ခွေးလေခွေးလွင့်များကို မန္တလေးစည်ပင်က ရှင်းလင်းသုတ်သင်မည်

မန္တလေးမြို့တွင် လမ်းဘေးခွေးကောင်ရေ တစ်သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး တစ်နှစ်ကျော်အတွင်း ခွေးကိုက်ခံရသူ (၇၀၀၀)ဦးခန့်ရှိ

ထက်အောင်၊ ဧပြီ-၂၈

မန္တလေးမြို့တွင် ခွေးလေခွေးလွင့်များ တိုးပွားများပြားလာသည့်အတွက် စည်ပင်သာယာမှ ဦးဆောင်ကာ ရှင်းလင်းသုတ်သင်မည်ဖြစ်ကြောင်း မြို့တော်ဝန်ဒေါက်တာရဲလွင်က ပြောသည်။

ခွေးလေခွေးလွင့်များ သုတ်သင်ရှင်းလင်းရာတွင် တစ်မြို့လုံး ပိုက်စိပ်တိုက် သုတ်သင်ရှင်းလင်းမည်မဟုတ်သေးဘဲ ရှင်းလင်းလိုသည့်ရပ်ကွက်များမှ စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနသို့ ဆက်သွယ်တောင်းဆိုနိုင်ပြီး ယင်းတောင်းဆိုသည့် ရပ်ကွက်များကို ဦးစားပေးရှင်းလင်းမည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်တွင် ရေးသားထားသည်။

မန္တလေးမြို့တွင် ခွေးလေခွေးလွင့် အကောင်ရေ တစ်သိန်းခန့်ရှိနိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ခန့်မှန်းထားသည်။

မန္တလေးမြို့တွင် ခွေးလေခွေးလွင့်များ အလွန်များပြားလာပြီး တစ်ခြားနည်းလမ်းများဖြင့် ထိန်းချုပ်ရန် မလွယ်ကူသည့်အတွက် ရှင်းလင်းသုတ်သင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

သို့သော် မည်သည့်နည်းလမ်း အသုံးပြုမည်ကို မဆုံးဖြတ်ရသေးဟု ၎င်းက ဆိုသည်။

“ရှင်းလင်းမယ်ဆိုတာတော့ ဆုံးဖြတ်ပြီးပြီပေါ့နော်။ ဘယ်လိုရှင်းလင်းမယ်ဆိုတာတော့ အတိအကျမဆုံးဖြတ်နိုင်သေးဘူး။ ပြည်သူတွေက တောင်းဆိုတယ်ဆိုရင်တော့ တနည်းနည်းနဲ့ လုပ်ရမှာပါ”ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။

ယခင်က မန္တလေးရှိ ခွေးလေခွေးလွင့်များကို စည်ပင်သာယာမှ သုတ်သင်ရှင်းလင်းရာတွင် အစာကျွေးအဆိပ်ခတ်သည့် နည်းလမ်းကို အသုံးပြုခဲ့သည်။ စည်ပင်ကော်မတီသစ်လက်ထက်တွင် ခွေးလေခွေးလွင့်များကို ထိန်းချုပ်နိုင်ရန် ဆွေးနွေးတိုင်ပင်ခဲ့ပြီးနောက် အခြားနည်းလမ်း မရှိသည့်အတွက် သုတ်သင်ရှင်းလင်းမည်ဟု ဦးကျော်ဆန်းမြင့်က ဆိုသည်။

“သားဆက်ခြားမလား၊ ခွေးဂေဟာ ပို့မလားဆိုပြီးတော့ တိုင်ပင်ခဲ့ကြပေမယ့် နှစ်ခုလုံးက အဆင်မပြေဘူး။ သားဆက်ခြားတာကလည်း စရိတ်အရမ်းကြီးတယ်။ ဂေဟာကလည်း မဆံ့တော့တဲ့အနေအထား ရောက်နေပြီ” ဟု ၎င်းက ပြောသည်။

မန္တလေးရှိ ခွေးလေခွေးလွင့်များကို ရှင်းလင်းသုတ်သင်မည်ဖြစ်ကြောင်း မြို့တော်ဝန်၏ ရေးသားဖော်ပြချက်နှင့်ပတ်သက်၍ ဖေ့စ်ဘွတ်ခ်လူမူကွန်ယက်တွင် အပြန်အလှန် ငြင်းခုံဝေဖန်မူများ ရှိနေသည်။

