မန်းတိုင်းလွှတ်တော်နှင့် ဥပဒေပြုခြင်း အနုပညာ

(သက်တမ်းသုံးနှစ်ခွဲအတွင်း ဥပဒေသစ်တစ်ခုသာ ရေးဆွဲပြဌာန်းခဲ့သည့် မန္တလေးတိုင်းဒေသကြီး ဥပဒေပြုရေးမဏ္ဍိုင်အား လေ့လာဆန်းစစ်ခြင်း)

ဘုန်းနေ (Mandalay In-depth News)

မန္တလေးတိုင်း ဒေသကြီးလွှတ်တော်သည် လွှတ်တော်၏ အဓိက လုပ်ငန်းတာဝန် တစ်ရပ်ကို လုပ်ဆောင်နိုင်မူ အားနည်းနေကြောင်း လွှတ်တော်ဆိုင်ရာ အချက်အလက် မှတ်တမ်းများက ညွှန်းဆိုလျက်ရှိသည်။ဘုန်းနေ (Mandalay In-depth News)မန္တလေးတိုင်း ဒေသကြီးလွှတ်တော်သည် လွှတ်တော်၏ အဓိက လုပ်ငန်းတာဝန် တစ်ရပ်ကို လုပ်ဆောင်နိုင်မူ အားနည်းနေကြောင်း လွှတ်တော်ဆိုင်ရာ အချက်အလက် မှတ်တမ်းများက ညွှန်းဆိုလျက်ရှိသည်။

ဥပဒေပြုခြင်း၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများအား အပြန်အလှန် စောင့်ကြည့် ထိန်းကျောင်းခြင်းတို့သည် တိုင်းလွှတ်တော်၏ အဓိက လုပ်ငန်းတာဝန်များ ဖြစ်သည်။

၂၀၁၆ ဖေဖေါ်ဝါရီတွင် စတင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒသကြီး လွှတ်တော်သည် သက်တမ်း (၄၂)လ ကျော်လွန်လာချိန်အထိ မြေယာခွန် ဥပဒေ တစ်ခုတည်းသာ ရေးဆွဲပြဌာန်းခဲ့သည်ကို တွေ့ရသည်။ ယင်းဥပဒေကို ယခုနှစ် မေလတွင် အတည်ပြုပြဌာန်းခဲ့သည်။

ထို့အပြင် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်သည် ဥပဒေပြင်ဆင်သည့် အပိုင်းတွင်လည်း အရေအတွက် နည်းပါးပြီး ဥပဒေ နှစ်ခုကိုသာ ပြင်ဆင်ခဲ့သည်။ ၂၀၁၄ ခုနှစ် မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့် မန္တလေးတိုင်း ဒေသကြီး ယစ်မျိုးခွန် ကောက်ခံရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေတို့ကို ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်က ပြင်ဆင်ပြဌာန်းခဲ့သည်။

(မှတ်ချက် – ယခုဆောင်းပါးတွင် တိုင်းလွှတ်တော်မှ နှစ်စဉ် ပြဌာန်းအတည်ပြုသည့် ဒေသန္တရ စီမံကိန်း ဥပဒေများနှင့် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေများကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိပါ။ ထို့အပြင် တိုင်းလွှတ်တော်၏ ဥပဒေ ပြင်ဆင်၊ရေးဆွဲပြဌာန်းမူ အရေအတွက်ကိုသာ ဖော်ပြခြင်းဖြစ်ပြီး ဥပဒေ၏ အနှစ်သာရကို ဝေဖန်ဆန်းစစ်ခြင်း မဟုတ်ပါ။)

လက်ရှိ ကျင်းပနေသည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်သည် ပထမအကြိမ် တိုင်းလွှတ်တော်သက်တမ်း ငါးနှစ်နှင့် နှိုင်းယှဉ်ပါက ဥပဒေ ရေးဆွဲပြဌာန်းသည့် အရေအတွက် များစွာ လျော့နည်းနေသည်ကို တွေရှိရသည်။

ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် (၂၀၁၀-၂၀၁၅)သည် သက်တမ်းငါးနှစ်အတွင်း ဥပဒေ(၂၅)ခု ရေးဆွဲပြဌာန်းခဲ့ပြီး ဥပဒေ လေးခုကို ပြင်ဆင်နိုင်ခဲ့သည်။ လက်ရှိ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် (၂၀၁၅-၂၀၂၀)မှာ သက်တမ်း သုံးနှစ်ခွဲကျော်ကာလအတွင်း ဥပဒေတစ်တည်းခုသာ ရေးဆွဲပြဌာန်းထားပြီး ပြင်ဆင်ဖြည့်စွက်အတည်ပြုသည့် ဥပဒေမှာလည်း နှစ်ခုသာ ရှိသည်။

“ပထမအကြိမ်လွှတ်တော်သက်တမ်းကတော့ အသစ်ကာလဖြစ်တယ်။ အဲ့တာကြောင့် ဥပဒေတွေများများပြုတာဖြစ်တယ်။ အခုတော့မန္တလေးမြို့တော်စည်ပင်ဥပဒေကို ပြင်ဖို့လုပ်နေတယ်။ တခြား ပြင်ဖို့စီစဉ်နေတာတွေလည်း ရှိပါတယ်”ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ ပျော်ဘွယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး(ပြည်ခိုင်ဖြိုးပါတီ)က ပြောသည်။

သို့သော် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ဥပဒေရေးဆွဲ ပြဌာန်းနိုင်မူ နည်းပါးရခြင်းမှာ လွှတ်တော် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ အားနည်းချက်များကြောင့်လည်း ပါဝင်ကြောင်း ၎င်းက သုံးသပ်သည်။

“အတွေ့အကြုံအားနည်းတဲ့အတွက် ဥပဒေပြုနိုင်တဲ့အပိုင်းအားနည်းသွားတယ်ဆိုတဲ့ သဘောလည်း သက်ရောက်ပါတယ်”ဟု ဦးမြင့်စိုးက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ပုဒ်မ ၁၈၈ တွင် တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော်များသည် ဇယား(၂)တွင် ပါဝင်သော ဥပဒေပြုစာရင်းပါ ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး (သို့) ပြည်နယ် တဝန်းလုံးအတွက် သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသအတွက် သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့် ရှိသည် ဟု ရေးသား ဖေါ်ပြထားသည်။

ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၂၀၁၀-၁၅) သက်တမ်းအတွင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဇယား(၂)ပါ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ ဥပဒေပြုစာရင်းအရ တိုင်းလွှတ်တော်မှ ဥပဒေပြုနိုင်သည့် အရေအတွက်မှာ (၄၁)ခု သာ ရှိခဲ့ပြီး ယင်းတို့အနက် ဥပဒေ (၂၅)ခု ရေးဆွဲပြဌာန်းနိုင်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ခဲ့ရာ ဇယား(၂)ပါ တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေပြုစာရင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များမှ ဥပဒေပြုနိုင်သည့် ကိစ္စရပ် (၄၁)ခုမှ (၇၅)ခု အထိ ရှိခဲ့သည်။

ထို့အတွက် ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် (၂၀၁၅-၂၀၂၀)သည် ပထမအကြိမ်လွှတ်တော်ထက် ဥပဒေပြုနိုင်သည့် အရေအတွက် (၃၄)ခု ပိုမိုလာခဲ့သည်။ သို့သော် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၂)ပါ ဥပဒေပြုစာရင်း ကိစ္စရပ် (၇၅)ခုအနက် ဥပဒေတစ်ခု ရေးဆွဲအတည်ပြုခဲ့ပြီး၊ ဥပဒေပြင်ဆင်မူ နှစ်ခုသာ လုပ်ဆောင်ထားနိုင်သေးသည်။

Graph – Mandalay In-depth News
Graph – Mandalay In-depth news
Graph – Mandalay In-depth news

ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ဥပဒေအရေအတွက် (၂၅)ခုအထိ ရေးဆွဲပြဌာန်းနိုင်ခဲ့ခြင်းမှာ လွှတ်တော်ဥက္ကဌ၏ ကြိုးပမ်းဆောင်ရွက်မူများက အဓိကဖြစ်ခဲ့ကြောင်း သာစည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံထွန်း (ပြည်ခိုင်ဖြိုးပါတီ)က ပြောသည်။ (ဦးစံထွန်း သည် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် နှစ်ကြိမ်ဆက်တိုက် ရွေးကောက်ခံရသူ ဖြစ်သည်။)

