပြည်သူများ သိရှိနိုင်ရန် တိုင်းရင်းသားဘာသာဖြင့်လည်း လက်ကမ်းစာစောင်များ ဖြန့်ဝေလိုသည် ၎င်းက ဆိုသည်။
“အာဇာနည်နေ့နဲ့ ဗိုလ်ချုပ်နဲ့ ပတ်သက်တာအားလုံး ဒီထက်ပိုပြီး လူထုထဲမှာ စိမ့်ဝင်စေချင်လို့ပါ၊ အာဇာနည်နေ့နဲ့ပတ်သက်လို့လည်း လူထုကြားမှာ ယနေ့အထိ ဘယ်လိုရှိသလဲ၊ ဗိုလ်ချုပ်အပေါ်မှာ အလေးနက်ထားသေးလား ဆိုတာမျိုးလည်း သိချင်ပါတယ်၊ ပြည်သူကို Awareness ပေးနိုင်ဖို့ လည်းလိုပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။
ဇူလိုင်(၁)ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနာယကလည်းဖြစ်သူ ၎င်းက အထက်ပါအတိုင်း ပြောကြားကြောင်း တိုင်းအစိုးရက သတင်းထုတ်ပြန်သည်။
ထို့အပြင် မန္တလေးစည်ပင်သာယာ နယ်နမိတ်အတွင်းရှိ မြို့နယ်၊ရပ်ကွက်များတွင်လည်း အာဇာနည်နေနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ပြည်သူလုထု ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်ရန် LED တီဗွီ မှန်ပြင်သုံးဘက်ပါသည့် မော်တော်ယဉ်ဖြင့် လှည့်လည်ပြသရန် စီစဉ်ထားကြောင်း မန္တလေးစည်ပင်ကော်မတီမှ သတင်းရရှိသည်။
ဇူလိုင်(၁၉)တွင် ကျရောက်မည့် (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် နံနက်ပိုင်း၌ အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ မန္တလေးမြို့တော်ခန်းမတွင် သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ မန္တလာသီရိ အားကစားကွင်းတွင် လွမ်းသူ့ပန်းခွေချခြင်း၊ အလေးပြုခြင်းများ ပြုလုပ်မည်ဖြစ်သလို မန္တလေးတိုင်းအတွင်း မြို့နယ်၊ရပ်ကွက်များတွင်လည်း မီးသတ်ဥသြဆွဲခြင်း၊ ဆွမ်းဆက်ကပ်ခြင်း၊ အာဇာနည် ခေါင်းဆောင်ကြီးများနှင့် အာဇာနည်နေ့အကြောင်း ဟောပြောခြင်း၊ ဝမ်းနည်းခြင်းအထိမ်း နိုင်ငံတော်အလံအား တိုင်တစ်ဝက်လွှင့်ထူခြင်းများ ပြုဆောင်မည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းများ၊ လူမူအသင်းအဖွဲ့များမှလည်း အာဇာနည်နေ့အခမ်းအနားများ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အာဇာနည်နေ့အခမ်းအနားကျင်းပရေး ညှိနှိုင်းအစည်းအဝေး ကျင်းပစဉ်။ ဓါတ်ပုံ – mdyregion.gov