“ခွေးးလေခွေးလွင့်ရှင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ စည်ပင်ကလည်း သူတို့လုပ်စရာရှိတဲ့အလုပ်ကို လုပ်တာပါ။ ကျွန်တော်ကလည်း ကျွန်တော်လုပ်စရာရှိတဲ့ အလုပ်ကိုဆက်လုပ်နေမှာပါ”ဟု စစ်ကိုင်းမြို့တွင် ခွေးဂေဟာဖွင့်လှစ်ထားကာ ခွေးကောင်ရေ (၆၀၀)ခန့်ကို ထိန်သိမ်းစောက်ရှောက်နေသည့် မစောသဲက ပြောသည်။

ခွေးသည် ပေါက်ဖွားနှုန်းမြန်ပြီး လူကို အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ပိုင်ရှင်မဲ့ လမ်းဘေးခွေးများကို သုတ်သင်ရှင်းလင်းသင့်ကြောင်း မန္တလေးမြို့မှ တိရိစ္ဆာဆေးကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာကျော်ထင်က ပြောသည်။

“ခွေးက ပေါက်ဖွားနှုန်းမြန်တယ်။ အရမ်းများလာရင် အန္တရာယ်ရှိတယ်။ သားဆက်ခြားတာတို့ ခွေးဂေဟာပို့တာတို့က အရေအတွက်နည်းမှ ထိန်းသိမ်းနိုင်တာ။ အခုက အရေအတွက်အရမ်းများနေပြီ။ အဲ့ဒီ နည်းလမ်းနဲ့မရတော့ဘူး။ ရှင်းတဲ့နည်းလမ်းနဲ့ပဲ လုပ်နိုင်တယ်။ ဘယ်လိုရှင်းမလဲဆိုတဲ့နည်းလမ်းတော့ ရွေးရမယ်။ ညင်သာနဲ့နည်းနဲ့ ရှင်းပစ်ဖို့လိုတယ်။ ညင်သာတဲ့နည်းဆိုတာက ဆေးထိုးတာဆို့ ဓာတ်ငွေ့နဲ့ရှင်းတာတို့ လုပ်ဖို့လိုတယ်။ မဟုတ်ရင် ခွေးလေခွေးလွင့်လျော့လာမှာ မဟုတ်တဲ့အတွက် လူတွေအတွက် အရမ်းအန္တရာယ်ရှိတယ်”ဟု ၎င်းက ပြောသည်။

ခွေးလေခွေးလွင့် ပြသနာမှာ မိုပိုကြီးမားလာပြီး ခွေးကိုက်ခံရမူကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနသို့ ရောက်ရှိလာသည့် လူနာ ၂၀၁၈တွင် (၅၆၉၀)ဦးနှင့် ၂၀၁၉ ပထမသုံးလတွင် (၁၂၂၈)ဦး ရှိသည်ဟု ဆေးရုံမှတ်တမ်းများကို ကိုးကား၍ မန္တလေးမြို့တော်ဝန်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

မန္တလေးမြို့ရှိ ခွေးလေခွေးလွင့် ပြဿနာ ဖြေရှင်းနိုင်ရန် ၂၀၁၈ နိုဝင်ဘာက တိရိစ္ဆာန်ချစ်သူများ၊ တိရိစ္ဆာန်ဆေးကုဆရာဝန်များဖြင့် တွေ့ဆုံပြီး သားဆက်ခြားရန်၊ ခွေးဂေဟာ ဆောက်လုပ်ရန် ဆွေးနွေးခဲ့ကြသော်လည်း ခွေးအကောင်ရေ များပြားသည့်အတွက် ယင်းသို့လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ ရှင်းလင်းသုတ်သင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု မြို့တော်ဝန်က ရှင်းလင်းထားသည်။

စည်ပင်သာယာမှ ခွေးဂေဟာ ဆောက်လုပ်မည့်အစီစဉ်မှာလည်း ကျွေးမွေးကုန်ကျစရိတ်များပြားပြီး ဘတ်ဂျက်ငွေ မလုံလောက်သည့်အတွက် ဆောက်လုပ်နိုင်တော့မည်မဟုတ်ကြောင်း မြို့တော်ဝန်က ဆိုသည်။

တချိန်ထဲမှာပင် မန္တလေးကျုံးပါတ်လည် ခွေးကျောင်းသူများအနေဖြင့်လည်း ခွေးချည်ကြိုး၊ ခွေးချေးကျုံးရန် ဂေါ်၊အိတ်နှင့် လက်အိတ်များ ယူဆောင်လာကြရန်နှင့် ယူဆောင်လာခြင်း မရှိပါက အရေးယူမည်ဟု မြို့တော်ဝန်က သတိပေးထားသည်။

စစ်ကိုင်းမြို့ရှိ ခွေးဂေဟာတွင် စောင့်ရှောက်ထားသော ခွေးများ (ဓါတ်ပုံ- Royal Heart : Cat Shelter, Dog Shelter & Animal Rescue – Mandalay FB )

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်