Sky Walk မီးလောင်မှု ကျပ်သိန်း တစ်သောင်း ပျက်စီးဆုံးရှုံး

ဆိုင်ခန်း (၁၂၅)ခန်း မီးလောင်ပျက်စီးဟုဆို

ဒီဒါင်းမေ၊ မောင်မင်းမော်၊ ဇန်နဝါရီ -၁၉

မန္တလေးမြို့ ရတနာပုံဈေး Sky Walk မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဘိုး ကျပ်သိန်း(၁၀၀၁၀) ရှိကြောင်း တိုင်းမီးသတ်ဌာနမှ သတင်းရရှိသည်။

ရတနာပုံစူပါစင်တာ ပထမထပ် Sky Walk Shopping Mall တွင် ဈေးဆိုင်ခန်း (၁၅၅)ခန်းရှိပီး မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း (၁၂၅)ခန်း ထိခိုက်ပျက်စီးခဲ့ကာ ဆုံးရှုံးမှုတန်ဘိုး စုစုပေါင်း ကျပ်သိန်းတစ်သောင်းကျော် ရှိသည်ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးစီးမှုး  ဦးသန်းဇော်ဦးက Mandalay In-depth News က ပြောသည်။

Sky Walk ရှိ ဈေးဆိုင်ခန်း (၃၀)မှာမူ ထိခိုက်ပျက်စီးမှု မရှိဟု ၎င်းက ဆိုသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ နာမည်ကျော် အဝတ်အထည် အမှတ်တံဆိပ်တစ်ခု၏ ဆိုင်မန်နေဂျာ အမျိုးသမီးကို အမှုဖွင့်ထားသည်။

ရတနာပုံစူပါစင်တာ Sky Walk Shopping Mall တွင် ဖွင့်လှစ်ထားသည့် နာမည်ကျော် အဝတ်အထည် အမှတ်တံဆိပ် ဆိုင်မှစတင်ကာ မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောဆိုသဖြင့် အဆိုပါ ဆိုင်မန်နေဂျာ အမျိုးသမီးကို မန္တလေးမြို့ ချမ်းအေးသာစံမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၈၅ (မီးပေါ့ဆမှု) ဖြင့် အမှုဖွင့်ထားသည်ဟု ဆိုသည်။

သို့သော် အဆိုပါဈေးမီးလောင်မှုနှင့်ပတ်သက်၍ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဘိုး အသေးစိတ်ကို မန္တလေးမြို့တော်စည်ပင်၊ မီးသတ်ဌာနနှင့် ရဲတပ်ဖွဲ့တို့မှ ထုတ်ပြန်ခြင်း မရှိသေးပါ။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈လမ်းနှင့် ၃၄လမ်းထောင့်ရှိ ရတနာပုံဈေး Sky Walk တွင် ဇန်နဝါရီ(၁၇)ရက် ညနေ(၆)နာရီဝန်းကျင်မှစတင်ကာ ဇန်နဝါရီ(၁၈)ရက် နံနက်ပိုင်းအထိ အချိန်(၁၁)နာရီကျော်ကြာ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

Photo – MFSD

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ မီးလောင်ရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဘိုးကို စိစစ်နေဆဲဖြစ်ပြီး အမြန်ဆုံးထုတ်ပြန်မည်ဖြစ်ကြောင်း တိုင်းအစိုးရ၊ မန္တလေးမြို့တော်စည်ပင်နှင့် မီးသတ်ဌာန တာဝန်ရှိသူများက ပြောသည်။

ရတနာပုံဈေးသည် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပိုင် ဈေးတစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ်က ပထမအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် MGW ကုမ္မဏီမှ တာဝန်ယူကာ ရတနာပုံစူပါစင်တာနှင့် ဒိုင်းမွန်းပလာဇာတို့ကို ပြန်လည်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ရတနာပုံဈေး မီးလောင်မှုနှင့်ပတ်သက်၍ မီးလောင်မြင်စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့ ဥက္ကဌအဖြစ် မန္တလေးမြို့တော်စည်ပင် ဒု-ဥက္ကဌ မန္တလေး ဒု-မြို့တော်ဝန် ဦးရဲမွန်က တာဝန်ယူထားသည်။

“ဖြစ်စဉ်တွေကို သုံးသပ်ပြီး ဘယ်ကနေ စဖြစ်လဲ။ ဘာကြောင့်ဖြစ်လဲ။ ပြီးတော့ ဆောက်လုပ်ထားတဲ့ function တွေဖြစ် မဖြစ် ပြန်စစ်ပြီး လုပ်ရမှာ။ ဖြစ်တဲ့အကြောင်းအရင်းက မီးသတ်က ရှာပေးတာဆိုတော့ ဖြစ်စဉ်ကိုသုံးသပ်ပြီး ဘယ်သူ့ကို action ယူရမလဲဆိုတာ အစည်းအဝေးထိုင်ရမှာပေါ့။  အခုလုပ်နေတာက ဈေးသူဈေးသားတွေ သူတို့ပစ္စည်းလေးတွေ ပြန်ရဖို့ အဓိကစီစဉ်ပေးနေတယ်” ဟု ဦးရဲမွန်က Mandalay In-depth News အား ပြောသည်။

Photo – Nyi Thit

#Mandalay_Indepth_News

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်