ပုဂံနန်းမြင့်မျှော်စင်ပေါ် တက်သည့် ပြင်သစ်နိုင်ငံသားတစ်ဦး အမောဖောက် သေဆုံး

ဘုံကမ္ဘာထွန်း ၊ ဇန်နဝါရီ-၁၉

ပုဂံရှေးဟောင်းနယ်မြေ အတွင်းရှိ နန်းမြင့်မျှော်စင်ပေါ်သို့ တက်ရောက်သည့် အသက်(၇၁)နှစ်အရွယ် ပြင်သစ်နိုင်ငံသားတစ်ဦး အမောဖောက် သေဆုံးမှု ဇန်နဝါရီ(၁၈)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ပုဂံနေဝင်ချိန်ရှု့ခင်းကြည့်ရန် ဇန်နဝါရီ(၁၈)ရက် ညနေ(၆)နာရီကျော်က ညောင်းဦးမြို့နယ် မင်းနန်းသူကျေးရွာရှိ နန်းမြင့်မျှော်စင်ပေါ်သို့ တက်ရောက်သည့် ပြင်သစ်နိုင်ငံသားတစ်ဦးသည် နန်းမြင့်မျှော်စင် ဆယ်လွှာအရောက်တွင် အမောဖောက်သဖြင့် ဆေးရုံတင်ပို့စဉ် သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ပြင်သစ်နိုင်ငံသား သေဆုံးမှုနှင့်ပတ်သက်၍ ‌ပုဂံနယ်‌မြေရဲစခန်းတွင် သေမှုသေခင်းဖွင့်ကာ စစ်ဆေးလျက်ရှိပြီး ရုပ်အလောင်းကို ညောင်ဦးဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦး၏ အဆိုအရ နန်းမြင့်မျှော်စင်ပေါ် တက်ရန် ဓါတ်လှေကား မလောက်ငှသဖြင့် အပြင်လှေကားက တက်ရာမှ အသက်ကြီးသဖြင့် အမောဖောက်သွားခြင်း ဖြစ်နိုင်သည်ဟု ပြောသည်။

Photo – Naing Win Tun

ပုဂံဒေသ၏ နေဝင်ဆည်းဆာအလှကို ကြည့်ရှု့ရန် နန်းမြင့်မျှော်စင်သို့ လာရောက်သည့် ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည် အများအပြား ရှိပြီး အခင်းဖြစ်နေ့ကလည်း နန်းမြင့်မျှော်စင်ပေါ်သို့ တက်ရောက်သူ အများအပြားရှိကြောင်း၊ မျှော်စင်ပေါ်တက်ရန် ဓါတ်လှေကား (၂)စင်းရှိသော်လည်း ဧည့်သည်များအတွက် လူ(၇)ဦးဆံ့ ဓါတ်လှေကားတစ်စင်းသာ အသုံးပြုခွင့်ရရာ အချိန်မှီရန်အတွက် အပြင်ကြော်လိမ်လှေကားမှ တက်ရောက်ကြသည်ဟု အထက်ပါ အမျိုးသားက ပြောသည်။

“အမောဖောက်သွားတော့ သူနဲ့အတူ ပါလာတဲ့ အမျိုးသမီးက အကူအညီတောင်းတယ်။ နိုင်ငံခြားသားကြီးက မျက်နှာတွေပြာလာပြီး တော်တော် အသက်ရှုကြပ်နေတဲ့ပုံပဲ။ စကားပြန် မိန်းကလေးတစ်ယောက်နဲ့ တရုတ်တစ်ယောက်က ရှေးဦးသူနာပြုနည်းနဲ့ ကူညီတာတွေ့တယ်။ မျှော်စင်ပေါ်မှာတင် မိနစ်(၂၀)လောက် ကြာတယ်။ ပြီးတော့ အောက်ကိုချပြီး ဆေးရုံပို့တာ။ ဆေးရုံရောက်ဖို့ဆို အနည်းဆုံး တစ်နာရီလောက်တော့ကြာလိမ့်မယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပုဂံဒေသရှိ ဘုရားစေတီ၊ပုထိုးများ အားလုံးအပေါ်သို့ တက်ရောက်ခြင်းမပြုရန် ရှေးဟောင်းဌာနမှ သတိပေးထားမြစ်ထားပြီး နေဝင်ဆည်းဆာချိန် ကြည့်ရှု့ရန် တောင်ကုန်းများ ပြုလုပ်ပေးထားသည်။

Photo – Naing Win Tun

ပုဂံဒေသတွင် ပြီးခဲ့သည့် သုံးနှစ်အတွင်း ဘုရားများပေါ်မှ ပြုတ်ကျခဲ့သည့် နိုင်ငံခြားသားခရီးသွား ခြောက်ဦးရှိခဲ့ကာ အမေရိကန်နိုင်ငံသူ တစ်ဦးသေဆုံးပြီး ငါးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) မှတ်တမ်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ သြဂုတ်လအတွင်းကလည်း ပုဂံရှေးဟောင်းယဉ်ကျေးမူနယ်မြေ မင်းနန်သူကျေးရွာအနီး လေးမျက်နှာဘုရားဝင်းအတွင်းရှိ လေးမျက်နှာအုတ်ကျောင်းပေါ်၌ ကိုရီးယားနိုင်ငံသား တစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

#Mandalay_Indepth_News

#Bagan #NanMyintTower #France #Tourist #Sunset

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်