 “ကျွန်တော်တို့တုန်း ကတော့ လွှတ်တော်ဥက္ကဌ က အဓိက Run (မောင်းနှင်သည်ကို ဆိုလို)တာပေါ့။ အခု လွှတ်တော်ဥက္ကဌကြီး ကတော့ Guide Line (လမ်းညွှန်) ပေးတာတော့ မရှိသလောက်ပဲဗျ”ဟု ဦးစံထွန်းက ပြောသည်။

ပထမအကြိမ် လွှတ်တော်တွင် ဥပဒေများ ပြင်ဆင်၊ ရေးဆွဲပြဌာန်းနိုင်ရန် လွှတ်တော်ဥက္ကဌမှ ဦးဆောင်ကာ လေ့လာခြင်း၊ ကိုယ်စားလှယ်များအား လေ့လာစေခြင်း၊ ရေးရာကော်မတီအလိုက် လေ့လာဆွေးနွေးစေခြင်းနှင့် ပြင်ပဥပဒေပညာရှင်များ ဖိတ်ကြားဆွေးနွေးခြင်းများ လုပ်ဆောင်သော်လည်း ယခု ဒုတိယအကြိမ်လွှတ်တော်တွင် အထက်ပါအချက်များ လုပ်ဆောင်မူ အားနည်းကြောင်း ၎င်းက ထောက်ပြသည်။

သို့သော် လက်ရှိ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦး က ၎င်းတို့အနေဖြင့် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲပြဌာန်းနေသလို ပြဌာန်းပြီး ဥပဒေများအား ခေတ်ကာလနှင့် လျှော်ညီစွာ ပြင်ဆင်ဖြည့်စွက်နိုင်ရန် ဆောင်ရွက်နေသည် ဟု ပြောသည်။

“လွှတ်တော်တစ်ခုဟာ ဥပဒေများများ ရေးဆွဲမှ အောင်မြင်တယ်လို့တော့ လက်မခံဘူး။ သမ္မတကြီးပြောသလို လိုအပ်တာရှိရင် ပြင်၊မလိုအပ်ရင်မပြင်နဲ့။ အရင်ဥပဒေကို အသုံးတည့်ရင်လည်းဆက်သုံး။ လောလောဆယ် ဥပဒေအချို့ မပြီးသေးတဲ့အတွက် ရှေ့ဆက်လုပ်ဖို့ ရည်ရွယ်ထားတာတော့ ရှိတာပေါ့။ ကြိုပြောဖို့ကလည်း မသင့်ဘူး။ ပြင်သင့်ပြင်ထိုက်တာ ပြင်ပါမယ်”  ဆိုသည်။

ထို့အပြင် လွှတ်တော်အနေဖြင့် လတ်တလော ရေးဆွဲ ပြင်ဆင်နေသည့် ဥပဒေများကို အမြန်ဆုံး ပြဌာန်းနိုင်ရန်လည်း ကြိုးပမ်းလုပ်ဆောင်လျက် ရှိကြောင်း ဦးအောင်ကျော်ဦးက ဆက်လက် ပြောသည်။

ယခုနှစ် အစောပိုင်းက ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် တိုင်းဒေသကြီးအတွက် လိုအပ်သော ဥပဒေကြမ်းများရေးဆွဲနိုင်ရန်နှင့် ပြဌာန်းပြီးသော ဥပဒေများအား ခေတ်နှင့် လျော်ညီစွာ ပြင်ဆင်ဖြည့်စွက်နိုင်ရေးအတွက် ဥပဒေများ လေ့လာသုံးသပ် ပြင်ဆင်ရေးဆွဲရေးအဖွဲ့ ဖွဲ့စည်းရန် လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦး ကိုယ်တိုင် တိုင်းလွှတ်တော်သို့ တင်သွင်းခဲ့ပြီး ကိုယ်စားလှယ်များ၏ သဘောတူညီချက်ဖြင့် ယင်းအဖွဲ့ကို အတည်ပြု ဖွဲ့စည်းခဲ့သည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အနေဖြင့် အသေးစားနှင့် လက်လုပ်လက်စား ကျောက်မျက်ရတနာ ဥပဒေကြမ်း၊  ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျပြေးဆွဲရေး ဥပဒေ နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေ၊ နည်းဥပဒေတို့ကို ရေးဆွဲပြဌာန်းနိုင်ရန် ပြင်ဆင် ဆောင်ရွက်လျှက်ရှိကြောင်း လွှတ်တော် မှတ်တမ်းများအရ သိရသည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ဥပဒေ ရေးဆွဲပြဌာန်းမူ နည်းပါးနေခြင်းနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး လွှတ်တော်၊ ဥပဒေပြုရေးရာ ကော်မတီ ဥက္ကဌ၊ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင် (NLD)က အောက်ပါအတိုင်း သုံးသပ်သည်။

“လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဥပဒေပြုဖို့ တာဝန်ရှိတယ် ဆိုတာ မိမိကိုယ် မိမိ ပထမဆုံး သိဖို့ လိုအပ်တယ်။  ဥပဒေပြုရေးအတွက် လက်ရှိ ရှိနေတဲ့ တည်ဆဲ ဥပဒေတွေကို လေ့လာရမယ်။ ဘယ်လို ဥပဒေတွေ ပြဌာန်းသင့်သလဲ ဆိုတာကိုလည်း လေ့လာရမယ်။ အဲဒါတွေမှ မသိရင် ဥပဒေ အသစ်ရေးဖို့လည်း စိတ်မဝင်စားနိုင်ဘူး”ဟု ၎င်းက ဆိုသည်။

ဥပဒေရေးဆွဲခြင်း ဆိုသည်မှာ ပညာရပ် တစ်ခုဖြစ်သောကြောင့် ဥပဒေ ရေးဆွဲနိုင်သော ပြင်ပပုဂ္ဂိုလ်များ ပါဝင်သည့် အဖွဲ့အစည်းမျိုး လွှတ်တော်တွင် ဖွဲ့စည်းထားရန်လိုအပ်ပြီး ထိုကဲ့သို့ ဥပဒေ ပညာရှင်များ ပါဝင်သည့် အဖွဲ့အစည်း မရှိခြင်းကြောင့်လည်း လွှတ်တော်၏ ဥပဒေပြုရေးအပိုင်းကို အားနည်းစေကြောင်း ဦးတင်အောင် က ဆက်လက် ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ချင်းစီ နောက်ကို ကြည့်လိုက်ရင် အခြေခံ အချက်အလက်တွေ လုပ်ပေးမယ့်သူ မရှိဘူး၊ ဥပဒေနဲ့ ပတ်သက်လို့ အကြံပေးမယ့်သူ မရှိဘူး၊ ဘာမှမရှိတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလုပ်တာကိုပဲ ကိုယ်စားလှယ် အလုပ်လို့ ထင်ပြီး ပြီးပြည့်စုံနေတယ်။ ဒါကြောင့်လည်း အားနည်းတယ်လို့ ထင်တယ်။ ဥပဒေကို ရေးဆွဲသင့်တယ်လို့ မြင်ပြန်တော့လည်း ဘယ်လိုရေးဆွဲရမယ် ဆိုတာ မသိပြန်ဘူး” ဟု ၎င်းက သုံးသပ်သည်။

Photo – Bhone Nay

အခြားတစ်ဖက်တွင်မူ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်၏ ဥပဒေပြုသည့် အရေအတွက် လျှော့နည်းသွားခြင်းတွင် ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ် အပြောင်းအလဲနှင့်လည်း သက်ဆိုင်မည်ဟု ယူဆကြောင်း ပျော်ဘွယ်မြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး (ပြည်ခိုင်းဖြိုးပါတီ)က ပြောသည်။

လက်ရှိလွှတ်တော်အနေဖြင့် ဥပဒေပြင်ဆင်၊ ပြဌာန်းခြင်းမပြုမီ လူထုနှင့်တွေ့ဆုံခြင်း၊ လူထုအသံကြားနာခြင်း (Public Hearing) များ ပြုလုပ်လျှက်ရှိရာ ထို့အတွက် အချိန်များစွာပေးရကြောင်း ၎င်းက ဆိုသည်။

