ညံ့တဲ့ကျောင်းသား တော်ရမည်၊ တော်တဲ့ကလေး ထူးချွန်စေရမည်ဟု ကြော်ငြာကာ ကျောင်းအပ်လက်ခံခဲ့ပြီး လပတ်စားမေးပွဲကျ၍ ကျောင်းသားမိဘက စားသုံးသူရေးရာဌာနသို့ တိုင်ကြားခဲ့ခြင်းဖြစ်
ထက်အောင်၊ မေ-၇
ညံ့တဲ့ကလေး တော်စေရမည်၊ တော်တဲ့ကလေး ထူးချွန်စေရမည်၊ ထူးချွန်တဲ့ကလေး ဂုဏ်ထူးတွေ ဝေဆာစေရမည်ဟု ကြော်ငြာကာ ကျောင်းအပ်လက်ခံခဲ့သည့် မန္တလေးမြို့မှ ပုဂ္ဂလိကကျောင်းတစ်ကျောင်း သည် ဆယ်တန်းကျောင်းသားတစ်ဦး လပတ်စာမေးပွဲများတွင် အောင်မြင်မှုမရှိသဖြင့် ကျောင်းဝင်ကြေးကျပ်သိန်း(၂၀) ပြန်လည်ပေးလျော်ခဲ့ရသည်ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ သတင်းရရှိသည်။
ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှ အထက်ပါအတိုင်း ကြော်ငြာသည့်အတွက် ကျောင်းအပ်ခဲ့သော်လည်း ကျောင်းသားတစ်ဦးမှာ လပတ်စာမေးပွဲများတွင် တစ်ဘာသာ၊နှစ်ဘာသာ ကျရှုံးမှုများဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ ထို့အတွက် ကျောင်းသားမိဘက ကျောင်းတာဝန်ရှိသူများနှင့် ညှိနိုင်းဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရသဖြင့် စားသုံးသူရေးရာဌာနသို့ တိုင်ကြားခဲ့ရာမှ ကျောင်းဝင်ကြေးပြန်လည်ပေးလျော်ခဲ့ရခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်ခင်မြင့်မြင့်သန်းက ပြောသည်။
“ဒီဝန်ဆောင်မှုကြော်ငြာအပေါ်မှာ စားသုံးသူက ယုံကြည်မှုရှိပြီးတော့ သူ့ကလေးကို ဒီကျောင်းမှာ အပ်လိုက်တယ်။ အပ်လိုက်တဲ့အခါမှာ ကလေးက စာမေးပွဲကျတာတွေ ဖြစ်လာတော့ ကျောင်းသားမိဘက ကျောင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးတယ်။ ဆွေးနွေးလို့ အဆင်မပြေဖြစ်တဲ့အခါ စားသုံးသူရေးရာကိုတိုင်တယ်။ တိုင်တဲ့အချက်အလက်တွေကလည်း မှန်ကန်တယ်၊ ဥပဒေနဲ့ငြိတဲ့အတွက် ဒီကျောင်းက ကျောင်းဝင်ကြေးသိန်း(၂၀)ကို ပြန်လျော်ပေးလိုက်ရတယ်”ဟု ဒေါ်ခင်မြင့်မြင့်သန်းက ပြောသည်။
ယင်းမှာ ပြီးခဲ့သည့်ပညာသင်နှစ် ၂၀၁၈ အောက်တိုဘာက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အထက်ပါ ပုဂ္ဂလိကကျောင်းသည် မန္တလေးမြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် ကျောင်းဖြစ်ကာ ကျောင်းသားမှာ တက္ကသိုလ်ဝင်တန်းတက်ရောက်နေသူဖြစ်သည်။
“ဝန်ဆောင်မှုပေးတဲ့နေရာမှာ အလွန်အကျူး ကြော်ငြာလို့မရဘူး။ ကြော်ငြာထားတယ်ဆိုရင်လည်း ကြော်ငြာတဲ့အတိုင်း ဝန်ဆောင်မူပေးရမယ်” ဟု ဒေါ်ခင်မြင့်မြင့်သန်းက ပြောသည်။
ပညာရေးဝန်ဆောင်မှု၊ ခရီးသွားဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု၊ စားသုံးမှုဝန်ဆောင်မှု အပြင် အခြားဝန်ဆောင်မှုအမျိုးမျိုးအတွက် စားသုံးသူမှ မကျေနပ်မူများ ရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည်။
????????????????????????????????????
ဝန်ဆောင်မူပေးသည့် သက်ဆိုင်ရာ စီးပွားရေးုလုပ်ငန်းရှင်များအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမူ မရှိခြင်း၊ စားသုံးသူများအနေဖြင့် မကျေနပ်မူများ ရှိပါက တိုင်းနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ထားသည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center – CICC)သို့ အချက်အလက်အပြည့်စုံဖြင့် လာရောက် တိုင်ကြားနိုင်သလို စားသုံးသူရေးရာဌာန ဝက်ဘ်ဆိုဒ်နှင့် DOCA Myanmar မိုဘိုင်းအက်ပလီကေးရှင်းများမှလည်း တိုင်ကြားနိုင်သည်ဟု စားသုံးသူရေးရာဦးစီးဌာနက ကြေညာထားသည်။
မန္တလေးတိုင်းဒေသကြီး CICC ကို ၂၀၁၇ ဇွန်လတွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်ထိ တိုင်ကြားမှု ၁၀၀ကျော်ရှိခဲ့ကာ ဆက်သွယ်ရေးဝန်ဆောင်မူ၊ စားသုံးသူဝန်ဆောင်မူ၊ ခရီးသွားဝန်ဆောင်မူနှင့် ပညာရေးဝန်ဆောင်မူများနှင့်ပါတ်သက်၍ အများဆုံးတိုင်ကြားသည်ဟု ဆိုသည်။
၂၀၁၈ အောက်တိုဘာမှ ၂၀၁၉ ဧပြီထိ မန္တလေး CICC သို့ စားသုံးသူများမှ တိုင်ကြားမှု (၄၃)ခုရှိခဲ့ပြီး (၃၅)ခု ဖြေရှင်းပြီးဖြစ်ကြောင်း ဒေါ်ခင်မြင့်မြင့်သန်းက ပြောသည်။
အဆိုပါ တိုင်ကြားမူများအနက် အများစုကို နစ်နာမူအတွက် ပြန်လည်ပေးလျှော်စေခဲ့ပြီး ထောင်ဒဏ်ချမှတ်မှု တစ်မှုရှိခဲ့ကာ ယင်းမှာ ကျောက်ဆည်မြို့မှ အချိုရည်အတုပြုလုပ်သူတစ်ဦးကို ထောင်ဒဏ် (၁၅)ရက်နှင့် ငွေဒဏ်ကျပ်တစ်သိန်းချမှတ်ခဲ့ခြင်းဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသားများ (ဓါတ်ပုံ – ပညာရေးဝန်ကြီးဌာန)