“Public Hearing လုပ်ပြီးတော့မှ ပြင်တော့ပိုပြီးတော့ ကောင်းတယ်ပေါ့ဗျာ။ ပြည်သူ့အသံနားထောင်တယ်ပေါ့။ အဲ့လိုအယူအဆလည်းရှိတယ်။Public Hearing လုပ်တာကကြာတယ်ဗျ၊ အမှန်အတိုင်းပြောရရင်တော့။ အပြန်အလှန်ဆွေးနွေနေတာနဲ့ အများကြီးကြာတယ်”ဟု ဦးမြင့်စိုးက ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များမှ ရေးဆွဲပြဌာန်းသည့် ဥပဒေသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းသည့် ဥပဒေသော်လည်းကောင်း ဆန့်ကျင်နေလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အတိုင်း သို့မဟုတ် ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းသည့် ဥပဒေအတိုင်း  ကျင့်သုံးရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသည်။

ဥပဒေ ရေးဆွဲပြဌာန်းရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက အရင်ပြုသင့်သလား၊ ပြည်ထောင်စုက အရင်ပြုသင့်သလားဆိုသည့် စဉ်းစားချက်ကြောင့်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ဥပဒေပြုမှု အားနည်းနိုင်ကြောင်း လွှတ်တော် ရေးရာ လေ့လာစောင့်ကြည့်သူ  ဦးထင်ကျော်အေး (အာနန္ဒါ) က သုံးသပ်သည်။

ယင်းကဲ့သို့ စဉ်းစားချက်ရှိသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအနေဖြင့် ရပ်နေ၍ မရဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုကာ ဥပဒေများ ရေးဆွဲပြဌာန်းသင့်သည်ဟု ဦးထင်ကျော်အေး (အာနန္ဒါ) က ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အနေဖြင့် ဥပဒေပြုရေးအပိုင်း အားနည်းသလို လွှတ်တော်တွင်း အဆို၊ မေးခွန်း မေးမြန်းမူအပိုင်းတွင်လည်း အားနည်းချက်များ ရှိနေကြောင်း လေ့လာစောင့်ကြည့်သူအချို့က ပြောသည်။ လွှတ်တော်တွင်း အဆိုနှင့် မေးခွန်း မေးမြန်းမူ အားကောင်းလျှင်  တိုင်းအစိုးရအဖွဲ့နှင့် တရားစီရင်ရေးအဖွဲ့များအပေါ် ပိုမို စောင့်ကြည့် ထိန်းကျောင်းနိုင်သည့် သဘောသက်ရောက်ကြောင်း လွှတ်တော်အရေး လေ့လာစောင့်ကြည့်သူများက သုံးသပ်သည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်အား လေ့လာစောင့်ကြည့်နေသည့် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော ကနောင်အင်စတီကျူ့၏ မှတ်တမ်းများအရ ဒုတိယအကြိမ် မန္တလေးတိုင်းလွှတ်တော် ကျင်းပသည့် သက်တမ်းသုံးနှစ်ကျော်ချိန်အထိ လွှတ်တော်အတွင်း မေးခွန်းမမေး၊ အဆိုမတင်သေးသည့် ကိုယ်စားလှယ်အချို့ ရှိနေသေးသည်။

ထို့အပြင် မန္တလေးတိုင်းလွှတ်တော်တွင် မေးမြန်းသည့် မေးခွန်းအများစုမှာလည်း တည်ဆောက်၊ပြုပြင်စသည့် ဒေသဖွံ့ဖြိုးရေးအတွက် မေးမြန်းမူများသာ ဖြစ်ပြီး မူဝါဒရေးရာ မေးခွန်းများ၊ အစိုးရနှင့်တရားစီရင်ရေး အဖွဲ့များအပေါ် စောင့်ကြည့် ထိန်းကျောင်းသည့် မေးခွန်းများ မေးမြန်းနိုင်မူ အားနည်းနေသေးသည် ဟု ကနောင် အင်စတီကျူ့၏ အမူဆောင်ဒါရိုက်တာ ဦးသန်းမြတ်စိုးက Mandalay In-depth news သို့ သုံးသပ်ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဟူသည့် မဏ္ဍိုင်ကြီး သုံးရပ်မှ ပိုင်းခြားကျင့်သုံးပြီး ဥပဒေပြုရေး အာဏာကို  ကျင့်သုံးရာ၌ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေ အပ်နှင်းထားသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် (၇၆)ဦး ရှိပြီး ရွေးကောက်ခံ ကိုယ်စားလှယ် (၅၆)ဦး၊ ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်(၁)ဦးနှင့် တပ်မတော်သား (၁၉)ဦး ဖြစ်သည်။

ရွေးကောက်ခံကိုယ်စားလှယ်များအနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီမှ (၄၈)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ပြည်ခိုင်ဖြိုး)ပါတီမှ (၈)ဦးနှင့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ (၁)ဦး ပါဝင်သည်။ ၎င်းတို့အနက် NLD ပါတီမှ ကိုယ်စားလှယ် (၆)ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် တစ်ဦးတို့မှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ယူထားသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအနက် အသက်(၃၆)နှစ်မှ (၆၅)နှစ်အကြား ကိုယ်စားလှယ်အရေအတွက်မှာ (၆၄)ရာခိုင်နှုန်းအထိ ပါဝင်သည်။ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ငါးရာခိုင်နှုန်းပါဝင်ပြီး လွှတ်တော်ကိုယ်စားလှယ်များ အားလုံးမှာ ဘွဲ့ရနှင့် တက္ကသိုလ်အဆင့် တက်ရောက်ဖူးသူများ ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီသည် လစာချီးမြှင့်ငွေ ကျပ်ငါးသိန်းကို လစဉ် ရယူခံစားခွင့် ရှိကြသည်။

နှစ်ပေါင်းများစွာအတွင်း ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသည့် အထက်ပါ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူလူထု၏ မြင့်မားသော မျှော်လင့်ချက်များကို ထမ်းပိုးထားရသည်။

Photo – Bhone Nay

ပျော်ဘွယ်မြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး (ပြည်ခိုင်ဖြိုး) က ဥပဒေပြုမူ အားနည်းသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ အားထုတ်မူ လျှော့နည်းသည်ဟု မဆိုနိုင်သလို လွှတ်တော်တစ်ရပ်၏ စွမ်းဆောင်ရည်ကို ဥပဒေပြုသည့် အရေအတွက်ဖြင့် တိုင်းတာ၍ ရနိုင်မည် မဟုတ်ကြောင်း ပြောသည်။

သို့သော် သာမန်အမြင်အရ ဆိုလျှင် ဥပဒေပြုမူအပိုင်း အားနည်းသည့်အတွက် မန္တလေးတိုင်းဒေသကြီး လွှတ်တော်သည် အေးဆေးငြိမ်သက်နေသည်ဟုတော့ ထင်မြင်ဖွယ်ရှိကြောင်း ၎င်းက သုံးသပ်သည်။

“မန္တလေးတိုင်းဒေသကြီး လွှတ်တော်က (အေးဆေးငြိမ်သက်နေတယ်လို့) ပြောမယ်ဆိုရင်လည်း ပြောလို့ရပါတယ်”ဟု ဦးမြင့်စိုးက ဆိုခဲ့သည်။

သာစည်မြို့နယ်အမတ် ဦးစံထွန်း (ပြည်ခိုင်ဖြိုး)ကလည်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်အား အေးဆေးငြိမ်သက်သည်ဟု ထင်မြင်ယူဆသူရှိလျှင် ယင်း ကို လက်ခံသည် ဟု ပြောသည်။

  “ပြည်သူတွေကို နေ့စဉ်ဘဝ အပေါ် အကျိုးရှိမယ့် ဥပဒေတွေများများ ပြုပေးနိုင်မယ် ဆိုရင်တော့ ပြည်သူတွေအတွက် အကျိုးပိုရှိလေလို့ ဒီလိုပဲ ယူဆပါတယ်။ ဒါမှလည်း ပြည်သူတွေရဲ့ဘ၀ ပိုပြီးတော့ ဖွံ့ဖြိုးမယ်၊ တိုးတက်မယ်”

Photo – Bhone Nay

လွှတ်တော်ဆိုင်ရာ လေ့လာစောင့်ကြည့်သူ ဦးထင်ကျော်အေး (အာနန္ဒါ)က အောက်ပါအတိုင်း ဝေဖန် ထောက်ပြသည်။

“လွှတ်တော်တွေအနေနဲ့ ဥပဒေတွေ ပြဌာန်းမပေးနိုင်ဘူး ဆိုရင်တော့ လွှတ်တော်  တာဝန်ပြီးတယ် လို့ ပြောလို့ရမှာ မဟုတ်ဘူး။ လွှတ်တော်ရဲ့ ထိရောက်မှုက အားကောင်းတယ်လို့ ပြောလို့ရမှာ မဟုတ်ဘူး”

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်